ဒေါက်တာ တေဇာဆန်း ကို လှောင်ပြောင်သရော်ထားတဲ့ သတင်းအမှား - BUR.MIZZIMA.COM
myanmar||3 MIN READ

ဒေါက်တာ တေဇာဆန်း ကို လှောင်ပြောင်သရော်ထားတဲ့ သတင်းအမှား - BUR.MIZZIMA.COM

AI Summary

လူမှုကွန်ရက်တွင် ဒေါက်တာတေဇာဆန်းအား အမျိုးသမီးတစ်ဦးနှင့် ပွေ့ဖက်ထားသည့်ပုံစံဖြင့် AI အသုံးပြု၍ ဖန်တီးထားသော သတင်းတုများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါပုံမှာ စစ်အုပ်စုကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေခြင်းဖြစ်သည်။ ဤလုပ်ရပ်ကြောင့် ဒေါက်တာတေဇာဆန်း၏ ဂုဏ်သိက္ခာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။ မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်အရ မူရင်းဓာတ်ပုံမှာ မျက်စိကုသမှုခံယူနေသည့်ပုံသာဖြစ်ပြီး AI နည်းပညာဖြင့် ပုံဖျက်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ လက်ရှိတွင် အဆိုပါသတင်းတုများမှာ လူမှုကွန်ရက်၌ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် သတင်းအချက်အလက်များကို သတိပြုစစ်ဆေးရန် လိုအပ်နေသည်။

Zee Tee

မဇ္ဈိမ ။ ။ ဒေါက်တာ တေဇာဆန်းကို ကျန်းမာရေးနဲ့ ပုဂ္ဂိုလ်ရေးအပေါ် တိုက်ခိုက်ထားတဲ့ သတင်းဓါတ်ပုံတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

DGF 21 News ဆိုတဲ့ တယ်လီချန်နယ်ကနေ ဇွန် ၄ ရက်မှာ “တေဇာဆန်းပျောက် နေပါတယ်ထင်တာ လက်စသတ်တော့ ပလောင်မြေမှာ ပလောင်မလေးနဲ့ နှပ်နေတာကို” လို့ ရေးသားကာ ဓာတ်ပုံတပုံ နဲ့အတူ ဖြန့်ဝေခဲ့ပါတယ်။ ပုံထဲမှာတော့ ဒေါက်တာ တေဇာဆန်းနဲ့အတူ TNLA လက်မောင်းတံဆိပ် ပါတဲ့ စစ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတဦးနဲ့ အပြန်အလှန်ပွေ့ဖက်ထားတဲ့ ပုံတပုံ ပါဝင်ပါတယ်။ ဒီပုံဟာ အခြားချန်နယ်တွေမှာလည်း ပျံ့နှံ့နေတာ တွေ့ရပါတယ်။

မဇ္ဈိမက ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ပါတယ်။

ဖြန့်ဝေမှုမှာ ပါဝင်တဲ့ မူရင်းဖြန့်ဝေတဲ့ AZY နာမယ်နဲ့ ဖေ့ဘုတ်အကောင့်ကို ရှာဖွေရာမှာ ဒီအကောင့်ဟာ AI နဲ့ ဖန်တီးထားတဲ့ ပုံတွေကို ဖြန့်ဝေထားတာ အများအပြားတွေ့ရပါတယ်။ ဒီလိုဖန်တီးမှုတွေဟာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးဇော်ဝေစိုး၊ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင် အပါအဝင် နွေဦးတော်လှန်ရေးမှာ အမည်ကျော်ကြားတဲ့ ဦးကျော်သက်လင်း၊ ပန်ဆယ်လို၊ လူမြတ်ကျော် စတဲ့သူတွေကို လှောင်ပြောင်သရော်ထားတဲ့ ပုံတွေကို AI နဲ့ ဖန်တီးဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။ ဒီပုံတွေကို သုံးပြီး စစ်အုပ်စုကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြန်လည်ဖြန့်ဝေထားတာပါ။

ဒေါက်တာ တေဇာဆန်းပုံရဲ့ မူရင်းကို ရှာဖွေရာမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာတော့ မျက်စိကုသမှု ခံယူထားတဲ့ပုံတပုံကို ဖော်ပြထားတာတွေ့ရပါတယ်။ ဒီပုံမှာတော့ ဘယ်အမျိုးသမီးပုံမှ မပါတာကို တွေ့ရပါတယ်။ မျက်လုံးမှာ အကာတပ်ထားတာ၊ ဝတ်ထားတဲ့ အပေါ်ဝတ်အင်္ကျီတွေ တူညီနေပြီး ဒီမူရင်းပုံကို သုံးပြီး AI နဲ့ ဖန်တီးထားတာပါ။ လင့် – https://shorturl.at/1KU0F

ဒါ့ကြောင့် နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ ဒေါက်တာ တေဇာဆန်းပုံကို AI အသုံးပြုပြီး အမျိုးသမီးတဦးနဲ့ ပွေ့ဖက်နေသယောာင် ပုံဖော်ဖန်တီးထားတဲ့ လှောင်ပြောင်သရော်ထားတာပဲ ဖြစ်ပါတယ်။

မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် ⁦t.ly/AjFbz⁩ ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဒေါက်တာ တေဇာဆန်း ကို လှောင်ပြောင်သရော်ထားတဲ့ သတင်းအမှား - BUR.MIZZIMA.COM | YGN Daily