နှင်းဆီပန်းကိုမှ ရဲရဲတောက်အနီကို သူပန်လာတာ၊ အရပ်ဝတ်နဲ့ကောင်တွေက ခေါ်သွားတာ
politics||5 MIN READ

နှင်းဆီပန်းကိုမှ ရဲရဲတောက်အနီကို သူပန်လာတာ၊ အရပ်ဝတ်နဲ့ကောင်တွေက ခေါ်သွားတာ

DVB
SourceDVB
Back to News

AI Summary

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့ကို နိုင်ငံတဝန်းရှိ ပြည်သူများက ကိုယ်နည်းကိုယ်ဟန်ဖြင့် ဂုဏ်ပြုခဲ့ကြသည်။ စစ်အာဏာရှင်များက မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းပန်ခြင်းနှင့် လှုပ်ရှားမှုများကို တားမြစ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့တွင် နှင်းဆီပန်းပန်လာသည့် မိန်းကလေးတစ်ဦးကို အရပ်ဝတ်နှင့် လက်နက်ကိုင်များက ပန်းခြံအတွင်း၌ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါလုပ်ရပ်ကြောင့် ပြည်သူများအကြား စိုးရိမ်မှုများရှိသော်လည်း ဖမ်းဆီးခံရသူမှာ တည်ငြိမ်ရဲရင့်စွာ တုံ့ပြန်ခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားမှ ပြည်သူများက လူထုခေါင်းဆောင်ကို မမေ့လျော့ကြောင်း ပြသလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ကောင်မလေးကတော့ အေးအေးဆေးဆေးပါပဲ။ ကျနော်လည်း မထွက်ရဲတော့ဘူး။ သူတို့က ကိုယ့်ကို မျက်မှန်းတန်းမိနေပြီလေ။ ကောင်မလေးကတော့ တည်တည်ငြိမ်ငြိမ်ပဲ။ သတ္တိရှိတယ်ဗျာ။"

"ပြောချင်တာက အုပ်လိုက်ကြီးလာပြီး ပန်းတွေပန်၊ စုရုံးလှုပ်ရှားမှုလုပ်တယ်ဆိုရင်တော့ ဖမ်းပေါ့ဗျာ။ အခုက မိန်းကလေး တယောက်တည်းဗျာ၊ ဒါကို ဒီကောင်တွေ ဖမ်းတယ်။ တော်တော် ယုတ်မာကြတယ်။"

Photo : DVB

အသက် ၈၁ နှစ်ပြည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို နိုင်ငံတဝန်းက ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။ လွတ်မြောက်နယ်မြေတွေမှာ ပေါ်ပေါ်တင်တင် လုပ်ကြသလို စစ်အာဏာရှင်ထိန်းချုပ် မြို့ကြီးတွေမှာလည်း ကိုယ်နည်းကိုယ်ဟန်နဲ့ ပါဝင်ကြပါတယ်။ လူထုခေါင်းဆောင်ရဲ့ မွေးနေ့ကို ပြည်သူတွေ မမေ့ကြပါ။

စစ်အာဏာရှင်က ဇွန် ၁၉ မှာ ကျရောက်တဲ့ သူ့မွေးနေ့မှာ ပန်းရောင်းသူကအစ ပန်းပန်သူအဆုံး ဖမ်းဆီးနှိပ်ကွပ်ပါတယ်။ ဒီအခြေအနေကို နိုင်ငံရေးမြို့တော်လို့ တင်စားကြတဲ့ ရန်ကုန်မြို့မှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတယောက်ကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အစ်ကို ကြုံခဲ့ရ၊ တွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါဦး။

ဖြေ။ ကျနော့် မျက်စိရှေ့မှာတင် ကုတ်သွားတာပါ။ ကျနော် ကိုယ်တိုင်တွေ့ခဲ့ရတာဗျာ။ တကယ်တော့ လူထုခေါင်းဆောင် မွေးနေ့မှာ ရန်ကုန်မှာ ဘာတွေများ လှုပ်ရှားကြမလဲဆိုပြီး ကျနော် မနက်အစောကြီးကတည်း မြို့ထဲကို ပတ်ပြီး လမ်းလျှောက်နေတာ။ ကျနော် တွေ့မလားဆိုပြီးပေါ့။ ဒေါ်စုမွေးနေ့မှာ မြို့ထဲကို အစောကြီးထွက်ပြီး ရန်ကုန်မြို့ထဲမှာ လမ်းလျှောက်တာပေါ့။ ကျနော် တမြို့လုံးပတ်ပါတယ်။ အားလုံးကြောက်နေကြတယ်ထင်တယ်။ ဘယ်သူမှ မတွေ့ဘူး။ ပန်းပန်သူလည်းမတွေ့ဘူး။ ပန်းရောင်းသူလည်း မတွေ့ဘူး။ နှင်းဆီပန်းထားတဲ့ သူတွေကိုလေ။ အဲဒါနဲ့ ကျနော် မြို့တော်ခန်းမရှေ့က ဗိုလ်ချုပ်ပန်းခြံထဲကို ဝင်ပြီးနေလိုက်တယ်။

