
အုန်း၊ ငှက်ပျောဈေးကွက် အရောင်းအဝယ်အေးနေ
AI Summary
ရန်ကုန်ရှိ အုန်းနှင့် ငှက်ပျောဈေးကွက်သည် အရောင်းအဝယ်အေးကာ ပိုမိုဆိုးရွားလာကြောင်း လုပ်ကိုင်သူများက ပြောသည်။ စစ်အာဏာရှင်၏ ရက် ၁၀၀ စီမံကိန်းကြောင့် ဈေးဆိုင်များ ဖယ်ရှားခံရခြင်းနှင့် ဆီဈေးမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ခများ တက်လာခြင်းတို့က အဓိကအကြောင်းရင်းများ ဖြစ်သည်။ ယင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာပြီး ဝယ်သူနည်းပါးကာ အရောင်းအဝယ်များ ကျဆင်းခဲ့သည်။ ကိုဗစ်မတိုင်မီက ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ၃၀၀ မှ ၈၀၀ ကျပ်သာရှိခဲ့ရာမှ ယခုအခါ ၄,၅၀၀ ကျပ်အထိ မြင့်တက်လာပြီး ဈေးကွက်သည် ထက်ဝက်ကျော် ကျဆင်းနေသည်။ ဈေးကွက်ထဲသို့ ကုန်ပစ္စည်းများ ပုံမှန်ဝင်ရောက်နေသော်လည်း ဝယ်သူနည်းပါးနေဆဲဖြစ်၍ အုန်းနှင့် ငှက်ပျော လုပ်ကိုင်သူများမှာ ဆက်လက်ထိခိုက်နစ်နာနေရသည်။

ရန်ကုန်မှာရှိတဲ့ အုန်း၊ ငှက်ပျော ဈေးကွက်က ပိုဆိုးလာပြီး အရောင်းအဝယ် အေးနေတယ်လို့ အုန်း၊ ငှက်ပျော လုပ်ကိုင်သူတွေက ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ ရက် ၁၀၀ စီမံကိန်းကြောင့် ဈေးဆိုင်တွေ ဖယ်ရှားခံရပြီး အဲဒီအကျိုးဆက်ကြောင့် စျေးကွက်က အရောင်းအဝယ် အေးသွားတာဖြစ်တယ်လို့ သိရပါတယ်။
အုန်သီးရောင်းဝယ်ရေး လုပ်ကိုင်သူတယောက်က “အရောင်းအဝယ်က မကောင်းဘူး။ တနှစ်ထက် တနှစ် ပိုဆိုးလာတယ်။ အခု ဆီဈေးတွေတက်တော့ ကုန်ကျစရိတ်ကို ထိခိုက်တာပေါ့။ သယ်ယူ ပို့ဆောင်ခ စရိတ်တက်တော့ ဈေးက မြင့်လာတယ်။ ဈေးမြင့်တော့ အရောင်းအဝယ် အေးသွား တယ်” လို့ ပြောပါတယ်။
ကိုဗစ်မတိုင်ခင်ကာလက အုန်းနဲ့ ငှက်ပျော ဈေးကွက် ပုံမှန်အတိုင်း လည်ပတ်ခဲ့သလို ဈေးနှုန်းလည်း အခုထက် မကြီးမြင့်ဘူးလို့ သိရပါတယ်။
အရင်က ဖီးကြမ်းငှက်ပျောတဖီးကို ကျပ် ၃၀၀ ကနေ ၈၀၀ ကြားသာ ပေါက်ဈေးရှိခဲ့ပြီး အခုအခါမှာတော့ တဖီးကို ၄,၅၀၀ ကျပ်အထိ ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ပြည်တွင်းဈေးကွက်ကိုသာ အဓိကအားထား ရောင်းချနေရတဲ့ အုန်း၊ ငှက်ပျော ဈေးကွက်က ကိုဗစ်မတိုင်ခင်ထက် ထက်ဝက်ကျော် ကျဆင်းလာတယ်လို့ ငှက်ပျောသီးပွဲရုံပိုင်ရှင်က ပြောပါတယ်။
“အရောင်းအဝယ်က အရမ်းကြီးမလိုက်ဘူး။ ဖောက်သည်လောက်ပဲ ရောင်းရတယ်။ ရက် ၁၀၀ စီမံကိန်းကြောင့် ဈေးဆိုင်တွေ နားလိုက်ရတော့ အရောင်းအဝယ်က အေးသွားတယ်။”
ဈေးကွက်ထဲကို အုန်း၊ ငှက်ပျောက ပုံမှန်အတိုင်း ဝင်ရောက်ပေမဲ့ ဝယ်သူနည်းပါးသွားတာကြောင့် အရောင်းအဝယ်အေးတယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် သီတင်းကျွတ်၊ နတ်တော်၊ ပြာသို၊ တပေါင်းလမှာ အရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။
ဟန်မြင့်မိုရ်၊ မြစ်သား၊ ကျောက်ဆည်၊ ရွှေဘို၊ ပုပ္ပါး၊ တောင်ငူ စတဲ့ဒေသတွေက ငှက်ပျောသီး အဓိကထွက်ရှိရာ ဒေသတွေဖြစ်ပြီး ဧရာဝတီတိုင်းဘက်ကတော့ အုန်းသီးအများဆုံး စိုက်ပျိုးရာ ဒေသတခု ဖြစ်ပါတယ်။