
ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုအရေး အရေးပေါ်ဖြေရှင်းပေးရန် တောင်းဆို
AI Summary
ထိုင်း-မြန်မာနယ်စပ် ဖြတ်သန်းစီးဆင်းနေသော မြစ်ချောင်းများအတွင်း တရားမဝင် ရွှေနှင့် မြေရှားသတ္တုတူးဖော်မှုများကြောင့် ဖြစ်ပေါ်လာသည့် အာဆင်းနစ်နှင့် အဆိပ်သင့်သတ္တုဓာတ် ညစ်ညမ်းမှုဘေးအန္တရာယ်ကို နိုင်ငံတော်အဆင့် အရေးပေါ်အစီအစဉ်အဖြစ် သတ်မှတ်ဖြေရှင်းပေးရန် ထိုင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများနှင့် နယ်စပ်ဒေသခံများက ထိုင်းအစိုးရကို တောင်းဆိုခဲ့သည်။ ဤညစ်ညမ်းမှုများသည် ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနှင့် ကချင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသများတွင် စည်းကမ်းမဲ့ တိုးချဲ့လာသော သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်သည်။ ဇွန် ၅ ရက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ချင်းရိုင်ခရိုင်၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး မြစ်ချောင်းများအတိုင်း ရေကြောင်းချီတက်ခဲ့ကြသည်။ ထိုနေ့တွင် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း ထိုင်းဝန်ကြီးချုပ် သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးများ တက်ရောက်ခြင်းမရှိခဲ့ပေ။ အရပ်ဘက်အဖွဲ့အစည်းများက နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန် နိုင်ငံတော်အဆင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းရန်၊ မြန်မာအာဏာပိုင်များနှင့် တရုတ်နိုင်ငံတို့နှင့် သံတမန်ရေးအရ ဆွေးနွေးကာ စည်းကမ်းမဲ့တူးဖော်မှုများ ရပ်တန့်ရန်နှင့် ရေအရည်အသွေး စစ်ဆေးမှုများ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန် အချက် ၃ ချက်ပါ အိတ်ဖွင့်ပေးစာကို ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့ခဲ့သည်။ တရုတ်သံရုံး၏ မြစ်ရေဘေးကင်းသည်ဟူသော ပြောဆိုချက်ကိုလည်း ထိုင်းနိုင်ငံညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန၏ စစ်ဆေးချက်များအရ အန္တရာယ်ရှိ အာဆင်းနစ်ဓာတ်များ ပါဝင်နေကြောင်း ထောက်ပြပယ်ချခဲ့သည်။ ဤလှုပ်ရှားမှုတွင် ထိုင်းဒေသခံများနှင့် မြန်မာကျောင်းသားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ် ဖြတ်သန်းစီးဆင်းနေတဲ့ မြစ် ချောင်းတွေအတွင်း တရားမဝင် ရွှေတူးဖော်တာနဲ့ အဖိုးတန် မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အာဆင်းနစ်နဲ့ တခြား အဆိပ်သင့် သတ္တုဓာတ်ညစ်ညမ်းမှု ဘေးအန္တရာယ်ကို နိုင်ငံတော်အဆင့် အရေးပေါ် အစီအစဉ်အဖြစ် သတ်မှတ်ဖြေရှင်းပေးဖို့ ထိုင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နယ်စပ်ဒေသခံတွေက ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်တဲ့ ဇွန် ၅ ရက်နေ့က ချင်းရိုင်ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုလှုပ်ရှားမှုအပြီးမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး တရုတ်ကုမ္ပဏီတွေအနေနဲ့လည်း ဝယ်ယူနေတဲ့ သတ္တုတွေရဲ့ ရင်းမြစ်ကို သေချာစိစစ်ဖို့ တိုက်တွန်းထားပါတယ်။