အဲဒီမှာ မနက် ၉ နာရီ ခွဲလောက်မှာ ပန်းခြံထဲကို ကောင်မလေး တယောက် ဝင်လာတယ်။ ကောင်မလေးက ငယ်ငယ်လေးပဲ။ နှင်းဆီပန်းကိုမှ ရဲရဲတောက်အနီကို သူပန်လာတာ။ တခြားကောင်မလေးတယောက်ကို သူက သူ့ပုံကို ရိုက်ခိုင်းနေတာလည်း တွေ့တယ်။ ကျနော်လည်း ဓာတ်ပုံရိုက်လိုက်သေးတယ် သူ့ကို။ ပြီးတော့ သူက နားနေတယ်။ ပြီးတော့ သူက မြို့တော်ခန်းမနဲ့ မျက်နှာချင်းဆိုင်က ရေပန်းတွေနားမှာ ထိုင်နေတာပေါ။အဲဒါကို အရပ်ဝတ် ဝတ်ထားတဲ့ကောင်တွေက လာကုတ်သွားတာဗျာ။ ပထမဆုံး အရပ်ဝတ်နဲ့ကောင်တွေက လာကုတ်သွားတာ။ ပြီးတော့ ကောင်မလေးကို ခေါ်သွားတာ။ ကျနော် သူ့ကို ကားပေါ်တင်သွားချိန်အထိ အနောက်က လိုက်ကြည့်လိုက်တယ်။ အရပ်ဝတ်နဲ့ကောင်တွေက ခေါ်သွားပြီးမှ ယူနီဖောင်းနဲ့ကောင်တွေဆီ ခေါ်သွားတာ။

မေး။ အရင်ကတည်းက ပန်းခြံထဲမှာ လုံခြုံရေး ရှိနေတာလား။

ဖြေ။ ယူနီဖောင်းနဲ့ကောင်တွေကလည်း အရင်က မရှိဘူး။ ပြီးမှ ရောက်လာကြတာ။ မြို့တော်ခန်းမ ထဲက အရာရှိဖြစ်ပုံရတယ်။ သူ့ဘေးမှာ ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ ရဲနှစ်ယောက်ပါလာတာ တွေ့တယ်။ ပြီးတော့ ထီးမိုးပေးထားတဲ့လူနဲ့အတူ နောက်ထပ် အရာရှိဖြစ်ပုံရတဲ့ကောင်လည်း ရောက်လာတယ်။

ဒီဘဲက တွေ့လိုက်တာလားတော့ မသိဘူး။ ကောင်မလေးကို ဓာတ်ပုံတွေရိုက်ကြတယ်။ ပြီးတော့ ခေါ်သွားတယ်။ ကောင်မလေးကို သူတို့ မေးနေတာ ကျနော်ကြားတယ်။ နင်ဘာလာလုပ်တာလဲ၊ ဘာညာပေါ့။ ကျနော်လည်း ခပ်လှမ်းလှမ်းက လိုက်ကြည့်တာပေါ့။ ဓာတ်ပုံတော့ ထုတ်မရိုက်ရဲတော့ဘူးလေ။ ဒီကောင်တွေဟာ အုပ်လိုက်ပဲ။ အရပ်ဝတ်နဲ့ကောင်တွေရော၊ သေနတ်နဲ့ကောင်တွေရော။ ပန်းခြံဘေးက တရားရုံးအရိပ်ဘက်ကို ခေါ်သွားပြီး တောက်လျှောက်ကို မေးနေတာ။ ဖုန်းကိုလည်း စစ်နေတာ တွေ့တယ်။ သူတို့က အုံလိုက်ကျင်းလိုက်နဲ့ပဲ၊ ကောင်မလေးကတော့ ထိုင်လျက်ကလေးပဲ။ အဲဒီအချိန်မှာ ကျနော်က ပန်းခြံဘေးဘက် ရောက်နေပြီ။ သူတို့ ကောင်မလေးကို ခေါ်သွားကြတယ်ဗျာ။ သူတို့ စစ်မေးနေပုံကိုတော့ ကျနော် မရိုက်လိုက်ရဘူး။ ကောင်မလေးကို ပန်းခြံကို ဖြတ်ပြီး မြို့တော်ခန်း‌မဘက်ကို သူတို့ခေါ်သွားကြတာ။ ကျနော်လည်း ပတ်လိုက်တာ မမီဘူးပေါ့ဗျာ။ ကျနော် ကောင်မလေးကို တင်သွားတဲ့ ကားကို မျက်မြင်ဓာတ်ပုံတော့ ရိုက်လိုက်နိုင်တယ်။ ရဲကားနဲ့ တင်သွားတာပါ။ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ။

မေး။ သူတို့ အဲဒီလို ဖမ်းတော့ ကောင်မလေးက ဘယ်လို အခြေအနေရှိပါသလဲ။ စိုးရိမ်ထိတ်လန့်နေသလား။

ဖြေ။ ကျနော်လည်း ကောင်မလေးကို စစ်မေးနေတာကို ကားထဲကနေ ချောင်းကြည့်နေရတာပါ။ ကောင်မလေးကတော့ အေးအေးဆေးဆေးပါပဲ။ ကျနော်လည်း မထွက်ရဲတော့ဘူး။ သူတို့က ကိုယ့်ကို မျက်မှန်းတန်းမိနေပြီလေ။ ကောင်မလေးကတော့ တည်တည်ငြိမ်ငြိမ်ပဲ။ သတ္တိရှိတယ်ဗျာ။

ပြောချင်တာက အုပ်လိုက်ကြီးလာပြီး ပန်းတွေပန်၊ စုရုံးလှုပ်ရှားမှုလုပ်တယ်ဆိုရင်တော့ ဖမ်းပေါ့ဗျာ။ အခုက မိန်းကလေး တယောက်တည်းဗျာ၊ ဒါကို ဒီကောင်တွေ ဖမ်းတယ်။ တော်တော် ယုတ်မာကြတယ်။

ဆက်စပ်သတင်းများ

AI Curated