မြန်မာပြည်တွင်းစစ်ကြောင့် ခရစ်ယာန် ဆရာတော်ကြီး ၅ ပါး သာသနာနယ်များကို စွန့်ခွာခဲ့ရ
society||3 MIN READ

မြန်မာပြည်တွင်းစစ်ကြောင့် ခရစ်ယာန် ဆရာတော်ကြီး ၅ ပါး သာသနာနယ်များကို စွန့်ခွာခဲ့ရ

DVB
SourceDVB
Back to News

AI Summary

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစတင်ခဲ့သော ပြည်တွင်းစစ်ကြောင့် ကက်သလစ်သာသနာနယ် ၁၇ ခုအနက် ၅ ခုမှ ဆရာတော်ကြီးများသည် ၎င်းတို့၏သာသနာနယ်များကို စွန့်ခွာခဲ့ရကြောင်း ဖယ်ခုံသာသနာနယ် ဂိုဏ်းအုပ်ဆရာတော် ဖဲလစ်ဗထူးက ဗာတီကန်တွင် မိန့်ကြားခဲ့သည်။ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်မှုကြောင့် ဖယ်ခုံ၊ လွိုင်ကော်၊ ဗန်းမော်၊ မင်းတပ်နှင့် လားရှိုးသာသနာနယ်များမှ ဆရာတော်ကြီးများသည် ဘေးကင်းရာသို့ ပြောင်းရွှေ့သီတင်းသုံးနေကြရသည်။ ဘုရားကျောင်းများစွာ တိုက်ခိုက်ဖျက်ဆီးခံရပြီး ဝတ်ပြုသူများ စစ်ဘေးရှောင် ထွက်ပြေးကုန်ကြသဖြင့် ပိတ်ထားခဲ့ရကြောင်း ဆရာတော်က ထပ်လောင်းပြောကြားသည်။ ဆရာတော်ကြီးများသည် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံကာ မြန်မာပြည်တွင်းစစ် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ လက်ရှိတွင် ဖယ်ခုံသာသနာနယ်၌ ဘာသာပေါင်းစုံမှ စစ်ဘေးရှောင် ၄၀,၀၀၀ ကျော် ရောက်ရှိနေပြီး ရေရှည်စစ်ပွဲကြောင့် မြေယာနှင့် သောက်သုံးရေ ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရသည်။

ကရင်နီပြည်နယ်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ခရစ်ယာန်ဘုရားကျောင်းတကျောင်း။ (Photo: UKSY)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် တနိုင်ငံလုံးမှာရှိတဲ့ ခရစ်ယာန်ကက်သလစ် သာသနာနယ် ၁၇ ခုထဲက သာသနာနယ် ၅ ခုက ဆရာတော်ကြီးတွေဟာ သူတို့ရဲ့ သာသနာနယ်တွေကို စွန့်ခွာခဲ့ကြရတယ်လို့ ဖယ်ခုံသာသနာနယ်ရဲ့ ဂိုဏ်းအုပ်ဆရာတော် ဖဲလစ်ဗထူးက မိန့်ကြားလိုက်ပါတယ်။

ဇွန် ၅ ရက်က ဗာတီကန်ကို ရောက်ရှိနေတဲ့ ဆရာတော် ဖဲလစ်ဗထူးက ဗာတီကန် သာသနာပြုသတင်းဌာန Fides နဲ့ တွေ့ဆုံချိန်မှာ ခုလိုမိန့်ကြားလိုက်တာ ဖြစ်ပါတယ်။

ဖယ်ခုံ၊ လွိုင်ကော်၊ ဗန်းမော်၊ မင်းတပ်နဲ့ လားရှိုး သာသနာနယ်တွေက ခရစ်ယာန် ဆရာတော်ကြီးတွေဟာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်မှုတွေကြောင့် မိမိတို့ရဲ့ ဘုရားကျောင်းကြီးတွေကို စွန့်ခွာခဲ့ရပြီး ပိုမိုဘေးကင်းတဲ့ နယ်မြေတွေက ကက်သလစ်ဘုရားကျောင်းဝန်းတွေဆီ ပြောင်းရွှေ့ သီတင်းသုံးနေကြရတယ်လို့ ဆိုပါတယ်။

ဆရာတော် ဖဲလစ်ဗထူးက "ကျနော်တို့ ဆရာတော်တွေလည်း ဒီဆိုးရွားတဲ့ လက်တွေ့ မြေပြင်အခြေအနေကနေ ကင်းလွတ်ခွင့်မရခဲ့ပါဘူး။ ဘုရားကျောင်း အများအပြားဟာ တိုက်ခိုက်ဖျက်ဆီးခံရတာ၊ ပျက်စီးသွားတာတွေအပြင် ဝတ်ပြုဆုတောင်းသူ ပြည်သူတွေပါ စစ်ဘေးရှောင် ထွက်ပြေးကုန်ကြတဲ့အတွက် ပိတ်ထားခဲ့ရပါတယ်" လို့ မိန့်ပါတယ်။

၅ နှစ်တကြိမ် ပုပ်ရဟန်းမင်းကြီး အပါအဝင် ဗာတီကန်ဌာနချုပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မိမိတို့ သာသနာနယ်အခြေအနေတွေကို တရားဝင်အစီရင်ခံရတဲ့ ခရီးစဉ်အရ ရောမမြို့ကို ရောက်ရှိနေတဲ့ မြန်မာပြည်က ဆရာတော်ကြီးတွေဟာ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံကာ မြန်မာပြည်တွင်းစစ် အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ကြတာပါ။

ဆရာတော် ဖဲလစ်ဗထူးကတော့ သူ့ရဲ့ ဖယ်ခုံသာသနာနယ် (ရှမ်းပြည်နယ်တောင်ပိုင်း) က စစ်ရေးအရ အလွန်အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် စစ်တပ်နဲ့ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီနိုင်ဖို့ သာသနာပြုအဖွဲ့တွေက တောတောင်တွေ၊ ဒုက္ခသည်စခန်းတွေအထိ လိုက်လံ  အားပေးနှစ်သိမ့်နေရကြောင်လည်း  ပြောပါတယ်။

လက်ရှိမှာတော့ ဖယ်ခုံသာသနာနယ်အတွင်း ဘာသာပေါင်းစုံက စစ်ဘေးရှောင် ပြည်သူ ၄၀,၀၀၀ ကျော် အသစ်ထပ်မံ ရောက်ရှိလာပြီး ရေရှည်စစ်ပွဲကြောင့် မြေယာအရင်းအမြစ်တွေနဲ့ သောက်သုံးရေ ရှားပါးမှုဒဏ်ကို အလွန်အမင်း ရင်ဆိုင်နေရတယ်လို့လည်း ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။

Source: UCA

ဆက်စပ်သတင်းများ

AI Curated
မြန်မာပြည်တွင်းစစ်ကြောင့် ခရစ်ယာန် ဆရာတော်ကြီး ၅ ပါး သာသနာနယ်များကို စွန့်ခွာခဲ့ရ | YGN Daily