
AI Summary
မောင်တောမြို့နယ်လုံးဆိုင်ရာ သံဃာတော်များနှင့် တကာ၊ တကာမများက ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စုစုပေါင်း ကျပ်သိန်း ၃ဝဝ ကျော် ထောက်ပံ့ခဲ့သည်။ ၎င်းတို့သည် စစ်ဘေးရှောင်များကို ကူညီဖေးမလိုသည့် ဆန္ဒဖြင့် မောင်တောမြို့နယ်အတွင်းမှ အလှူငွေများကို စုပေါင်းအလှူခံခဲ့ခြင်းဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုအတွက် ကျပ် ၁၅၇ သိန်းကို မေလ ၃၁ ရက်တွင် ကိုယ်တိုင်သွားရောက် ထောက်ပံ့ခဲ့ပြီး၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ကျပ် ၁၅ဝ သိန်းကို ဇွန်လ ၁ ရက်တွင် လွှဲပြောင်းထောက်ပံ့ခဲ့သည်။ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်တို့သည် စစ်ဘေးရှောင်လူဦးရေ အထူထပ်ဆုံးမြို့နယ်များဖြစ်ပြီး စစ်ဘေးရှောင်အများစုမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ လက်ရှိတွင်လည်း ပြင်းထန်သောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထောင်နှင့်ချီ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ရာ ဤထောက်ပံ့မှုသည် ၎င်းတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၄ / ၂ဝ၂၆ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် မောင်တောမြို့နယ်လုံးဆိုင်ရာ သံဃာတော်များနှင့် တကာ၊ တကာမများစုပေါင်း၍ ကျပ်သိန်း ၃ဝဝ ကျော်ကို ထောက်ပံ့ခဲ့သည်ဟု သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုအတွက် ကျပ် ၁၅၇ သိန်းကို မေလ ၃၁ ရက်နှင့် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၁၅ဝ ကို ဇွန်လ ၁ ရက်တွင် အသီးသီး ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့နယ်လုံးဆိုင်ရာ သံဃာတော်များနှင့် တကာ၊ တကာမများအဖွဲ့၏ အဖွဲ့ဝင်ဆရာတော်တစ်ပါးက နိရဉ္စရာကို မိန့်သည်။ “ရည်ရွယ်ချက်က ကိုယ်တို့ သံဃာတွေအနေနဲ့ ကိုယ်တို့မြို့နယ်က ဒီမှာ စစ်ဘေးရှောင်တွေကို ဦးဇင်းတို့ တစ်ထောင့်တစ်နေရာက နည်းသည်၊ များသည်မဟုတ်။ အဲလို ဦးဇင်းတို့ ကူညီချင်တယ်၊ ဖေးမပေးချင်တဲ့ဆိုတဲ့ အဲလိုဆန္ဒတစ်ခုတည်းပဲရှိတယ်။ ရည်ရွယ်ချက်တွေ ထူးထူးခြားခြားတော့ မရှိဘူး”ဟု မိန့်သည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုကို ကိုယ်တိုင်သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက်ကိုမူ ဗဟိုသာသနာရေးရုံးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုအလှူငွေများသည် မောင်တောမြို့ပေါ်အပါအဝင် တစ်မြို့နယ်လုံးရှိသံဃာတော်များနှင့် တကာ၊ တကာမစုပေါင်း အလှူခံထားသည့်အလှူငွေများဖြစ်သည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်သည် ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်လူဦးရေအထူထပ်ဆုံးမြို့နယ်တစ်ခုဖြစ်ပြီး စစ်ဘေးရှောင်အများစုသည်လည်း စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ဘေးရှောင် အများအပြား နေရပ်စွန့်ခွာတိမ်းရှောင်လျက်ရှိပြီး ယခုလက်ရှိဖြစ်ပွားနေသည့် ပြင်းထန်သောတိုက်ပွဲများကြောင့်လည်း စစ်ဘေးရှောင်ထောင်နှင့်ချီ ဆက်လက်ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။