
AI Summary
စစ်အုပ်စုလက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ရခိုင်ပြည်၊ မာန်အောင်မြို့ရှိ စမုံတဲလေယာဉ်ကွင်းတိုးချဲ့ရေးကို ဘတ်ဂျက်ချပေးမှသာ ဆောင်ရွက်ပေးမည်ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။ မာန်အောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက မာန်အောင်ကျွန်းသည် ပြည်မနှင့် ဆက်သွယ်ရန် အလွန်ခက်ခဲပြီး လေကြောင်းခရီးကိုသာ အားထားရသဖြင့် လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် လေယာဉ်ကွင်းတိုးချဲ့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လေကြောင်းခရီးစဉ်များ ရပ်နားခဲ့ရာမှ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့မှစ၍ ခရီးသည် ၂၀ ခန့်သာ တင်ဆောင်နိုင်သည့် L-410 လေယာဉ်ငယ်များဖြင့် တစ်ပတ်လျှင် သုံးရက် ပြန်လည်ပြေးဆွဲပေးနေသည်။ သို့သော် ယင်းလေယာဉ်ငယ်များသည် မိုးရာသီတွင် အတက်/အဆင်းမပြုလုပ်နိုင်ခြင်းနှင့် လက်မှတ်ခနှုန်းထား မြင့်မားခြင်းတို့ကြောင့် ဒေသခံခရီးသွား ၆၉,၉၉၆ ဦးတို့ အခက်အခဲကြုံတွေ့နေရသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ATR 72-600 အမျိုးအစား လေယာဉ်များ ဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဆိုသည်။ ဤကိစ္စနှင့်ပတ်သက်၍ ရခိုင်လူငယ်တစ်ဦးက စစ်ကောင်စီသည် ရခိုင်လူမျိုးများကို တန်ဖိုးမထားကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့ရှိ စမုံတဲလေယာဉ်ကွင်းတိုးချဲ့ပေးနိုင်ရေးအတွက် ဘတ်ဂျက်ချပေးမှသာ တိုးချဲ့ဆောင်ရွက်ပေးမည်ဟု စစ်အုပ်စုလက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောသည်။ ယမန်နေ့ ဇွန်လ ၅ ရက်တွင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မာန်အောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၏ မာန်အောင်မြို့ရှိ စမုံတဲလေယာဉ်ကွင်းအား တိုးချဲ့ပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဦးထွန်းလူက ဖြေကြားသွားခြင်းဖြစ်သည်။ ဦးထွန်းလူက ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မာန်အောင်လေယာဉ်ပြေးလမ်းတွင် ATR 72-600 အမျိုးအစား လေယာဉ်များ ဆင်း၊ တက် အသုံးပြုနိုင်ရေးအတွက် လက်ရှိလေယာဉ်ပြေးလမ်း ၄၅၀၀ x ၁၀၀ ပေအား ဆောင်ရွက်ရမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် တောင်ဘက်သို့ ၁၅၀၀ x ၁၀၀ ပေ လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မာန်အောင်လေယာဉ်ကွင်းတွင် လေကြောင်းခရီးစဉ်များကို ရပ်နားခဲ့ရသည်။

ယင်းသို့ရပ်နားပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်မှစတင်ကာ စစ်အုပ်စုက L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်-မာန်အောင်- ကျောက်ဖြူ-စစ်တွေ-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်လျှင် သုံးရက် ပြန်လည်ပြေးဆွဲပေးခဲ့သည်။
