တိုက်ပွဲပြင်းထန်နေသဖြင့် ရေကြည်အမြောက်တပ်က မိသားစုများကို အရေးပေါ်ပြောင်းရွှေ့
politics||2 MIN READ

တိုက်ပွဲပြင်းထန်နေသဖြင့် ရေကြည်အမြောက်တပ်က မိသားစုများကို အရေးပေါ်ပြောင်းရွှေ့

DVB
SourceDVB

AI Summary

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အမြောက်တပ် (အမတ ၃၄၄) အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် တပ်မိသားစုဝင်များကို ဇွန် ၇ ရက်မှစတင်၍ ပုသိမ်နှင့် အင်္ဂပူဘက်သို့ စစ်သုံးကားများဖြင့် အရေးပေါ်ပြောင်းရွှေ့နေကြောင်း သိရသည်။ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အမြောက်တပ်နှင့် ၁ မိုင်နီးပါးအကွာအထိ ထိုးစစ်ဆင်လာခြင်းကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်းဖြစ်သည်။ တိုက်ပွဲများမှာ ၁၉/၂၂ မိုင်တိုင်အနီးဝန်းကျင်တွင် ဖြစ်ပွားနေပြီး စစ်သားအလောင်းများကို ကားများဖြင့် သယ်ယူနေသည်ကို ဒေသခံများက တွေ့ရှိရသည်။ စစ်တပ်ဘက်မှ အင်အားဖြည့်တင်းနေပြီး အမြောက်တပ်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် တောတောင်များဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့လည်း ရှိနေသည်။

ပုသိမ်နှင့်ရေကြည်ကို မောင်းနေသည့်စစ်ကားများ။ (Photo: KKL)

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အမြောက်တပ်အနီးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် အမြောက်တပ်ထဲက တပ်မိသားစုတွေကို ပုသိမ်နဲ့ အင်္ဂပူဘက် အရေးပေါ်ပြောင်းရွှေ့နေတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန် ၇ ရက်က စတင်ပြီး ရေကြည်မြို့နယ်က စစ်အာဏာရှင်ရဲ့ အမြောက်တပ် (အမတ) ၃၄၄ ထဲက တပ်မိသားစုဝင်တွေကို ပုသိမ်အခြေစိုက်တပ်ရင်းတွေနဲ့ အင်္ဂပူမြို့နယ် (ကွင်းကောက်) လေ့ကျင့်ရေး တပ် (တတက) ၅ ကို စစ်သုံးကားတွေနဲ့ အရေးပေါ်ပြောင်းရွှေ့နေတာလို့ သိရပါတယ်။

အမတ ၃၄၄ နဲ့ နီးစပ်သူက “အမြောက်တပ်အနီး တိုက်ပွဲအတော်ပြင်းထန်နေတယ်။ စစ်တပ်ဘက်က အင်အားတွေဖြည့်နေတယ်။ အခြေအနေမကောင်းတဲ့ပုံရလို့ တပ်မိသားစုတွေကို ရွှေ့နေတာ။ တပ်မိ သားစုအများအပြားကို ရွှေ့နေတာ” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ထိုးစစ်ဆင်လာတာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က အမြောက်တပ် အမတ ၃၄၄ နဲ့ ၁ မိုင်နီးပါး အကွာအထိ ရောက်လာတာကြောင့် အခုလို တပ်မိသားစုတွေကို အရေးပေါ်ရွှေ့ပြောင်းနေတာလို့ သိရပါတယ်။

ရေကြည်ဒေသခံတယောက်က “တိုက်ပွဲအတော်ပြင်းထန်နေပုံရတယ်။ စစ်ကားတွေ ရှုပ်ယှက် ခက်နေတယ်။ အမြောက်တပ်အနီးက တောင်စမ်း၊ ကျောက်ချောင်း၊ ကွင်းချောင်း၊ ဖန်ခါးပြင်ရွာတွေ ဘက်မှာ စစ်သားတွေ နေရယူထားတာတွေ့ရတယ်” လို့ ပြောပါတယ်။

လတ်တလောအနေနဲ့ ရေကြည်အမြောက်တပ် ၃၄၄ နဲ့ ၁မိုင်ခန့်အကွာ ၁၉/၂၂ မိုင်တိုင် အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်သားအလောင်းတွေကို ကားတွေနဲ့ သယ်ယူနေတာ တွေ့ရ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တပ်က အမြောက်တပ် ၃၄၄ ပတ်ဝန်းကျင်က လူနေကျေးရွာတွေဘက်နဲ့ တောတောင်တွေဘက်ပါ လက်နက်ကြီးတွေ ပစ်ခတ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated