ထိုင်းတွင် အိမ်ထောင်စု ပျမ်းမျှဝင်ငွေ ကျဆင်း
general||5 MIN READ

ထိုင်းတွင် အိမ်ထောင်စု ပျမ်းမျှဝင်ငွေ ကျဆင်း

Back to News

AI Summary

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၌ အိမ်ထောင်စုများ၏ ပျမ်းမျှဝင်ငွေမှာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ စီးပွားရေး ပြန်လည်ဦးမော့မှု နှေးကွေးခြင်းနှင့် လုပ်အားခဝင်ငွေ လျော့နည်းလာခြင်းတို့ကြောင့် အိမ်ထောင်စုများ အထူးသဖြင့် ဝင်ငွေနည်းပါးသူများမှာ အစိုးရနှင့် အခြားအဖွဲ့အစည်းများ၏ ငွေကြေးထောက်ပံ့မှုအပေါ် ပိုမိုမှီခိုလာရသည်။ ဤအခြေအနေကြောင့် ဝင်ငွေနည်းအိမ်ထောင်စုများ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုး တိုးမြင့်လာပြီး အသုံးစရိတ် ကာမိရန် ခက်ခဲသည့် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ အိမ်ထောင်စုများ၏ ငွေကြေးဆိုင်ရာ ထိခိုက်လွယ်မှု မြင့်တက်လာခြင်းသည် ရေရှည်တွင် ပြည်တွင်းစားသုံးမှုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း သုတေသနများက သတိပေးထားသည်။ လက်ရှိတွင် အစိုးရ၏ အရေးပေါ်ချေးငွေ အစီအစဉ်များဖြင့် ဖိအားများကို သက်သာစေရန် ကြိုးပမ်းနေသော်လည်း ရေရှည်အတွက် လုပ်သားကျွမ်းကျင်မှု မြှင့်တင်ရေးနှင့် ဝင်ငွေတိုးတက်ရေး လုပ်ငန်းစဉ်များ လိုအပ်နေသည်။

ထင်ရှားသော ပြောကြားချက်များ

"၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်၌ ငွေကြေးထောက်ပံ့မှုများမှ ရရှိသော အိမ်ထောင်စုဝင်ငွေက ၁၉ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ တချိန်တည်းမှာပင် တလလျှင် ဝင်ငွေ ဘတ် ၁၅,၀၀၀ ထက်မပိုသော ဝင်ငွေနည်းအိမ်ထောင်စုများ၏ ၆၀ ရာခိုင်နှုန်းက ထို ငွေကြေးထောက်ပံ့မှုများအပေါ် မှီခိုနေရကြောင်း"

ဓာတ်ပုံ – အိမ်ထောင်စုဝင်‌ငွေ ကျဆင်းခြင်းသည် ရေရှည်တွင် ပြည်တွင်းစားသုံးမှုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်။

Bangkok Post

ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် အိမ်ထောင်စုများ၏ ပျမ်းမျှဝင်ငွေ ကျဆင်းသွားခဲ့ပြီး ဝင်ငွေနည်းပါးသော အိမ်ထောင်စုများက ငွေကြေးထောက်ပံ့ကူညီမှုများအပေါ် ပိုမို မှီခိုလာရကြောင်း သုတေသနအဖွဲ့အစည်း အများအပြား၏ အဆိုအရ သိရသည်။

Siam Commercial Bank လက်အောက်ရှိ EIC သုတေသနစင်တာ၏ နောက်ဆုံး သုတေသနအရ ၂၀၂၅ ခုနှစ်တွင် အိမ်ထောင်စုများ၏ ပျမ်းမျှဝင်ငွေမှာ တလလျှင် ၂၈,၃၀၈ ဘတ် ရှိပြီး၊ ယင်းသည် ၂၀၂၃ ခုနှစ်က နောက်ဆုံး ကောက်ယူခဲ့သော စာရင်းဇယားဖြစ်သည့် ၂၉,၀၃၀ ဘတ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။

ထိုသို့ ကျဆင်းမှုမှာ ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး အဓိကအားဖြင့် လုပ်အားခဝင်ငွေ ၄ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း စီးပွားရေး ပြန်လည်ဦးမော့မှု နှေးကွေးခြင်းနှင့်အတူ အလုပ်သမားဈေးကွက် ထိခိုက်လွယ်မှုနှင့် အိမ်ထောင်စု ဝင်ငွေများက ဝင်ငွေမြင့်မားသူများထံ၌သာ စုပြုံနေခြင်းတို့ကို ထင်ဟပ်နေသည်။

EIC ၏ ဆန်းစစ်ချက်သည် အမျိုးသားစာရင်းအင်းရုံး (NSO) မှ တနိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၅၇,၆၀၀ ကို လွှမ်းခြုံကောက်ယူခဲ့သည့် ၂၀၂၅ ခုနှစ် အိမ်ထောင်စု လူမှု-စီးပွားရေးဆိုင်ရာ စစ်တမ်းအပေါ် အခြေခံထားခြင်း ဖြစ်သည်။

