
AI Summary
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ဝက်တင်ဆောင်လာသည့် အရပ်သားမော်တော်ဘုတ်တစ်စီးကို စစ်ကောင်စီနေဗီမှ စပိဘုတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။ အဆိုပါပစ်ခတ်မှုကြောင့် ဘုတ်ပေါ်ပါလာသူ အမ်းမြို့နယ်မှ ဒေသခံနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးရှုံးနိမ့်မှုများကြောင့် ဒေသခံပြည်သူများအပေါ် အငြိုးအတေးဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ ဆေးကုသမှု ခံယူလျက်ရှိသည်။
နိရဉ္စရာ၊ ဇွန် ၈/ ၂၀၂၆
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဝက်တင်ဆောင်လာသည့်မော်တော်ဘုတ်တစ်စီးအား အာဏာသိမ်းစစ်တပ်နေဗီတစ်စီးမှ အမြန်ရေယာဉ်ငယ် စပိဘုတ်ဖြင့် နောက်ကနေ လာရောက်ပစ်ခတ်၍ ဒေသခံ ၂ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသွားသူများမှာ အမ်းမြို့နယ်၊ စိတ္တရရွာမှ မောင်ဘတ်ပေ (၁၅) နှစ်နှင့် ဦးမောင်ဟန် (၅၂) နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။
လူ ၃ ဦးလိုက်ပါလာသော အဆိုပါဘုတ်အား ဇွန်လ ၇ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်ထဲအရောက်တွင်စပိဘုတ်ဖြင့် မောင်းနှင်လာပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
“ ဒီမော်တော်ဘုတ်က ရမ်းဗြဲမြို့နယ်၊ မင်းကြောင်းတံတားဖက်ကနေအိမ်မွေးဝက်တွေကိုတင်ပြီးပြန်လာစဉ်မှာကျောက်ဖြူမြို့နယ်၊ အောင်လံချိန်ရွာအောက်ဖက်သံဇစ်မြစ်ထဲမှာရပ်ထားတဲ့ နေဗီကနေ စပိဘုတ်တစ်စီး မောင်းနှင်လိုက်ပါလာပြီးနောက်ကနေ စက်သေတွေနဲ့ပစ်ခတ် သွားခဲ့တာ ဖြစ်ပါတယ်” ဟု ဒေသခံတဦးက ပြောသည်။
ထိုသို့အရပ်သား မော်တော်ဘုတ်အား အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဘုတ်ပေါ်တွင်လိုက်ပါလာသော ဦးမောင်ဟန်၏ ခြေသလုံးနှစ်ဖက်၌ကျည်ဖောက်ထွက်သွားခဲ့ပြီးမောင်ဘတ်ပေ၏ ညာဖက်လက်မောင်းအောက်ညှပ်ရိုးနားတွင်ကျည်ထိမှန်ကာ ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့သည်ဟုသိရသည်။
၎င်းမော်တော်ဘုတ်ပေါ်တွင်ဦးမောင်ဆန်းနွယ်၊ ဦမောင်ဟန်နှင့်မောင်ဘတ်ပေတို့၃ ဦးလိုက်ပါလာပြီး ဦးမောင်ဆန်းနွယ်တွင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟု သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသွားသူများအားဆေးကုသမှုခံယူလျက်ရှိကြောင်း၎င်းဒေသခံက ပြောကြားသည်။
အာဏာသိမ်းစစ်တပ်သည် ကျောက်ဖြူစစ်မျက်နှာတွင် သူတို့မျှော်လင့်ထားသလို စစ်ဆင်ရေးများ အောင်မြင်မှုမရရှိဘဲ အရှုံးနှင့် ရင်ဆိုင်နေရရာမှ ဒေသခံ ရခိုင်ပြည်သူများအား အငြိုးအတေးဖြင့် လက်စားချေ ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေသလို လူနေကျေးရွာများအား ဗုံးကြဲတိုက်ခိုက် မီးရှို့မှုများကို အဆက်မပြတ် ပြုလုပ်လျှက် ရှိနေကြောင်း သိရှိရသည်။