
စစ်အာဏာသိမ်း ၅ နှစ်အတွင်း မုဒိမ်းမှု ၃,၈၀၀ ကျော်ဖြစ်ပြီး ထက်ဝက်ခန့်က သက်ငယ်မုဒိမ်းမှုဖြစ်
AI Summary
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ထိန်းချုပ်ရာ ဒေသများ၌ မုဒိမ်းမှုပေါင်း ၃,၈၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်နီးပါးမှာ သက်ငယ်မုဒိမ်းမှုများ ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ တရားဥပဒေများ အသက်မဝင်ခြင်းနှင့် ကျူးလွန်သူများ အရေးယူမခံရခြင်းတို့ကြောင့် ဤပြစ်မှုများ ပိုမိုများပြားလာသည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက သုံးသပ်သည်။ လက်နက်မဲ့ အရပ်သား၊ အမျိုးသမီးနှင့် ကလေးငယ်များ အထူးသဖြင့် ပဋိပက္ခဒေသနှင့် စစ်ဘေးရှောင်စခန်းများရှိသူများမှာ လုံခြုံမှုမရှိဘဲ စိုးရိမ်ပူပန်စွာ နေထိုင်နေကြရသည်။ ဤအခြေအနေကြောင့် ကျူးလွန်ခံရသူများ၏ အနာဂတ်နှင့် မိသားစုဘဝများ ထိခိုက်နစ်နာလျက်ရှိသည်။ အမျိုးသမီးအရေး လှုပ်ရှားသူများက အမျိုးသမီးနှင့် ကလေးငယ်များကို အပြည့်အဝ အကာအကွယ်ပေးနိုင်သည့် တရားဥပဒေစနစ် ပေါ်ပေါက်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန် တိုက်တွန်းသည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ ဤပြဿနာများ လျော့ကျမည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ထိန်းချုပ်ထားတဲ့ နေရာတွေမှာ မုဒိမ်းမှုပေါင်း ၃,၈၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒါကို လျှော့ချနိုင်ဖို့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးနိုင်တဲ့ တရားဥပဒေစိုးမိုးမှု ပေါ်ပေါက်ဖို့ လိုတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ မုဒိမ်းမှုပေါင်း ၃,၈၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတဝန်း ၂၀၂၁ ခုနှစ်မှာ မုဒိမ်းမှု ၉၆၉ မှု၊ ၂၀၂၂ ခုနှစ်မှာ ၈၆၀ မှု၊ ၂၀၂၃ ခုနှစ်မှာ ၇၀၅ မှု၊ ၂၀၂၄ ခုနှစ်မှာ ၅၆၂ မှုနဲ့ ၂၀၂၅ ခုနှစ်မှာ ၇၄၃ မှု၊ စုစုပေါင်း ၃,၈၃၉ မှုအထိ ဖြစ်ပွားခဲ့တာပါ။
ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတွေရဲ့ ထက်ဝက်နီးပါးဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။
သက်ငယ်မုဒိမ်းမှုတွေ ပိုမိုများပြားလာတာဟာ တရားဥပဒေစိုးမိုးမှု မရှိသလို ရှိနေတဲ့ တရားဥပဒေကလည်း အသက်မဝင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
လက်ရှိအခြေအနေမှာ လက်နက်မဲ့ အရပ်သားပြည်သူတွေနဲ့ အမျိုးသမီးတွေ အထူးသဖြင့် ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်မဲ့သူ မရှိတဲ့ အခြေအနေကလည်း ဒီလိုပြစ်မှုတွေကို ပိုမိုဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။
စစ်တပ်လက်အောက်ခံ ရဲနဲ့ စစ်သားတွေဟာ ပြည်သူတွေကြားမှာ တရားမျှတမှုကို လက်လှမ်းမီအောင်နဲ့ ဥပဒေအသက်ဝင်လာအောင် လုပ်ဆောင်ရသူတွေ ဖြစ်ပေမဲ့ သူတို့ထဲက တချို့ဟာ ကျူးလွန်သူတွေ ဖြစ်နေတာကို တွေ့ရတယ်လို့ ထောက်ပြကြပါတယ်။
ကျူးလွန်သူတွေဟာ လက်နက်ရှိသူ၊ အာဏာရှိသူတွေဖြစ်ပြီး သူတို့ကို အရေးမယူနိုင်တဲ့ အခြေအနေတွေကလည်း မုဒိမ်းမှုတွေ ပိုမိုတိုးပွားလာစေတာ ဖြစ်တယ်လို့ ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေကို အကူအညီပေးနေသူတယောက်က ပြောပါတယ်။
“ရဲတို့ တရားစီရင်ရေး မဏ္ဍိုင်မှာရှိတဲ့ တရားသူကြီးတို့က အစ၊ ဒီဥပဒေတွေကအစ ပြုပြင်ပြောင်းလဲဖို့ အများကြီးလိုအပ်တယ်။ များသောအားဖြင့် ကျမတို့ကလည်း ဓလေ့မှာဆိုရင် အမျိုးသားက ပိုပြီးတော့ အားကောင်းတယ်၊ ဒါက တခုပေါ့လေ။ အဲဒီအပေါ်မှာလည်း ကျမတို့က သတိပြုဖို့လိုတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းဖြစ်တဲ့ အခွင့်အရေးတို့ လူ့အခွင့်အရေးတို့နဲ့ စံချိန်စံညွှန်းပြည့်မီအောင် အမျိုးသမီးအခွင့်အရေးတွေနဲ့ ပြည့်မီအောင် သေသေချာချာတော့ Develop လုပ်ဖို့ လိုတယ်။”
မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုတွေ အဆမတန်များပြားနေပြီး ထိရောက်တဲ့ အရေးယူမှုတွေ မရှိတဲ့အတွက် စစ်တပ်ထိန်းချုပ်ရာ ဒေသတွေမှာ နေထိုင်တဲ့ အမျိုးသမီးတွေအနေနဲ့ မလုံခြုံမှုတွေ ရှိနေသလို ပဋိပက္ခဒေသတွေက အမျိုးသမီးတွေ အတွက်ကတော့ ပိုမိုစိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။
ပဋိပက္ခဖြစ်ပွားရာ ဒေသက အမျိုးသမီးတွေဟာ စစ်ရှောင်စခန်းတွေမှာ စုပေါင်းနေထိုင်ကြရလို့ တခြားအမျိုးသမီးတွေထက် ကိုယ့်ရဲ့လုံခြုံရေးကို ပိုမိုသတိထားနေကြရတာပါ။
စစ်ကိုင်းတိုင်းအတွင်းရှိ ဘုန်းကြီးကျောင်း စစ်ရှောင်စခန်းတခုမှာ အသက် ၁၅ နှစ်အရွယ် သမီး ၂ ယောက်နဲ့အတူ နေထိုင်တဲ့ မိခင်တယောက်ကလည်း အချိန်ပြည့် ဂရုစိုက်နေထိုင်ရတဲ့ မြေပြင်အခြေအနေကို ရင်ဖွင့်ထားပါတယ်။
စစ်ဘေးရှောင် မိခင်တယောက်က “နေရတဲ့နေရာက ဒီလိုပါပဲ။ အများနဲ့နေရတာဆိုတော့ အဆင်မပြေမှုလေးတွေက အများဆုံးကတော့ ရှိတာပေါ့။ ကလေးတွေက ကျောင်းထဲက အကြီးအကဲတွေနဲ့ ရှိတယ်၊ သက်ကြီးရွယ်အိုတွေ ဘာတွေနဲ့ အပ်ခဲ့ရတာပေါ့။ စိတ်ကတော့ ပူရတယ်၊ ညရေးညတာ လုံခြုံရဲ့လားဆိုတော့ ဘယ်လိုပြောရမလဲ၊ တမိသားစုနဲ့ တမိသားစုက ကပ်ရပ်ဆိုတော့ အိမ်ထောင်သည်ပါသလို လူလွတ်တွေလည်းပါတော့ အိပ်ရတာ လုံတော့ မလုံဘူးပေါ့။ ကြမ်းတပြေးတည်းကို သံမံတလင်းလေးပေါ် အိပ်ရတာဆိုတော့လေ၊ အလုပ်သွားရင်တော့ ကလေးတွေက ခေါ်လို့ရရင် ခေါ်သွားတယ်၊ ခေါ်လို့မရရင်တော့ ကျောင်းထဲက စိတ်ချရတဲ့သူနဲ့ အပ်ခဲ့ရတာပေါ့” လို့ ပြောပါတယ်။
စစ်အာဏာရှင်ထိန်းချုပ်ရာ ဒေသတွေနဲ့ ပဋိပက္ခနယ်မြေတွေမှာ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားတာတွေကို လျှော့ချနိုင်ဖို့အတွက် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အပြည့်အဝ အကာအကွယ်ပေးနိုင်တဲ့ တရားဥပဒေစနစ်တခု လိုအပ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက အကြံပြုပါတယ်။
အကာအကွယ်ပေးနိုင်တဲ့ တရားဥပဒေတခု ဖော်ဆောင်နိုင်ဖို့ ဆိုတာကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂအဖွဲ့ တာဝန်ရှိသူက သုံးသပ်ထားပါတယ်။
“ပထမ အနေနဲ့ကတော့ တရားဥပဒေဆိုတာ ပြည်သူအတွက် မဟုတ်တော့ဘဲနဲ့ အာဏာ ကိုင်ဆောင်ထားသူတွေရဲ့ အဓိကဒိုင်းကာ ဖြစ်နေတာပါ။ ဒုတိယအနေနဲ့ကတော့ လုံခြုံရေး အကာအကွယ် လုံးဝမရှိတာပါ။ တတိယအနေနဲ့ကတော့ ထုတ်ဖော်ပြောဆိုဖို့ ကြောက်နေတာပါ။ ဒါက အရှက်ကွဲမှာကြောက်လို့ မဟုတ်ဘူး၊ မိသားစုအနေနဲ့ အရှက်ရမှာစိုးလို့ တိတ်တိတ်လေး နေခိုင်းတာတွေ၊ ကျူးလွန်ခံရသူတွေရဲ့ အနာဂတ်အိမ်ထောင်ရေး ထိခိုက်မှာ စိုးတာတွေက အဓိကဖြစ်နေတာပေါ့။ ဒါကြောင့် မိသားစုတွေကိုယ်တိုင်က မပြောခိုင်းတာရှိတယ်။ ဒီအဖြစ်ဆိုးတွေရဲ့ အဓိက တရားခံက စစ်အာဏရှင်စနစ်ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ စစ်အုပ်စု စစ်အစိုးရ စစ်ဗျူရိုကရေစီ ယန္တရားဆိုတဲ့ စစ်သုံးစစ်ကို မတိုက်ထုတ်နိုင်သရွေ့ကတော့ ဒီလိုကိစ္စတွေက လျော့သွားမှာ မဟုတ်ပါဘူး။”
နိုင်ငံအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို လျှော့ချနိုင်ဖို့အတွက် ပြစ်မှုကျူးလွန်သူတွေကို ထိရောက်ပြတ်သားစွာ အရေးယူဖို့ကလည်း အထူးလိုအပ်နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက အလေးအနက် တိုက်တွန်းပါတယ်။
သီရိ