ထို့အပြင် အဓိကအားဖြင့် ဝင်ငွေနည်းပါးသော အုပ်စုများထဲမှ ထိုင်းအိမ်ထောင်စုများသည် ငွေကြေးထောက်ပံ့မှုအပေါ် ပိုမို၍ ကြီးကြီးမားမား မှီခိုလာကြရကြောင်း အဆိုပါ လေ့လာမှုတွင် တွေ့ရှိရသည်။

ငွေကြေးထောက်ပံ့မှုများဆိုသည်မှာ သက်ကြီးရွယ်အိုနှင့် မသန်စွမ်း ထောက်ပံ့ကြေးများအပြင် အစိုးရနှင့် အဖွဲ့အစည်းအသီးသီးမှ ပေးအပ်သော အခြား အကူအညီပုံစံများ ပါဝင်သည်။ ထို့အပြင် အိမ်ထောင်စုပြင်ပရှိ အခြား လူပုဂ္ဂိုလ်များထံမှ ရရှိသော ငွေကြေးထောက်ပံ့မှုများလည်း အကျုံးဝင်သည်။

“၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်၌ ငွေကြေးထောက်ပံ့မှုများမှ ရရှိသော အိမ်ထောင်စုဝင်ငွေက ၁၉ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ တချိန်တည်းမှာပင် တလလျှင် ဝင်ငွေ ဘတ် ၁၅,၀၀၀ ထက်မပိုသော ဝင်ငွေနည်းအိမ်ထောင်စုများ၏ ၆၀ ရာခိုင်နှုန်းက ထို ငွေကြေးထောက်ပံ့မှုများအပေါ် မှီခိုနေရကြောင်း” EIC က အစီရင်ခံသည်။

တချိန်တည်းမှာပင် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်တွင် ဝင်ငွေနည်းအိမ်ထောင်စုများ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးက ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးများလာခဲ့သည်။ ကြွေးမြီရှိသော အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ၎င်းတို့အတွက် အသုံးစရိတ် ကာမိအောင် ဝင်ငွေမလုံလောက်ကြောင်း ပြောကြပြီး သုံးပုံနှစ်ပုံကျော်မှာမူ ဝင်ငွေပြတ်လတ်မှုဒဏ် ကြုံတွေ့နေသည်။

အခြားတဖက်တွင်လည်း တလလျှင် ဝင်ငွေ ဘတ် ၅၀,၀၀၀ အောက်ရှိသော ဝင်ငွေအလတ်တန်းစား အိမ်ထောင်စုများက အခြေခံ လူနေမှုစရိတ်များနှင့် ကြွေးမြီပေးဆပ်ရမှု နှစ်ရပ်လုံးကြောင့် ငွေကြေးဆိုင်ရာ ဖိအားများနှင့် ပိုမို ရင်ဆိုင်လာရသည်။

ထို့ကြောင့် ငွေကြေးဖောင်းပွမှု ပိုမို မြန်ဆန်လာလိမ့်မည်ဟု ခန့်မှန်းရသည့် ၂၀၂၆ ခုနှစ်တွင် ထို အုပ်စုအနေဖြင့် ငွေကြေးလည်ပတ်မှု ပိုမို ကျပ်တည်းလာနိုင်ပြီး မြင့်တက်လာသော လူနေမှုစရိတ်များကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း လျော့ကျသွားဖွယ်ရှိနေသည်။

အိမ်ထောင်စုများ၏ ထိခိုက်လွယ်မှု မြင့်တက်လာခြင်းသည် ရေရှည်တွင် ပြည်တွင်းစားသုံးမှုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း EIC က ဆိုသည်။ ရေတိုအတွက်မူ အစိုးရ၏ ဘတ် ဘီလီယံ ၄၀၀ တန် အရေးပေါ်ချေးငွေဆိုင်ရာ အမိန့်ဒီကရီက အိမ်ထောင်စုများ၏ အသုံးစရိတ်နှင့်ဆိုင်သော ဖိအားများကို သက်သာလျော့ပါးစေလိမ့်မည်ဟု မျှော်လင့်ရသည်။

သို့သော် ရေရှည်အတွက် အစိုးရအနေဖြင့် အိမ်ထောင်စုဝင်ငွေများ တိုးတက်ကောင်းမွန်လာစေရန်၊ လုပ်သားကျွမ်းကျင်မှု ကဏ္ဍကို မြှင့်တင်ရန်နှင့် အိမ်ထောင်စုများ၏ ငွေကြေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းစေရန် အလေးထား ဆောင်ရွက်သင့်ကြောင်း အဆိုပါ သုတေသနအဖွဲ့အစည်းက အကြံပြုထားသည်။

Bangkok Post မှ Average Thai household income declined in 2025 ကို မိုးသဲ ဘာသာပြန်သည်။

ဆက်စပ်သတင်းများ

AI Curated