ခရီးသွားပြပွဲမှ နိုင်ငံခြားသားခရီးသည် ပိုဝင်လာရန် လုပ်ငန်းရှင်များ မျှော်လင့်

ခရီးသွားပြပွဲမှ နိုင်ငံခြားသားခရီးသည် ပိုဝင်လာရန် လုပ်ငန်းရှင်များ မျှော်လင့်

DVB
SourceDVB

AI Summary

ခရီးသွားလုပ်ငန်းရှင်များ ၂၀၂၆ နိုင်ငံတကာခရီးသွားပြပွဲမှ နိုင်ငံခြားသားခရီးသည် ပိုမိုဝင်ရောက်ရန် မျှော်လင့်သည်။ ပြပွဲကို ဇွန် ၁၃-၁၄ ရက် ရန်ကုန်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်းစုံမှ ကုမ္ပဏီများ ပါဝင်မည်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းနေဆဲဖြစ်ပြီး၊ ခရီးသွားလာမှု သတိပေးချက်များလည်း ရှိသည်။

Photo : DVB

စစ်အာဏာရှင်လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ပြုလုပ်မဲ့ ၂၀၂၆ နိုင်ငံတကာခရီးသွားပြပွဲကနေ ပြည်တွင်းကို နိုင်ငံခြားသားခရီးသည်တွေ ပိုဝင်လာဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

၂၀၂၆ နိုင်ငံတကာခရီးသွားပြပွဲကို  ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ အီဂျစ်၊ ရိုမေးနီးယား၊ စင်ကာပူအပါအဝင် မလေးရှား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘူတန်နဲ့ ဖိလစ်ပိုင်တို့က  နိုင်ငံတကာ ခရီးသွားကုမ္ပဏီတွေ ပါဝင်မယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်တာ၊ နယ်မြေ လုံခြုံရေးနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ကာလအပြီး အခုအချိန်အထိ အပြည့်အဝ ပြန်မလည်ပတ်နိုင်သေးဘဲ နိုင်ငံတကာခရီးသည် ဝင်ရောက်မှုလည်း သိသိသာသာ လျော့နည်းနေဆဲ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရှင်တွေကတော့ ဒီပြပွဲကနေ  ကမ္ဘာလှည့်ခရီးသည်တွေ ပိုဝင်လာဖို့ မျှော်လင့် နေကြပါတယ်။

ခရီးသွားလုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူတယောက်က “လာမဲ့ ခရီးသွားရာသီအတွက် ကတော့ ကျနော်တို့ လက်ရှိမှာလည်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ထားတယ်ပေါ့။ လာမဲ့ ရာသီမှာ ပိုပြီးတော့ လာကြလိမ့်မယ်လို့ ယုံကြည်တယ်။ တချို့ အနောက်နိုင်ငံတွေအနေနဲ့ အများကြီး ဝင်ရောက်နိုင်ခြေတော့ ချက်ချင်းကြီး သိပ်မရှိသေးဘူး။ ဒါပေမဲ့လည်း ခရီးသွားက စပြီး လည်ပတ် နေမယ်ဆိုတဲ့ ပုံစံမျိုးတော့ ဖြစ်နေပါတယ်။ ရပ်တန့်နေတာနဲ့ နှိုင်းယှဉ်ရင်တော့ ပြန်ပြီး လည်ပတ် မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ လာမဲ့ ၇ လပိုင်း၊ ၈ လပိုင်းလောက်မှာ စပိန်တို့၊ အီတလီတို့ အဲ့နိုင်ငံတွေရဲ့ ခရီးသွားရာသီဖြစ်တော့ အဲ့နိုင်ငံတွေကနေ တကိုယ်ရည် လွတ်လွတ် လပ်လပ် လာကြတဲ့ FIT လို့ ခေါ်တဲ့ Freedom Individual Traveler တွေချည်းပါပဲ။ အဲ့ခရီးသည် တွေ လာဖို့တော့ ရှိပါတယ်။ ပုံမှန်တော့ အဲ့ဒါ ဝင်လောက်တယ်။ အဲ့လောက်ပဲ မျှော်လင့်လို့ရပါတယ်။ ကျန်တာတော့ ခရီးသွား အရမ်းနည်းနေသေးတဲ့ အခြေအနေ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်ဟာ ခရီးသွားနည်းတဲ့ ရာသီဖြစ်ပြီး အနောက်တိုင်းခရီးသည်တွေ ဝင်ရောက်မှု အလွန် နည်းနေသလို အရှေ့အာရှနိုင်ငံတွေက ခရီးသည် ဝင်ရောက်မှုလည်း နည်းပါးနေသေးတယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်းဟာ ၂၀၂၀ ကိုဗစ်ကာလ မတိုင်ခင်က အခြေအနေကို မမီသေးပေမဲ့ တဖြည်းဖြည်း ပြန်လည်ပတ်လာနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားခရီးသည်တွေထဲမှာ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ အများဆုံး ဖြစ်ပြီး တရုတ်ခရီးသည်တွေက ရန်ကုန်နဲ့ မန္တလေးဒေသတွေကို အဓိက သွားကြသလို ထိုင်းခရီးသည် တွေကတော့ ရန်ကုန်၊ ပဲခူးနဲ့ ကျိုက်ထီးရိုးဒေသတွေကို သွားရောက် လည်ပတ် ကြတယ်လို့ သိရပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တယောက်က “ပြည်ပနိုင်ငံခြားသား ဧည့်သည်တွေက မြန်မာပြည်ကို ဝင်လာတဲ့အပေါ်ကတော့ ပြောရမယ်ဆိုရင် အရင်နှစ်ပိုင်းတွေနဲ့စာရင် တစတစ မြင်တွေ့လာရတာ ရှိတယ်။ လုံးဝကြီး နိုင်ငံခြားသားတွေကို မတွေ့တာမျိုးတော့ မဟုတ်ဘူး။ သူ့နေရာအလိုက် ကြိုကြားကြိုကြား နိုင်ငံခြားသား ခရီးသည်တွေ လာလည်တာ တွေ့ရပါတယ်။ ခရီးသွားလုပ်ငန်းပြပွဲ လုပ်တာတော့ အားပေးပါတယ်။ ပြောမယ်ဆိုရင် ဒီလို ခရီးသွားပြပွဲတွေ လုပ်မှပဲ ခရီးသွားလုပ်ငန်းကလည်း ပိုပြီး တိုးတက်လာမှာပေါ့။ မျှော်လင့်ပါတယ်။ ဒီလို ခရီးသွားပြပွဲတွေ လုပ်တယ်ဆိုရင် ခရီးသွားလုပ်ငန်းအတွက် တဖက်ဖက်ကနေ အကူအညီ အထောက်အပံ့ကောင်း ဖြစ်တယ်။ အဲ့အတွက်လည်း များများ လုပ်စေချင်တယ်။ ပြည်တွင်းရော ပြည်ပရော ခရီးသွား လုပ်ငန်း တိုးတက်ဖို့ ဒီလို ပြပွဲတွေ များများ လုပ်စေချင်တယ်”လို့ ပြောပါတယ်။

ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသည် ၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး၊ အဲဒီထဲမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်ရောက်သူ ၂ သန်းဝန်းကျင်နဲ့ နယ်စပ်ဂိတ်တွေ ကနေ ဝင်ရောက်သူ ၁ သန်းခွဲကနေ ၂ သန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။

ဒီနှစ် ခရီးသွားရာသီမှာ နိုင်ငံခြားသား ခရီးသည် ၁ သန်းခွဲဝန်းကျင် ရောက်လာဖို့  လုပ်ငန်းရှင်တွေက   မျှော်မှန်းထားကြပါတယ်။

နိုင်ငံတကာ ခရီးသွားပြပွဲတွေကို ပြည်တွင်းနဲ့ ပြည်ပမှာ ပိုကျင်းပသင့်တယ်လို့ ခရီးသွားလုပ်ငန်းရှင် တွေက ပြောပါတယ်။  ဒါ့အပြင် နိုင်ငံရေး တည်ငြိမ်မှသာ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း ပြန်ဦးမော့ လာဖို့ မျှော်မှန်းထားတယ် လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါပေမဲ့ ခရီးသွားလုပ်ငန်းတွေကနေရတဲ့ နိုင်ငံခြားဝင်ငွေတွေဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေကို နေ့စဉ် အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အာဏာရှင်အတွက် အထောက်အပံ့ ဖြစ်စေတာ ကြောင့် ကမ္ဘာ့လည့်ခရီးသွားတွေ မြန်မာနိုင်ငံကို မသွားကြဖို့ စည်းရုံးလှုံ့ဆော်မှုတွေရှိပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေနဲ့ နယ်မြေလုံခြုံမှု မရှိတဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံကို မသွားကြဖို့  အနောက်နိုင်ငံအစိုးရတွေက ခရီးသွား သတိပေးချက်ထုတ်ပြန်ထားတာလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ခရီးသွားပြပွဲမှ နိုင်ငံခြားသားခရီးသည် ပိုဝင်လာရန် လုပ်ငန်းရှင်များ မျှော်လင့် | YGN Daily