
ပေါက်ကွဲမှုကြောင့် နေစရာမဲ့ဖြစ်ခဲ့ရသည့် နမ့်ခမ်း ကောင်းတပ်ရွာသား ၁,၀၀၀ ကျော် အကူအညီလိုအပ်
AI Summary
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မေလကုန်ပိုင်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရွာသားများစွာ ထိခိုက်နစ်နာခဲ့ရသည်။ ဤပေါက်ကွဲမှုကြောင့် လူ ၄၃ ဦးမှ ၅၅ ဦးအထိ သေဆုံးပြီး ၇၅ ဦးမှ ၁၁၂ ဦးအထိ ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့ပြီး အလုံး ၄၀ ခန့် လုံးဝပြိုကျခဲ့သည်။ အိမ်ရာမဲ့ဖြစ်သွားသော ရွာသား ၁,၀၀၀ ကျော်သည် ဘုန်းကြီးကျောင်းဇရပ်များတွင် ခိုလှုံနေရပြီး လတ်တလော စားသောက်ရေးအတွက် အလှူရှင်များ၏ အကူအညီများ ရရှိနေသော်လည်း အဝတ်အထည်၊ စောင်၊ မိုးကာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေဆဲဖြစ်သည်။ ပျက်စီးသွားသော နေအိမ်များကို ပြန်လည်တည်ဆောက်ရန်နှင့် ပြုပြင်ရန်အတွက် ရေရှည်အကူအညီများစွာ လိုအပ်နေပြီး မိုးတွင်းကာလတွင် မိုးဒဏ်ကိုလည်း ခံစားနေရသည်။ ဒဏ်ရာရရှိသူများအတွက် နမ့်ခမ်းဆေးရုံတွင် ဆေးဝါးမလုံလောက်မှုများရှိနေပြီး အချို့မှာ မူဆယ် သို့မဟုတ် တရုတ်နိုင်ငံ ရွှေလီဘက်သို့ သွားရောက်ကုသနေရသည်။ တအာင်းအရပ်ဘက်အဖွဲ့အစည်းများက နစ်နာကြေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝ ပြန်လည်တည်ဆောက်ရေးအတွက် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန် နှိုးဆော်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ပြီးခဲ့တဲ့ မေလကုန်က ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး နေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့ ရွာသားတွေ စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေပါတယ်။
မိနစ်ပိုင်းတွင်း အိမ်ရာမဲ့ဘဝ ရောက်သွားရတဲ့ ရွာသားပေါင်း ၁,၀၀၀ ကျော်ဟာ ကောင်းတပ်ကျေးရွာ ဘုန်းကြီးကျောင်း ဇရပ်မှာ စုပြုံခိုလှုံနေရပြီး အလှူရှင်တွေက အခြေခံစားနပ်ရိက္ခာ လာလှူနေကြတာကြောင့် လတ်တလော စားရေးသောက်ရေးအတွက် မပူပင်ရပေမဲ့ နေအိမ်နဲ့ အဝတ်အစားတွေ လိုအပ်နေသလို ရေရှည်မှာ အိမ်တွေပြန်ဆောက်ဖို့၊ ပြန်ပြင်ဖို့ အကူအညီများစွာ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း ပြန်ကြားရေးအဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။
“လိုအပ်ချက် အခက်အခဲတွေတော့ အများကြီးတော့ ရှိတာပေါ့နော်။ လတ်တလောမှာတော့ ရပ်နီးရပ်ဝေးက အလှူရှင်တွေ လာလှူတော့ စားဖို့သောက်ဖို့တော့ ရှိတယ်။ ဆန်၊ ဆီ၊ အာလူး၊ ဟင်းသီးဟင်းရွက် စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ရှိတယ်။ ဒါပေမဲ့ အဝတ်အထည်တွေ၊ စောင်တွေတော့ လိုသေးတယ်။ လာလှူတဲ့သူတွေရှိပေမဲ့ မလောက်ဘူး။ သူတို့ စောင်တွေ အဝတ်အစားတွေက ပေါက်ကွဲပျက်စီးတဲ့ထဲ ပါသွားတာ၊ သုံးလို့မရတော့ဘူးလေ။”
ပေါက်ကွဲမှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးပြီး လုံးဝပြိုကျသွားတဲ့ အိမ်အလုံး ၄၀ လောက် ရှိပါတယ်။
အဲဒီအိမ်တွေဟာ အကုန်ပြန်ဆောက်ရမှာဖြစ်လို့ မလွယ်ကူတဲ့အကြောင်း၊ အိမ်ရဲ့ အစိတ်အပိုင်းတွေ ပျက်စီးသွားတာလည်း ပြန်လည်ပြုပြင်ဖို့ ငွေကုန်ကြေးကျများကြောင်း၊ တချို့က နေလို့ရသလောက် ပြန်နေတာမှာ ယာယီအမိုးအကာအတွက် မိုးကာတွေ လိုအပ်နေကြာင်းနဲ့ ရေခံဖို့ ရေပုံးတွေလည်း လိုအပ်နေပြီး မိုးကလည်း နေ့တိုင်းလိုရွာနေတော့ မိုးပက်တဲ့ဒဏ် ခံရတယ်လို့ ဆိုပါတယ်။
နေစရာလုံးဝမရှိတော့တဲ့ လူတွေကတော့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး ကောင်းတပ်ရွာ ဘုန်းကြီးကျောင်း ဇရပ်မှာဆိုရင် လူဦးရေ ၁,၁၈၇ ယောက် ခိုလှုံနေတယ်လို့ သိရပါတယ်။
နောက်ထပ် အရေးပေါ်လိုအပ်နေတာကတော့ ဆေးဝါးတွေဖြစ်တယ်၊ နမ့်ခမ်းဆေးရုံမှာ လူနာတွေ ပြည့်နေတော့ ဆေးဝါးမလုံမလောက်ဖြစ်နေကာ ဒဏ်ရာမပြင်းထန်တဲ့ လူနာတွေတော့ အိမ်ပြန်ပြီး မိမိဘာသာ ဆေးထည့်ကြပါတယ်။
နမ့်ခမ်းဆေးရုံက မကုသနိုင်တဲ့ လူနာတွေကို မူဆယ်ဆေးရုံကို လွှဲပြောင်းပြီး တချို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် တရုတ်နိုင်ငံ ရွှေလီဘက် သွားကုကြတယ်၊ တချို့ ဝင်ခွင့်လက်မှတ်မရလို့ လှည့်ပြန်လာရတာလည်း ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်နယ်မြေ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာက ယမ်းသိုလှောင်ရုံဟာ မေ ၃၁ ရက် နေ့လယ်က ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး ဇွန် ၁ ရက် ည ၇ နာရီထိ စာရင်းအရ သေဆုံးသူ ၄၃ ယောက် ဒဏ်ရာရသူ ၁၁၂ ယောက်ရှိကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။
တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေကတော့ သေဆုံးသူ ၅၅ ယောက်၊ ဒဏ်ရာရသူ ၇၅ ယောက် ရှိကြောင်း ထုတ်ပြန်ပြီး ကျန်ရစ်သူမိသားစုဝင်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ အိုးအိမ် ပျက်စီးဆုံးရှုံးသွားရသူတွေအတွက် နစ်နာကြေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဘဝ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ နှိုးဆော်ထားပါတယ်။
Source: TWO