ထို L-410 လေယာဉ်ငယ်များတွင် ခရီးသည် ၂၀ ခန့်သာ လိုက်ပါနိုင်သည့်အတွက် ခရီးသည်များ လေကြောင်းခရီးဖြင့်သွားလာရေး အခက်တွေ့နေရခြင်းဖြစ်သည်။
လက်ရှိ လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ်ခြောက်သိန်းကျော်ရှိသည်ဟုလည်း သိရသည်။
မေးခွန်းမေးမြန်းတောင်းဆိုသည့် မာန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက “မာန်အောင်ကျွန်းဟာဆိုလို့ရှိရင် သီးခြား ကျွန်းလွတ်တစ်ခုဖြစ်တဲ့အတွက် ပြည်မနဲ့ တခြားမြို့နယ်များသို့ ဆက်သွယ်သွားလာရန် အလွန်ခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ မာန်အောင်ကျွန်းမှ တခြားမြို့နယ်များသို့သွားလာရန်အတွက် ကားမရှိ၊ သင်္ဘောမရှိဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးအတွက် စမုံတဲလေယာဉ်ကွင်းကို တိုးချဲ့ပေးပြီး လေယာဉ်ကြီးများပြေးဆွဲပေးဖို့ မေးမြန်းတောင်းဆိုရခြင်းဖြစ်ပါတယ်။”ဟု ပြောသည်။
မာန်အောင်မြို့ရှိ စမုံတဲလေယာဉ်ကွင်း၏ ဧရိယာစုစုပေါင်းမှာ ၉၅ ဒသမ ၆၃ ဧကရှိပြီး ပြေးလမ်း၏ အရှည်မှာ ပေ ၄၅,ဝဝဝ ရှိသည်ဟု ဦးကျော်သန်းက ဆိုသည်။
ATR ကဲ့သို့ လေယာဉ်ကြီးများ အတက်/အဆင်းပြုလုပ်နိုင်ရန်အတွက် ဆက်လက်တိုးချဲ့ရမည့်ဧရိယာမှာ ပေ ၂,၅ဝဝ သာလိုတော့သည်ဟုလည်း ဦးကျော်သန်းက ပြောသည်။
လက်ရှိပြေးဆွဲပေးနေသည့် L-410 လေယာဉ်ငယ်များသည် မိုးရာသီအတွင်း အတက်/အဆင်းမပြုလုပ်နိုင်ဘဲ ATR ကဲ့သို့ လေယာဉ်ကြီးများကသာ ရာသီမရွေး အတက်/အဆင်းပြုလုပ်နိုင်သည့်အတွက် လေယာဉ်ကွင်းကို တိုးချဲ့ပေးရန် လိုအပ်လျက်ရှိသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်လူငယ် ကိုနေဇော်က “ကျနော်တို့ရခိုင်ပြည်ကထွက်တဲ့သယံဇာတမြောက်များစွာကို နှစ်ပေါင်းများစွာစားသောက်နေပြီးမှ ရခိုင်ပြည်မှာ မာန်အောင်မြို့မှာ လက်ဝါးသာသာလောက်သာရှိတဲ့ လေယာဉ်ကွင်းတစ်ကွင်းတည်ဆောက်မဲ့ဟာကို ဘတ်ဂျက်ငွေဟာ နောက်နှစ်စီမံကိန်းလို့ပြောတယ်ဆိုကတည်းကနေ ဒီစစ်ကောင်စီရဲ့လူ့အသိုင်းအဝိုင်းဟာ ကျနော်တို့ရခိုင်လူမျိုးတွေကို တစ်ခုမှကို တန်ဖိုးမထားဘူးဆိုတာ အဖြေပေါ်နေပြီလေ။ သူတို့ကတော့ အစိုးရတော့ အစိုးရပီပီ အလုပ်ကိုလုပ်မှာပဲ။ ကျနော်တို့ရခိုင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီ စစ်တပ်ရဲ့ကျောထောက်နောက်ခံပြုထားတဲ့နေရာတွေမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ ကျနော်တို့ရခိုင်အမတ်တွေဟာ နားလည်သင့်တယ်”ဟု နိရဉ္စရာကို ပြောသည်။
လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် မာန်အောင်ကျွန်းတွင် မြို့ပေါ်ရပ်ကွက် ငါးခု၊ ကျေးရွာပေါင်း ၁၆၃ ရွာ၊ ကျေးရွာအုပ်စု ၃၆ ခုနှင့် လူဦးရေ ၆၉,၉၉၆ ဦးနေထိုင်လျက်ရှိသည်ဟု သိရသည်။
မာန်အောင်ကျွန်းမှ ဒေသခံများသည် ပြည်မနှင့် အခြားမြို့နယ်များသို့ဆက်သွယ်သွားလာရန် လေကြောင်းတစ်ခုကိုသာ အားထားနေရသည်ဟု သိရသည်။
ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၆/၂ဝ၂၆