ထောင်ဒဏ်တသက်ချနိုင်သည့်အွန်လိုင်းငွေကြေးလိမ်လည်မှုဥပဒေမူကြမ်း အမျိုးသားလွှတ်တော်၌ တင်သွင်း

ထောင်ဒဏ်တသက်ချနိုင်သည့်အွန်လိုင်းငွေကြေးလိမ်လည်မှုဥပဒေမူကြမ်း အမျိုးသားလွှတ်တော်၌ တင်သွင်း

DVB
SourceDVB

AI Summary

စစ်အာဏာရှင်အစိုးရသည် ကမ္ဘာနိုင်ငံများအပေါ် ထိခိုက်မှုဖြစ်စေခဲ့သော အွန်လိုင်းငွေကြေးလိမ်လည်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်သည့် ဥပဒေမူကြမ်းတစ်ခုကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဤဥပဒေမူကြမ်းတွင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူများအတွက် သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်များ ပါဝင်သည်။ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်အရ ဤဥပဒေသည် အွန်လိုင်းလိမ်လည်မှုများကို ကြိုတင်ကာကွယ်ရန်နှင့် နစ်နာဆုံးရှုံးမှုများကို ပြန်လည်ရယူရန် အာဆီယံနှင့် နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂအစီရင်ခံစာများအရ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူပေါင်း ၁၂၀,၀၀၀ ခန့် အဓမ္မစေခိုင်းခံရခြင်း သို့မဟုတ် ပါဝင်ပတ်သက်နေခြင်းများ ရှိနေသည်။ စစ်အာဏာရှင်အစိုးရသည် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းနေကြောင်း ပြသနေသော်လည်း၊ အဆိုပါဂိုဏ်းများ အခြေစိုက်ရာ ဒေသများသည် စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းများ ကြီးစိုးရာဖြစ်ပြီး စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည်ဟုလည်း စွပ်စွဲချက်များ ထွက်ပေါ်နေသည်။ ဤဥပဒေ၏ ထိရောက်မှုမှာ မည်မျှအသုံးချနိုင်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

Photo: အမျိုးသားလွှတ်တော်

ကမ္ဘာနိုင်ငံတွေအပေါ် ထိခိုက်မှုဖြစ်ခဲ့တဲ့ တရုတ်ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာ မြန်မာနိုင်ငံမှာ အွန်လိုင်း ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်လို့ သေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်နိုင်မဲ့ ဥပဒေမူကြမ်းတခုကို စစ်အာဏာရှင်အစိုးရ၊ ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ဇွန် ၃ ရက် ဒီနေ့ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းကို လဝက၊ ပြည်ထဲရေး၊ ပို့ဆောင်ရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ဗဟိုဘဏ်နဲ့ ပြန်ကြားရေးအပါအဝင် အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီတို့က ရေးဆွဲခဲ့တာဖြစ်ပြီး ပြည်သူတွေလေ့လာ အကြံ ပြုနိုင်ဖို့ ပြီးခဲ့တဲ့ မေ ၁၃ ရက်နဲ့ ၁၄ ရက်မှာ စစ်တပ်ဝါဒဖြန့် သတင်းစာတွေကနေ ဖော်ပြခဲ့ပါသေးတယ်။

