
မုတ်သုံလေကြောင့် နိုင်ငံအနှံ့ မိုးရွာနိုင်၊ ရေကြီး မြေပြိုမှု သတိပြုရန် မိုးဇလဌာနများ အကြံပြု
AI Summary
အနောက်တောင်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သက်ဆိုင်ရာဌာနများက သတိပေးထားသည်။ အဆိုပါ မိုးလေဝသအခြေအနေကြောင့် ကမ်းရိုးတန်းဒေသများနှင့် မြစ်ကမ်းဘေးနေထိုင်သူများမှာ ရုတ်တရက် ရေလွှမ်းမိုးမှုနှင့် တောင်ကျရေဘေးကို အထူးသတိပြုရန် လိုအပ်နေသည်။ လက်ရှိတွင် ကချင်ပြည်နယ်အပါအဝင် ဒေသအချို့၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး မြစ်ရေမျက်နှာပြင်များလည်း မြင့်တက်လာနေသည်။ အထူးသဖြင့် ကရင်၊ မွန်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးရေချိန်မြင့်မားနေသဖြင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။ လက်ရှိအချိန်ထိ မြစ်ရေအချို့ မြင့်တက်နေသော်လည်း စိုးရိမ်ရသည့်အဆင့်သို့ မရောက်ရှိသေးကြောင်း ခန့်မှန်းထားသည်။
ထင်ရှားသော ပြောကြားချက်များ
"ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် သုံးရက်ဆက်တိုက် မိုးကြီးနိုင်သည့် အခြေအနေရှိသဖြင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှု၊ မြို့ပြဒေသများတွင် ရုတ်ချည်း ရေလွှမ်းမိုးမှုနှင့် မြေပြို၊ တောင်ပြို၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ရန်"
"ရခိုင်ကမ်းရိုးတန်းနှင့် မွန်၊ ကရင်ဒေသများတွင် စုစုပေါင်းမိုးရေချိန် မြင့်မားနေသဖြင့် တောင်ကျစမ်းရေကျခြင်း၊ လျှံကျခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ပြီး ရေလုပ်ငန်းနှင့် ပင်လယ်ပြင်ခရီးသွားလာသူများအနေဖြင့်လည်း မိုးသက်လေပြင်းကျရောက်နိုင်ခြေကို သတိထားသင့်ကြောင်း"
ကချင်ပြည်နယ်အတွင်း ယခုဇွန်လအစောပိုင်းက မိုးဆက်တိုက်ရွာသွန်းကာ တောင်ကျချောင်းများ မြင့်တက်စီးဆင်းနေသည့် မြင်ကွင်း။ လာမည့် ရက်သတ္တပတ်အတွင်း အနောက်တောင် မုတ်သုံလေ အားအလွန်ကောင်းနေမှုကြောင့် မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းနိုင်ပြီး ရေကြီးမှုနှင့် မြေပြိုမှုဘေး သတိပြုကြရန် မိုးဇလဌာနများက တိုက်တွန်းထားသည်။
ရောင်နီ (ဇွန် ၁၅)
မဇ္ဈိမ။ ။ အနောက်တောင် မုတ်သုံလေ အားအလွန်ကောင်းနေမှုကြောင့် မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းနိုင်ပြီး ရေကြီးမှုနှင့် မြေပြိုမှုဘေး သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MSLHA) က အကြံပြုထားသည်။
MSLHA က ထုတ်ပြန်သည့် ယနေ့ (ဇွန်လ ၁၅ ရက်နေ့) မှ ၂၁ ရက်နေ့အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်တွင် ယခုတပတ်အတွင်း မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနိုင်ပြီး ဘင်္ဂလားပင်လယ်အော်တွင် လေပွေလှိုင်းတခု ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြသည်။
ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက် မိုးကြီးနိုင်ပြီး မြန်မာနိုင်ငံအနှံ့တွင် မိုးရွာသွန်းမှုရှိနိုင်ကြောင်း အသိပေးသည်။
“ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် သုံးရက်ဆက်တိုက် မိုးကြီးနိုင်သည့် အခြေအနေရှိသဖြင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှု၊ မြို့ပြဒေသများတွင် ရုတ်ချည်း ရေလွှမ်းမိုးမှုနှင့် မြေပြို၊ တောင်ပြို၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ရန် ” MSLHA က တိုက်တွန်းသည်။
မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် မုတ်သုံလေကြောင့် ဇွန်လ ၁၄ ရက်နေ့မှစ၍ ၂၁ ရက်နေ့အထိ တပတ်တာလုံး မိုးဆက်တိုက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသဆိုင်ရာ လေ့လာသူ ဦးဝင်းနိုင်ကလည်း အသိပေးထားသည်။
မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများသည် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့ ဖြစ်သည်။
“ ရခိုင်ကမ်းရိုးတန်းနှင့် မွန်၊ ကရင်ဒေသများတွင် စုစုပေါင်းမိုးရေချိန် မြင့်မားနေသဖြင့် တောင်ကျစမ်းရေကျခြင်း၊ လျှံကျခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ပြီး ရေလုပ်ငန်းနှင့် ပင်လယ်ပြင်ခရီးသွားလာသူများအနေဖြင့်လည်း မိုးသက်လေပြင်းကျရောက်နိုင်ခြေကို သတိထားသင့်ကြောင်း ” ဦးဝင်းနိုင်က ဆိုသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် မိုးရွာသွန်းမှုများ ဖြစ်နေပြီး ဒေသတချို့တွင် ရေကြီးရေလျှံမှုများ ကြုံနေရသည်။ လက်ရှိတွင်လည်း ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးများ၏ ရေမျက်နှာပြင်သည် မြင့်တက်လာနေကြောင်း အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ လက်အောက်ခံ မိုးဇလဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတက်နှုန်း မြင့်တက်လာမှုကြောင့် ချင်းတွင်းမြစ်ဝှမ်းရှိ ခန္တီးနှင့် ဟုမ္မလင်း အပါအဝင် အထက်ပိုင်းဒေသများတွင် မြစ်ရေတိုးလာနိုင်သော်လည်း စိုးရိမ်ရသည့် ရေကြီးမှုအဆင့်အထိ ရောက်ရှိလာဦးမည် မဟုတ်ကြောင်း ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
သို့သော် ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လာမည့်ရက်များတွင် မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်မှုအခြေအနေကို အထူးဂရုပြု စောင့်ကြည့်သင့်ကြောင်း ဦးဝင်းနိုင်က ဇွန်လ ၁၄ ရက်နေ့တွင် သတိပေးထားသည်။
ယခုရက်ပိုင်းအတွင်း မြန်မာတနိုင်ငံလုံး မိုးရွာသွန်းမှုရှိနေပြီး ဒေသတချို့တွင် ရက်ဆက်မိုးသည်းထန်မှုကြောင့် တောင်ကျချောင်းရေကြီးခြင်းနှင့် လျှပ်တစ်ပြတ်ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဆုံးရှုံးမှုများလည်း ကြုံတွေ့နေရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး