
မြန်မာ့ရွှေတူးလုပ်ငန်းမှ ရေထုညစ်ညမ်းမှုကို ဖြေရှင်းပေးရန် ထိုင်းသံဃာနှင့်လူထု ဆက်လက် လမ်းလျှောက် ဆန္ဒပြ (ဓာတ်ပုံ)
AI Summary
မြန်မာနိုင်ငံဘက်မှ ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် မြစ်ချောင်းများအတွင်း အဆိပ်အတောက်များ စီးဝင်လာသည့် ပြဿနာကို ထိုင်းအစိုးရက ဖြေရှင်းပေးရန် တောင်းဆိုသည့် "မြစ်များအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း" ခရီးစဉ်သည် ဇွန် ၃ ရက်တွင် စတုတ္ထမြောက်နေ့သို့ ရောက်ရှိခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများ၊ ရဟန်းသံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားများ ပါဝင်သော ဤလမ်းလျှောက်ပွဲသည် မြန်မာနိုင်ငံတွင်းမှ စည်းကမ်းမဲ့ စွန့်ထုတ်သည့် အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် မြစ်ရေညစ်ညမ်းမှုကို အဓိကထား တောင်းဆိုခြင်းဖြစ်သည်။ ဤရေညစ်ညမ်းမှုကြောင့် ကော့မြစ်၊ မဲခေါင်မြစ်နှင့် သံလွင်မြစ်ဝှမ်းဒေသရှိ လူမှုအသိုက်အဝန်းများနှင့် မြစ်ကမ်းဘေးနေထိုင်သူ ထိုင်းဒေသခံများသည် သောက်သုံးရေနှင့် စိုက်ပျိုးရေးအတွက် ရေကို မယုံကြည်ရဲတော့ဘဲ ဒေသတွင်း စီးပွားရေး၊ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်းများ ဆိုးရွားစွာ ထိခိုက်နေရသည်။ ထို့အပြင် ညစ်ညမ်းမှု၏ ဆိုးကျိုးများသည် မျိုးဆက်ပေါင်းများစွာအထိ ခံစားရနိုင်ကြောင်း သာတွန်ကျောင်းတိုက်ဆရာတော် မဟာနိခွန်က မိန့်ကြားခဲ့သည်။ စတုတ္ထမြောက်နေ့တွင် လူထုဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ဤငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို ဇွန် ၅ ရက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘက်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြစ်ချောင်းတွေအတွင်း အဆိပ်အတောက် ဖြစ်စေတဲ့ အညစ်အကြေးတွေ စီးဝင်လာတဲ့ ပြဿနာကို ထိုင်းအစိုးရအနေနဲ့ အလေးအနက်ထား ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ “မြစ်များအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း” ခရီးစဉ်ဟာ ဇွန် ၃ ရက်မှာတော့ စတုတ္ထမြောက်နေ့ရက်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေနဲ့ ဒေသခံတိုင်းရင်းသား လူနည်းစုတွေအပါအဝင် ရာနဲ့ချီတဲ့ လမ်းလျှောက် ချီတက်လာသူတွေဟာ ချင်းရိုင်ခရိုင်အတွင်းကို တစတစ တိုးပြီး ဝင်ရောက်လာခဲ့ကြပါတယ်။
ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲမှာ ပါဝင်နေတဲ့ သာတွန်ကျောင်းတိုက်ဆရာတော် မဟာနိခွန်က “ကော့မြစ်၊ စိုင်မြစ်၊ ရောက်မြစ်၊ မဲခေါင်နဲ့ သံလွင်မြစ်တွေဟာ လူမှုအသိုက်အဝန်းနဲ့ ယဉ်ကျေးမှု အစဉ်အလာတွေရဲ့ အသက်သွေးကြောတွေ ဖြစ်ပါတယ်။ မြစ်တွေဟာ သက်ရှိတွေကို ပြုစုပျိုးထောင်ပေးတဲ့ မိခင်တွေနဲ့ တူပါတယ်။ တခါ ညစ်ညမ်းသွားတာနဲ့ အဲဒီထိခိုက် ပျက်စီးဆုံးရှုံးမှုက မျိုးဆက်ပေါင်းများစွာအထိ ကြာရှည်ခံစားရနိုင်ပါတယ်” လို့ မိန့်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက ရွှေတူးဖော်ရေးလုပ်ငန်းတွေကနေ စည်းကမ်းမဲ့ စွန့်ထုတ်လိုက်တဲ့ အဆိပ်သင့် ဓာတ်ပစ္စည်းတွေကြောင့် မြစ်ရေတွေ ညစ်ညမ်းသွားရပြီး ထိုင်းအစိုးရကလည်း ထိရောက်တဲ့ ဖြေရှင်းပေးမှုတွေ မလုပ်ဆောင်ပေးဘူးလို့ ထိခိုက်ခံစားနေရတဲ့ ထိုင်းဒေသခံတွေက ဆိုပါတယ်။
ပွင့်လင်းရာသီ (နွေရာသီ) ကာလတွေမှာ မြစ်ကမ်းဘေးနေထိုင်ကြတဲ့ ဒေသခံတွေဟာ ကော့မြစ် (နမ့်ခုတ်မြစ်) က ရေကို သောက်သုံးဖို့ (ဒါမှမဟုတ်) စိုက်ပျိုးရေးအတွက် လုံးဝ မယုံကြည်ရဲတော့သလို ဒီအခြေအနေတွေဟာ ဒေသတွင်း စီးပွားရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ဆိုးရွားစွာ ထိခိုက်ပျက်စီးလာနေပြီလို့လည်း ထိုင်းဒေသခံတွေက ဆိုပါတယ်။
ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ စတုတ္ထမြောက်နေ့အစီအစဉ်ထဲက တခုဖြစ်တဲ့ လူထုဆွေးနွေးပွဲ တခုကိုလည်း ညနေပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
ပါဝင်ဆွေးနွေးကြသူတွေဟာ မဲခေါင်-သံလွင် မြစ်ဝှမ်းဒေသက တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူမှုအသိုက်အဝန်းတွေဟာ မြစ်ရေညစ်ညမ်းမှုဒဏ်ကို ခံစားနေကြရတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
သာတွန်ကျောင်းတိုက်ဆရာတော် မဟာနိခွန်က “အဓိက ဦးစားပေးလုပ်ရမှာကတော့ မြစ်အထက်ပိုင်းက တာဝန်မဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဖြစ်လာတဲ့ ညစ်ညမ်းမှုရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို စနစ်တကျ ထိန်းချုပ်ကွပ်ကဲရပါမယ်။ တကယ်လို့ ညစ်ညမ်းမှုကို မကာကွယ်နိုင်ဘူး ဆိုရင်တော့ ထိရောက်တဲ့ အကာအကွယ် အစီအမံတွေ မချမှတ်နိုင်မချင်း အဲဒီလုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားသင့်ပါတယ်” လို့လည်း မိန့်ကြားခဲ့ပါတယ်။
ဒီငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကိုတော့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်တဲ့ ဇွန် ၅ ရက်အထိ ဆက်လက်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။