မြန်မာ့ပုံရိပ် ထိခိုက်စေသည့်ပြောဆိုချက်များမလုပ်ရန် တီမောကို သတိပေး

မြန်မာ့ပုံရိပ် ထိခိုက်စေသည့်ပြောဆိုချက်များမလုပ်ရန် တီမောကို သတိပေး

DVB
SourceDVB

AI Summary

မြန်မာစစ်အာဏာရှင်အစိုးရက တီမောလက်စ်တေနိုင်ငံသမ္မတ၏ မြန်မာ့အရေး ပြောဆိုချက်များသည် မြန်မာ့ပုံရိပ်ကို ထိခိုက်စေသည့် မှားယွင်းပုံဖော်ချက်များဖြစ်၍ ရှောင်ကြဉ်ရန် သတိပေးလိုက်သည်။ ၎င်းပြောဆိုချက်များသည် မေလ ၃၀ ရက် ရှန်ဂရီလာဆွေးနွေးပွဲနှင့် ဇွန်လ ၂ ရက် အာဆီယံ-ERIA အစည်းအဝေးများတွင် တီမောသမ္မတ မစ္စတာ ဟိုဆေး ရာမို့စ်ဟော်တာက မြန်မာ့အရေးသည် အာဆီယံ၏ အမည်းစက်ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ စစ်အာဏာရှင်အစိုးရက ထိုသို့ပြောဆိုခြင်းသည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ ပြည်တွင်းရေးမစွက်ဖက်ရေးမူကို ဆန့်ကျင်သည်ဟု ရှုမြင်သည်။ ဤကိစ္စရပ်သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံမိသားစုစိတ်ဓာတ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း စစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ဆက်ဆံနေပြီး စစ်ခေါင်းဆောင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု တရားစွဲဆိုမှုများကို လက်ခံထားဆဲဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှုပ်ထွေးနက်နဲပြီး မြန်မာဦးဆောင်သော ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရန် ကတိပြုထားကြောင်း စစ်အစိုးရက ဆိုသည်။

Photo:ERIA

တီမောလက်စ်တေနိုင်ငံသမ္မတရဲ့  မြန်မာ့အရေး ပြောဆိုချက်တွေဟာ မြန်မာ့ပုံရိပ်ကို ထိခိုက်စေတဲ့ မှားယွင်းပုံဖော်ချက်တွေ ဖြစ်လို့  ရှောင်ကြဉ်ဖို့  စစ်အာဏာရှင်အစိုးရက တီမောကို  သတိပေးလိုက်ပါတယ်။

ဒါအပြင် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေပြီး အာဆီယံမိသားစုစိတ်ဓာတ်ကိုလည်း ထိခိုက်ပျက်စီးစေတယ်လို့  စစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်မှာ ကြေညာချက်ထုတ်ပြန် ပါတယ်။

မေ ၃၀ ရက် စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဂရီလာဆွေးနွေးပွဲနဲ့ ဇွန် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနဲ့ အရှေ့အာရှစီးပွားရေးသုတေသန (ERIA) အစည်းအဝေးတွေမှာ တီမောလက်စ်တေနိုင်ငံသမ္မတ မစ္စတာ ဟိုဆေး ရာမို့စ်ဟော်တာရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး  တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာ့ပြည်တွင်းရေး ကိစ္စရပ်အပေါ် ဝင်ရောက် စွက်ဖက်တာဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို လေးစားလိုက်နာမှု မရှိဘဲ ဆန့်ကျင် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းဆိုင်ရာ အခြေအနေတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး၊ လူမျိုးရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေ ပါဝင်နေတဲ့အတွက် အလွန်နက်နဲရှုပ်ထွေးသလို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးအတွက် မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်ဖို့ အခိုင်အမာ ကတိကဝတ်ပြုထားတယ်လို့ မြန်မာအစိုးရက ဆိုပါတယ်။

တီမောလက်စ်တေသမ္မတရဲ့ နိုင်ငံတကာဖိုရမ်တွေကို လွဲမှားစွာ အသုံးချပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအပေါ် မှားယွင်းစွာ ပြောဆိုမှုကို လေးနက်စွာ ပယ်ချတယ်လို့လည်း  စစ်အာဏာရှင် အစိုးရလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့အရေးဟာ အာဆီယံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ အမည်းစက်တခုဖြစ်တယ်လို့  ပြီးခဲ့တဲ့နှစ်ကမှ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာတဲ့ တီမောလက်စ်တေ သမ္မတက   ရှန်ဂရီလာဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တီမောနိုင်ငံဟာ အာဆီယံဝင်ခွင့်ရဖို့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်အစိုးရထံ လာရောက် တွေ့ဆုံခဲ့ ရတာပါ။

တီမောလက်စ်နိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစု တွေနဲ့ ဆက်ဆံနေသလို  စစ်ခေါင်းဆောင်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တရားစွဲဆိုမှုကို လက်ခံ အမှုဖွင့်ထားပြီး စစ်ဆေးရေးလုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။

စစ်အာဏာရှင်ကတော့  မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေတယ်ဆိုပြီး ရန်ကုန်မှာရှိတဲ့ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက နိုင်ငံကနေ မောင်းထုတ် ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated