
AI Summary
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းနှင့် ပြည်ပနိုင်ငံအချို့တွင် နှင်းဆီလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားအဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။ တစ်ဖက်တွင်လည်း ပဲခူး၊ မကွေးနှင့် တနင်္သာရီတိုင်းတို့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ထောင်ဒဏ်ချမှတ်ခံရမှုများလည်း ရှိနေသည်။ လက်ရှိတွင် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသကဲ့သို့ နိုင်ငံတကာနှင့် သံတမန်ရေးရာ ဆက်ဆံမှုများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"အမျိုးသား၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများကို အမြန်ဆုံး ရပ်တန့်ရေးနှင့် မျိုးဆက်သစ်လူငယ်များကို အဓမ္မစစ်သားစုဆောင်းနေသည့် ကိစ္စရပ်များကို အမြန်ဆုံး ရပ်တန့်ရေးတို့မှာ မဖြစ်မနေ ဦးစွာဆောင်ရွက်ရမည့် အချက်များဖြစ်ကြောင်း CRPH နှင့် NUG တို့ ပူးတွဲပြီး ကြေညာချက်ထုတ်ပြန်သည်။"
အမျိုးသားညီညွတ်ရေး အစိုးရ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးသည် လက်ရှိမြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာတွင် အလွန်အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြောကြား လိုက်သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိကာ သေဆုံးသူများလည်း ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာအောက်ရှိ သာယာဝတီခရိုင် တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။
မကွေးတိုင်း၊ ရေစကြိုမြို့တွင် ကင်းလှည့်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မိဘပြည်သူများ ပြန်လည်ဆုံဆည်းခွင့်ရရှိရေးအတွက် အလေးအနက်ထား၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့၌ ၎င်းနှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်လာပါစေကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော်၊ ရဲမေများက ဆုတောင်းမေတ္တာ ပို့သခဲ့ကြသည်။
စစ်ကိုင်းခရိုင် တပ်ရင်း (၂၄) က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် “နှင်းဆီကမ်ပိန်း” ကို ယနေ့တွင် ပြုလုပ်ခဲ့ကြပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများကို အမြန်ဆုံး ရပ်တန့်ရေးနှင့် မျိုးဆက်သစ်လူငယ်များကို အဓမ္မစစ်သားစုဆောင်းနေသည့် ကိစ္စရပ်များကို အမြန်ဆုံး ရပ်တန့်ရေးတို့မှာ မဖြစ်မနေ ဦးစွာဆောင်ရွက်ရမည့် အချက်များဖြစ်ကြောင်း CRPH နှင့် NUG တို့ ပူးတွဲပြီး ကြေညာချက်ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ကျရောက်သည့် လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင် ၈၁ ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမိတ်ဖက်များ အားလုံးနှင့်အတူ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ရေရှည်တည်ငြိမ်ရေးကို အထောက်အကူပြုမည့် ဆက်ဆံရေးမျိုး တည် ဆောက်မြှင့်တင်သွားရန် အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားပါသည်။
လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် “နှင်းဆီလှုပ်ရှားမှု” တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ရဲဘော်ရဲဘက်များလည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
ကချင်ပြည်နယ် ဖားကန့်မြို့၌ ယနေ့ (ဇွန်လ ၁၉ ရက်) နံနက်တွင် ဖားကန့်ပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းစောက်ရွာရှိ ဈေးဆိုင်တဆိုင်ကို စစ်အုပ်စုတပ်က ယမန်နေ့ (ဇွန်လ ၁၈ ရက်) မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ယနေ့ (ဇွန်လ ၁၉ ရက်) ၌ ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးသူများ စုပေါင်း၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် အသက် ၈၁ နှစ်ပြည့် မွေးနေ့တွင် ရန်ကုန်အခြေစိုက် သံရုံးများက လူမှုကွန်ရက်တွင် ပိုစ့်တင် ဆုတောင်းပေးကြသည်။
မြောင်မြို့နယ်ရှိ ကြားကာလ ပညာသင်ကြားရေးကျောင်း မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုကို သပိတ်ရဲဘော်များက လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အရာတော်မြို့နယ်တွင် ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်သော ပတ်ဝန်းကျင်တခု ဖန်တီးပေးနိုင်ရေးအတွက် မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့အကြား ထိရောက်သော ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ခါလီလူရ် ရာဟ်မန် က လွှတ်တော်တွင် ပြောကြားသွားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ယနေ့နံနက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့သူ ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း သိရသည်။
၂၀၂၁ အာဏာသိမ်းနံနက်အစောပိုင်းမှစ၍ မတရားဖမ်းဆီး အကျဉ်းချခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကနီမြို့နယ်သပိတ်အင်အားစုနှင့် အလှူရှင်များ စုပေါင်း၍ စစ်ရှောင်များအား ဓာတ်ဆီလှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်ထားသည့် ရန်ကုန်မြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် “နှင်းဆီလှုပ်ရှားမှု” ကို ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ က သတင်းထုတ်ပြန်ထားပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာရေးအတွက် အလေးအနက်ထား တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA) က ယနေ့တွင် သတင်းထုတ်ပြန်ထားပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယနေ့ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် “နှင်းဆီကမ်ပိန်း” ကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်၍ ပြုလုပ်ခဲ့ကြပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ လောင်းလုံမြို့၊ စစ်ပြဲကျေးရွာသို့ စစ်ကြောင်းထိုးဝင် ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ် က ယနေ့တွင် သတင်းထုတ် ပြန်ထားပါသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းမှု မရှိစေရေး ထိန်းသိမ်း ဆောင်ရွက်သွားရန် အာဏာသိမ်းအစိုးရ လက်အောက်ခံ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ရှမ်းပြည်တပ်မတော်(SSPP/SSA) ကို ဇွန်လ ၁၂ ရက် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြောင်း SSPP မှ ထုတ်ပြန်သည်။
စစ်အုပ်စု၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့်အဖွဲ့နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)တို့ ပန်ဆန်းမြို့၌ တွေ့ဆုံခဲ့ကြောင်း UWSA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ
ထိုင်းနှင့်မြန်မာတို့ သံတမန်ရေး၊ ကောင်စစ်ဝန်ရုံးကိစ္စရပ်များအတွက် မြေနှင့် အဆောက်အအုံ ဝယ်ယူခွင့်ပြုမည့် သဝဏ်လွှာ အပြန်အလှန်လဲလှယ်ရေး မူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြု လိုက်ပြီဖြစ်ကြောင်း Khaosod သတင်းတွင် ယမန်နေ့က ဖော်ပြသည်။
စစ်အုပ်စု၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သောအဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့ ဇွန် ၁၇ ရက်က အထူးဒေသ ၄ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ဆက်လက် ပါဝင်ရေး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။
အမျိုးသားစာပေဆုရ စာရေးဆရာနှင့် အငြိမ်းစား ကျောင်းဆရာ အသက် ၇၁နှစ် အရွယ်ဦးတင်ညွန့် နှင့် ၎င်း၏ သားငယ် ကိုနေထွန်းတို့ကို အင်းစိန် အကျဉ်းထောင်တွင်း ဖွင့်လှစ်ထားသော အထူးတရားရုံးမှ ပုဒ်မ ၅၀၅-ကဖြင့် ယနေ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ကြောင်း စာပေအသိုင်းအဝိုင်းက သိရသည်။
Unitree Robotics Co., Ltd. အမည်ရှိ စက်ရုပ်များထုတ်လုပ်သည့် စက်ရုံသို့ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် အာဏာသိမ်းအရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့ သွားရောက်ခဲ့ကြောင်း သိရသည်။
PDF ပါဝင်သော လက်နက်ကိုင်အဖွဲ့စည်းအသီးသီးမှ လက်နက်ဖြင့် အလင်းဝင်လာသူ ၃၇၆ ဦးကို မိဘထံပြန်လည် အပ်နှံပွဲအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဇွန်လ၁၉ရက်က ပြုလုပ်ခဲ့ကြောင်း စစ်အုပ်စုဝါဒဖြန့် သတင်းများတွင် ဖော်ပြထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာရောဂါ လူနာလေးဦးအား ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အာဏာသိမ်းအရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့သည် ယနေ့(ဇွန် ၁၉ ရက်) နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ Leapmotor ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက် အောင်မင်းခေါင် (၁) လမ်းရှိ နေအိမ်တစ်လုံး တွင် အွန်လိုင်းလိမ်လည်မှုပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။