ဒီလှုပ်ရှားမှုကိုတော့ မေ ၃၁ ရက်ကတည်းက ချင်းမိုင်ခရိုင်၊ မယ်အိုက်မြို့နယ်ကနေ “မြစ်ချောင်းများအတွက် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ” အဖြစ် ၅ ရက်တိုင်တိုင် စတင်ခဲ့တာဖြစ်ပြီး ဇွန် ၄ ရက်မှာ ချင်းရိုင်ကို ရောက်ရှိခဲ့တာပါ။
ဇွန် ၅ ရက်မှာတော့ ကော့မြစ် (နမ့်ခုတ်မြစ်) အတိုင်း စက်လှေ ၁၅ စင်းနဲ့ မယ့်ဖာလုံ ပြည်သူ့ပန်းခြံအထိ ရေကြောင်းချီတက်ခဲ့ကြပြီး ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒေသခံတွေ မျှော်လင့်ထားသလို မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ထိုင်းဝန်ကြီးချုပ် အနုထင်း ဒါမှမဟုတ် သက်ဆိုင်ရာ ဝန်ကြီးတွေ ကိုယ်တိုင်တက်ရောက်ခြင်းမရှိဘဲ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတဝန်ကြီးဌာနက ကိုယ်စားလှယ်တွေနဲ့ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးတို့သာ တက်ရောက်ခဲ့ ပါတယ်။
Rivers and Rights အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ပိုင်ဒီးတက်က “ကျမတို့အနေနဲ့ ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဝန်ကြီးတွေကို ထိခိုက်ခံစားရတဲ့ ပြည်သူတွေ၊ သိပ္ပံပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဝမ်းနည်းစရာကတော့ ဒီနေ့မှာ ဝန်ကြီးချုပ်ရော ဝန်ကြီးတွေပါ ရောက်မလာခဲ့ပါဘူး၊ ဒါပေမဲ့လည်း ကျမတို့ရဲ့ တောင်းဆိုချက်က ခိုင်မာတဲ့အတွက် ဆွေးနွေးပွဲကတော့ အဆင်ပြေခဲ့ပါတယ်။ ဒီပြဿနာဟာ ချင်းရိုင် ဒါမှမဟုတ် ချင်းမိုင်ခရိုင် အဆင့်လောက်ရှိတဲ့ အင်အားနဲ့ပဲ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး၊ နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့်အထိ မြှင့်တင်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုအတွင်း ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အပေါ်ကိုလည်း တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြပါတယ်။
တရုတ်သံရုံးက မြစ်ရေအတွင်း ညမ်းညမ်းတဲ့ သတ္တုဓာတ်ပါဝင်မှုဟာ ဘေးကင်းတဲ့အဆင့်မှာ ရှိတယ်လို့ ပြောဆိုခဲ့တာပါ။
ဒီပြောဆိုချက်ကိုတော့ ထိုင်းနိုင်ငံညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနရဲ့ ၁၈ အကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တဲ့ တရားဝင် ရေအရည်အသွေး စစ်ဆေးချက်တွေအရ အန္တရာယ်ရှိတဲ့ အာဆင်းနစ်ဓာတ်တွေ မြင့်မားစွာ ပါဝင်နေကြောင်း အရပ်ဘက်အဖွဲ့တွေက ထောက်ပြပယ်ချခဲ့ကြပါတယ်။
ဒီလို အဆိပ်သင့် ညစ်ညမ်းမှုတွေဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပြီး ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ စည်းကမ်းမဲ့ အရှိန်အဟုန်နဲ့ တိုးချဲ့လာတဲ့ ရွှေတွင်းနဲ့ လျှပ်စစ်ကား (EV) အပါအဝင် အဆင့်မြင့်နည်းပညာတွေမှာ သုံးတဲ့ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
Rivers and Rights အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ပိုင်ဒီးတက်က ဆက်လက်ပြီး “ဘာဘေးကင်းလုံခြုံရေး စံနှုန်းတွေတခုမှမရှိ၊ ဥပဒေစိုးမိုးမှုလည်း မရှိ၊ ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး စံနှုန်းတွေ တခုမှမရှိဘဲ လာရောက်ပြီး သတ္တုတူးဖော်နေကြတာနဲ့ပတ်သက်ပြီး တကယ့်ကို တရုတ်နိုင်ငံကို တောင်းဆိုချင်တာကတော့ သူတို့ရဲ့ သတ္တုတွေ ဘယ်ကလာသလဲဆိုတဲ့ မူလအရင်းအမြစ်ကို ပြန်လည်ခြေရာခံဖို့ (Traceability) ဖြစ်ပါတယ်။ ဒီလို ခြေရာခံနိုင်မှုဟာ အလွန်အရေးကြီးပြီး ဒါဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ် ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုမှာ ထိုင်းဒေသခံတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား လူငယ်တွေအကြား အပြန်အလှန် စာနာနားလည်မှုနဲ့ စည်းလုံးညီညွတ်မှုကိုလည်း ပြသခဲ့ကြပါတယ်။ မယ့်ဖာလုံတက္ကသိုလ် မြန်မာကျောင်းသားများအစည်းအရုံးက မေ ၃၁ ရက်ကတည်းက စတင်ပြီး ပါဝင်ခဲ့ကြတာပါ။
မယ့်ဖာလုံတက္ကသိုလ်က မြန်မာကျောင်းသား ကိုကောင်းဆက်ဟိန်းက “ထိုင်းဒေသခံ တချို့က မြန်မာပြည်က သတ္တုတွင်းတွေကြောင့် ဖြစ်တာဆိုတော့ မြန်မာက အကျိုးအမြတ်ရတယ်၊ တရုတ်က ပိုက်ဆံရတယ်၊ ထိုင်းကတော့ ပြဿနာပဲ ရတယ်လို့ ထင်နေကြတာ။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ လူတစုလေးကပဲ အကျိုးအမြတ်ရနေတာပါ။ ကျနော်တို့ မြန်မာပြည်သူတွေလည်း ခင်ဗျားတို့လိုပဲ ခံစားနေရတယ်ဆိုတာ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အချင်းချင်း အပြန်အလှန် ကူညီဝန်းရံပေးနေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဇွန် ၅ ရက်နေ့ ပြုလုပ်တဲ့ မူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းဝန်ကြီးချုပ် တက်ရောက်ခြင်း မရှိခဲ့ပေမဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကတဆင့် ထိုင်းဝန်ကြီးချုပ်ကို မူဝါဒပိုင်းဆိုင်ရာ တောင်းဆိုချက် ၃ ရပ်ကို အိတ်ဖွင့်ပေးစာ ပေးခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုခဲ့တဲ့ အချက် ၃ ချက်ကတော့ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့ ထိခိုက်ခံစားနေရတဲ့ လူထုနဲ့ လွတ်လပ်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိတဲ့ နိုင်ငံတော်အဆင့် လုပ်ငန်းအဖွဲ့ တရပ် ဖွဲ့စည်းဖို့၊ မြန်မာနိုင်ငံက အာဏာပိုင်တွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ နောက်ပြီး တရုတ်နိုင်ငံနဲ့ ချက်ချင်း သံတမန်ရေးအရ ဆွေးနွေးပြီး စည်းကမ်းမဲ့ သတ္တုတူးဖော်မှုတွေကို အရင်းအမြစ်ကစပြီး ရပ်တန့်ဖို့၊ ထိခိုက်ခံစားရတဲ့ မြစ်ဝှမ်းဒေသအားလုံးမှာ ရေအရည်အသွေးကို စဉ်ဆက်မပြတ် စစ်ဆေးပြီး ဒေသခံပြည်သူတွေကိုလည်း သတင်းအချက်အလက်တွေ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးမဲ့ ၅ နှစ်တာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန်ဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။