စစ်အုပ်စုထိန်းချုပ်ဆဲမာန်အောင်မြို့တွင် လျှပ်စစ်မီး တစ်နေ့လျှင် ၁ နာရီ ၁၅ မိနစ်သာရရှိ
politics||4 MIN READ

စစ်အုပ်စုထိန်းချုပ်ဆဲမာန်အောင်မြို့တွင် လျှပ်စစ်မီး တစ်နေ့လျှင် ၁ နာရီ ၁၅ မိနစ်သာရရှိ

Narinjara
SourceNarinjara

AI Summary

ရခိုင်ပြည်၊ မာန်အောင်မြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လျှပ်စစ်မီးကို တစ်နေ့လျှင် ၁ နာရီ ၁၅ မိနစ်သာ ရရှိနေပြီး မြို့ပေါ်ရပ်ကွက်များတွင် ဒီဇယ်ဓာတ်အားပေးစက်ဖြင့် အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးနေရသည်။ ယခင်က ၂၀၁၉ ခုနှစ်တွင် စတင်ဖြန့်ဖြူးခဲ့သော နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဘက်ထရီများ အရည်အသွေးညံ့ဖျင်းမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ မာန်အောင်မြို့ပေါ်ရပ်ကွက်ငါးခုအပါအဝင် ကျေးရွာပေါင်း ၁၆၃ ရွာနှင့် လူဦးရေ ၆၉,၉၉၆ ဦးခန့် နေထိုင်သည့် မာန်အောင်ကျွန်းတစ်ခုလုံးရှိ ပြည်သူများ လျှပ်စစ်မီးအခက်အခဲနှင့် ရင်ဆိုင်နေရသည်။ နေ့စဉ် လျှပ်စစ်မီးရရှိမှု အလွန်နည်းပါးခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို များစွာထိခိုက်စေသည်။ ဇွန်လ ၂ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက မေးမြန်းခဲ့ရာ စစ်အုပ်စုခန့် လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဘက်ထရီများ အစားထိုးလဲလှယ်ကာ ဓာတ်အားပေးစက်ရုံကို အပြည့်အဝပြန်လည်မောင်းနှင်ရန် စီစဉ်ထားကြောင်း ဖြေကြားခဲ့သည်။ အဆိုပါစက်ရုံကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းအကုန်အကျခံကာ ကိုရီးယားကုမ္ပဏီတစ်ခုက ၂၀၁၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁ နာရီ ၁၅ မိနစ်သာရရှိနေကြောင်း သိရသည်။ မြို့ပေါ်ရပ်ကွက်ငါးခုရှိသည့် မာန်အောင်မြို့တွင် လက်ရှိအခြေအနေ၌ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့ဘက်တွင် ၁ နာရီ ၁၅ မိနစ်နှင့် ညဘက်တွင် ၁ နာရီ ၁၅ ကို မြို့ပေါ်ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့်သာရရှိနေသည်ဟု မာန်အောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ပြောသည်။

၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ယခုကဲ့သို့ ရရှိနေခြင်းဖြစ်သည်ဟု သိရသည်။ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် မာန်အောင်ကျွန်းတွင် မြို့ပေါ်ရပ်ကွက် ငါးခု၊ ကျေးရွာပေါင်း ၁၆၃ ရွာ၊ ကျေးရွာအုပ်စု ၃၆ ခုနှင့် လူဦးရေ ၆၉,၉၉၆ ဦးနေထိုင်လျက်ရှိသည်ဟု သိရသည်။

Narinjara News Image

မာန်အောင်မြို့အနီး ခအုန်းမော်ကျေးရွာတွင်တည်ဆောက်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိ ကျေးရွာသုံးရွာကို ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း စက်ချို့ယွင်းခဲ့သည့်အတွက်ဟုဆိုကာ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လအတွင်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်ဟု မာန်အောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ပြောသည်။

“ပြတ်တောက်ရခြင်းအကြောင်းရင်းမှာ ဘတ်ထရီအိုးများ အရည်အသွေးညံ့ဖျင်းလို့ဖြစ်တယ်လို့ဆိုပြီး သိရပါတယ်။ ဒီအရည်အသွေးညံ့ဖျင်းတဲ့ ဘတ်ထရီအိုးတွေကို အသစ်ပြန်လည်ပြီး အစားထိုးပေးမယ်ဆိုရင်တော့ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးနိုင်မယ်ဆိုတာကို သိရှိရပါတယ်”ဟု ပြောသည်။

Narinjara News Image

ယမန်နေ့ ဇွန်လ ၂ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးကျော်သန်းက မာန်အောင်မြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် လုပ်ဆောင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိစပ်လျဉ်း၍ မေးမြန်းခဲ့စဉ် ယခုကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

ဦးကျော်သန်း၏ မေးခွန်းနှင့်စပ်လျဉ်း၍ စစ်အုပ်စုခန့် လျှပ်စစ်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးကျော်က မာန်အောင်မြို့အနီး ခအုန်းမော်ကျေးရွာတွင်တည်ဆောက်ထားသော PV 500 kW ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ် Hybrid System ဓာတ်အားပေးစက်ရုံကို ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ်စက် Hybrid စနစ်ဖြင့် အပြည့်အဝပြန်လည်မောင်းနှင်ဓာတ်အားပေးနိုင်ရန်အတွက် ဘတ်ထရီများ အစားထိုးလဲလှယ်ပေးခြင်းလုပ်ငန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားခဲ့သည်။

အဆိုပါစက်ရုံကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းအကုန်အကျခံကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ Posco Daewoo ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်ပြီးစီးခဲ့သည်။

Narinjara News Image

ရခိုင်ပြည်တွင် သီးခြားတည်ရှိသည့် မာန်အောင်ကျွန်းတွင် မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျွန်းတစ်ခုလုံးကို မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီပေးမည်ဆိုပါက ပင်လယ်ရေအောက်မှ လိုင်းဆွဲရမည်ဖြစ်သည့်အတွက် ကျပ်ဘီလီယံ ၃၀ နှင့်အထက်ကို ကုန်ကျနိုင်မည်ဟု မာန်အောင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းဇော်ဇော်လွင်က ၂ဝ၂၁ ခုနှစ်တွင် ပြောဆိုဖူးသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သည့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကလည်း မာန်အောင်ကို လေအားလျှပ်စစ်မှတဆင့် လျှပ်စစ်မီး ၂၄ နာရီထုတ်ပေးသွားမည်ဟု ပြည်နယ်အစိုးရက နိရဉ္စရာကို ပြောဆိုခဲ့ဖူးသော်လည်း အကောင်အထည်ပေါ်လာနိုင်ခြင်းမရှိသေးဟု သိရသည်။


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၃/၂ဝ၂၆

ဆက်စပ်သတင်းများ

AI Curated
စစ်အုပ်စုထိန်းချုပ်ဆဲမာန်အောင်မြို့တွင် လျှပ်စစ်မီး တစ်နေ့လျှင် ၁ နာရီ ၁၅ မိနစ်သာရရှိ | YGN Daily