ဒီဥပဒေဟာ အွန်လိုင်းလိမ်လည်မှုတွေကို ကြိုတင်ကာကွယ်တားဆီးနိုင်မှာ ဖြစ်တဲ့အပြင် အွန်လိုင်း လိမ်လည်မှု ကျူးလွန် ခံရပြီး နစ်နာဆုံးရှုံးသွားတဲ့ ငွေကြေးစီးဆင်းမှုတွေကို အာဆီယံရဲတပ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ သတင်းအချက်အလက် ဖလှယ်ပြီး အချိန်မီ ပိတ်သိမ်းခြင်းတွေ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အွန်လိုင်း လိမ်လည်မှု ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်မှာ ဖြစ်တာကြောင့် အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကြီးက ဆွေးနွေးစဉ်းစား ဆောင်ရွက်ပေးနိုင်ဖို့ အဆိုတင် သွင်းတာလို့လည်း ပြောပါတယ်။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို အခန်း ၁၃ ခန်း ပုဒ်မ ၆၃ ခုနဲ့ ရေးဆွဲခဲ့တာဖြစ်ပြီး အခု အခန်း ၁၂ ခန်းနဲ့ ပုဒ်မပေါင်း ၆၃ ခုနဲ့ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတယောက်က “ဒီဥပဒေက အွန်လိုင်းလိမ်လည်မှုတွေ တိုက်ဖျက်ဖို့အတွက် ထိရောက်တဲ့ ဥပဒေတခု ဖြစ်လာမှာပါ။ ဥပဒေကို ဘယ်လောက် ထိထိ ရောက်ရောက် အသုံးချမလဲ၊ ဥပဒေအတိုင်း ဘယ်လောက်လိုက်နာ ဆောင်ရွက်နိုင်မလဲဆိုတာကတော့ စောင့်ကြည့် ရဦးမှာပါ” လို့ ပြောပါတယ်။

ဒီဥပဒေကြမ်းရဲ့ ပုဒ်မ ၅၃ မှာ အွန်လိုင်းလိမ်လည်မှုစင်တာဖွင့်တာ၊ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုကျူးလွန်တာ၊ ကျူးလွန်ဖို့ လူစုဆောင်းတာ ဒါမှမဟုတ် ဦးစီးဆောင်ရွက်တာ၊ လိမ်လည်ဖို့ စည်းရုံးခေါ်ဆောင်တာ၊ လုပ်အားခေါင်းပုံဖြတ်တာ၊ ဆန္ဒမပါဘဲ ခိုင်းစေတာ၊ လူကုန်ကူးမှုပါဝင်ပတ်သက်တဲ့ လိမ်လည်မှုလုပ်တာတွေအတွက် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်တသက်တကျွန်းအပြင် ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဥပဒေကြမ်းရဲ့ ပုဒ်မ ၅၄ မှာတော့ အွန်လိုင်းလိမ်လည်မှုကျူးလွန်ဖို့ သူတပါးကို အကြမ်းဖက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ မတရားချုပ်နှောင်တာနဲ့ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံတာတွေ လုပ်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ထိဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်ရမဲ့ အပြင် ငွေဒဏ်လည်း ချမှတ်ရမယ်လို့ ဆိုထားသလို ပြစ်မှုကျူးလွန်ရာမှာ တဦးတယောက်ကို သေဆုံးစေခဲ့ရင် သေဒဏ်ချမှတ်ရမယ်လို့ ဆိုထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလောက်ကစပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ဖမ်းမိတဲ့ ပြည်ပနိုင်ငံသား ၇၀,၀၀၀ ကျော်ကို သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်ပို့ထားတယ်လို့ စစ်အာဏာရှင်အစိုးရက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း ၁၂၀,၀၀၀ လောက် အဓမ္မစေခိုင်းခံရတာ၊ ကိုယ်တိုင်ပါဝင်ပတ်သက်နေတာ ရှိတယ်လို့ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ်ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာ ကရင်ပြည်နယ် ရွှေကုက္ကိုက အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးတာတွေ၊ ငွေလိမ်ဂိုဏ်းသားတွေကို ဖမ်းပြီး ပြန်ပို့တာတွေကို လုပ်ဆောင်နေပြီး ဒီကမ္ဘာလုံးဆိုင်ရာ ငွေလိမ် ဂိုဏ်းတွေကို နှိမ်နင်းနေသယောင် ဝါဒဖြန့်နေပါတယ်။

တဖက်မှာတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင် ပါဝင် ပတ်သက်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ဗိုလ်ချုပ်လှမိုး၊ ဗိုလ်ချုပ်ဇော်မင်း၊ ဗိုလ်ချုပ်စိုးလှိုင်နဲ့ စစ်ဗိုလ်ချုပ်တယောက်တို့ကို အာဏာသိမ်းစစ်ခေါင်းဆောင်က အရေးယူထားရပါတယ်။

ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အဓိက အခြေစိုက်ရာ ကိုးကန့်ဒေသ၊ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကို ဒေသတွေဟာ စစ်တပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေကြီးစိုးရာ ဒေသတွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated