
AI Summary
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်သည် သံတမန်ရေးအရ အသက်ရှူချောင်စေသော်လည်း နိုင်ငံတကာမျက်နှာစာတွင်မူ စိန်ခေါ်မှုများစွာ ရှိနေသည်။ တရုတ်နိုင်ငံသည် ရခိုင်ဒေသရှိ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် စစ်ကောင်စီကို ပြန်လည်အမှီပြုလာသော်လည်း ကုလသမဂ္ဂတွင် စစ်ကောင်စီကိုယ်စားလှယ်ကို အတင်းအဓမ္မနေရာပေးရန် တွန့်ဆုတ်နေသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများက စစ်ကောင်စီကို ဆန့်ကျင်သူများကို ထောက်ခံမည့် အရိပ်အယောင်များ ပြသထားသည်။ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးသည် နိုင်ငံတကာ၏ သံတမန်ရေးရာ ဆိုင်းငံ့မှုနည်းဗျူဟာနှင့် မြေပြင်စစ်ရေးအခြေအနေများအပေါ်တွင် မူတည်နေသည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အနာဂတ်အတွက် ကိုယ်တိုင်အားစိုက်ရုန်းကန်ရန် လိုအပ်နေသည်။
ထင်ရှားသော ပြောကြားချက်များ
"လက်ရှိ ဖြစ်တည်နေတဲ့ အခြေအနေတွေအရ... အပြောင်းအလဲတခု ဖန်တီးပေးနိုင်မဲ့ အခွင့်အရေးရှိတဲ့သူတွေ၊ အဲဒီအပြောင်းအလဲကို ဖော်ဆောင်ခွင့်ရမဲ့သူတွေနဲ့ ဆက်ဆံရေးတရပ် ထူထောင်နိုင်ဖို့အတွက် ဖန်တီးနိုင်မဲ့ နည်းလမ်းတွေကို ကျနော်တို့ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်"
စစ်အာဏာရှင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့် ပတ်သက်ပြီး အတော်လေး ရေးပြီးခဲ့ပြီးဖြစ်၍ ထပ်ပင် ရေးစရာ မရှိတော့။ မင်းအောင်လှိုင်အား အာဆီယံထိပ်သီး အစည်းအဝေးလုပ်မည့် ကာဇန်သို့ လာရန် ရုရှား၏ ဖိတ်ခေါ်ခြင်းမခံခဲ့ရမှုအတွက် အရှက်တကွဲ ဖြစ်ရမည့်အရေးကို တရုတ်က ဝင်ရောက်ကယ်တင်ပေးလိုက်သလို ဖြစ်သွားသည်။
သို့သော် အမေရိကန်နိုင်ငံခြားသားအဖြစ် ခံယူထားသူ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ရဲ့ ဦးဆောင်သူ မင်းဇင်အား တရုတ်မှ ၎င်းတို့၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို အန္တရာယ်ကျရောက်စေသည်ဆိုကာ သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးလိုက်သည့် သတင်းက အရိပ်မိုးနေပြီဖြစ်သည်။
ထိုခရီးစဉ်မှ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်မည့် အလားအလာတို့သည် လက်ရှိမြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အလွန်နက်ရှိုင်းစွာ ဆက်စပ်နေသည့် ပထဝီနိုင်ငံရေး ကစားကွက်များ ဖြစ်လာသည်။ တရုတ်၏ မြန်မာ့အရေး ချဉ်းကပ်ပုံ အပြောင်းအလဲနှင့် ထိုကိစ္စအပေါ် သက်ရောက်လာနိုင်ခြေများ ရှိနေသည်။
အာရက္ခတပ်တော်သည် စစ်တွေ၊ ကျောက်ဖြူတို့တွင် ထိုးစစ်ကြီး ဆင်နွှဲလာသည်ကို ကြည့်ပါက တရုတ်သည် အာရက္ခတပ်တော်အပေါ် ‘ဝ’ ၊ ကိုးကန့်၊ တအာင်း တို့ကဲ့သို့ လက်အောက်ခံအဖြစ် ဆက်ဆံ၍ မရတော့မှန်း သိလာပြီး ရခိုင်ရှိ ၎င်းတို့ အကျိုးစီးပွားအား ကာကွယ်ရန် စစ်အုပ်စု ဘက်သို့ ပွင့်လင်းစွာ ပြန်လည်အမှီပြုလာသည့် သဘောရှိသည်။
၎င်းတို့၏ လက်ရှိအကျပ်အတည်းတွင် “အဓိက ကစားသမား” တဦးအဖြစ် ဆက်လက် ထိန်းညှိပေးလိုသည့် သဘောကို ပြသရာရောက်သည်။ စစ်အုပ်စု ပြိုလဲသွားပါက နိုင်ငံအတွင်း ပရမ်းပတာ ဖြစ်ကာ ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသမျှ ရေစုံမျောသွားမည့်အရေးကို ကာကွယ်ရမည် ဟု ခံယူထားသည်။
အမေရိကန် နိုင်ငံခြားရေး မာကို ရူဘီအိုကတော့ “လက်ရှိ ဖြစ်တည်နေတဲ့ အခြေအနေတွေအရ... အပြောင်းအလဲတခု ဖန်တီးပေးနိုင်မဲ့ အခွင့်အရေးရှိတဲ့သူတွေ၊ အဲဒီအပြောင်းအလဲကို ဖော်ဆောင်ခွင့်ရမဲ့သူတွေနဲ့ ဆက်ဆံရေးတရပ် ထူထောင်နိုင်ဖို့အတွက် ဖန်တီးနိုင်မဲ့ နည်းလမ်းတွေကို ကျနော်တို့ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်” ဟု ပြောသွားသည်။ ဆိုလိုသည်က မင်းအောင်လှိုင်ကို ဖြုတ်ချရဲသူ မှန်သမျှ ထောက်ခံပေးသွားမည့်သဘော သွယ်ဝိုက် ပြောဆိုသွားခြင်း ဖြစ်သည်။
ထိုသို့ ဆူပါပါဝါ နှစ်နိုင်ငံ၏ သဘောထားများ တောင်နှင့် မြောက် ဖြစ်နေချိန် ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်မည့် အလားအလာကို သုံးသပ်ရဖို့ ဖြစ်လာသည်။
ဖြစ်နိုင်ခြေအရှိဆုံးက လွန်ခဲ့သည့်နှစ်များနည်းတူ ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီသည် မြန်မာနိုင်ငံ ကိုယ်စားပြုမှုကိစ္စကို “အဆုံးအဖြတ်မပေးဘဲ ဆိုင်းငံ့ထားရန်” (Defer) သဘောတူညီမှု ရယူသွားခြင်း ဖြစ်သည်။
ဤသည်ကလည်း တရုတ်သည် စစ်အုပ်စုကို ထောက်ခံနေသော်လည်း၊ နိုင်ငံတကာမျက်နှာစာတွင် ၎င်းတို့၏ သံအမတ်ကို အတင်းအဓမ္မ ထိုင်ခိုင်းပါက အနောက်အုပ်စုနှင့် ထိပ်တိုက်တွေ့နိုင်ခြေရှိသည်။ ထို့ကြောင့် စစ်အုပ်စုကိုလည်း မျက်နှာပျက်အောင်မလုပ်၊ အနောက်အုပ်စုနှင့်လည်း အချေအတင်မဖြစ်စေမည့် “လက်ရှိအတိုင်း ဆိုင်းငံ့ထားရေး” ဗျူဟာကို တရုတ်က ဆက်သုံးနိုင်သည်။ ယင်းအခြေအနေတွင် ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။
နောက်တချက် စဉ်းစားရဖို့ ရှိလာသည်က စစ်အုပ်စုကိုယ်စားလှယ်ကို အစားထိုးရန် ရုရှားနှင့် ပူးတွဲကာ တရားဝင် ကြိုးပမ်းလာနိုင်သည်။ ထိုသို့ ဖြစ်လာက ကော်မတီအတွင်း မဲခွဲဆုံးဖြတ်ဖို့ ရှိလာပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ တန်ပြန်တွန်းအားပေးမှု မည်မျှ အားကောင်းသလဲ ဆိုသည့်အပေါ် မူတည်သွားမည် ဖြစ်သည်။ သို့သော်လည်း ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏ အတည်ပြုချက် လိုအပ်သဖြင့် စစ်အုပ်စုဘက်က ထိုင်ခုံရရန်မှာ နိုင်ငံတကာ ထောက်ခံမှု လုံလောက်စွာ မရှိသေး၍ ခက်ခဲနေဦးမည် ဖြစ်သည်။
နောက်တကြောင်းက တရုတ်၏ အပြင်းအထန် ဖိအားကြောင့် ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကိုလည်း ဆက်လက်အသိအမှတ်မပြု၊ စစ်အုပ်စုကိုလည်း ပေးမထိုင်ဘဲ မြန်မာ့ထိုင်ခုံကို ယာယီဆိုင်းငံ့ ထားလိုက်သည့် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။
မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကြောင့် ပေကျင်းအဖို့ ပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေသော သွေးအလိမ်းလိမ်းနှင့် ပုဂ္ဂိုလ်အား ပြည်သူ့ခန်းမကြီးတွင် ကော်ဇောနီခင်း၍ ကြိုဆိုမှုက ကိုယ်ကျင့်သိက္ခာပိုင်းအရ အရှက်တကွဲ ဖြစ်ရသော်လည်း စစ်အုပ်စုအဖို့က သံတမန်ရေးအရ အသက်ရှူချောင်ရာ ရရှိသွားသည်ဟု မှတ်ယူမည်သာ ဖြစ်သည်။
သို့သော်လည်း ကုလသမဂ္ဂ၌ ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သံတမန်ရေးရာ တက်ကြွမှု၊ အနောက်နိုင်ငံများ၏ တရုတ်အပေါ် တန်ပြန်ဖိအားပေးနိုင်မှုနှင့် မြေပြင်စစ်ရေးအခြေအနေတို့အပေါ်တွင် တိုက်ရိုက်မူတည်နေပြီ ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးတွင် ‘ကြက်ဥလည်း မကွဲ၊ စေတီလည်း မပျက်’ စည်းကမ်းကို ကျင့်သုံးလေ့ရှိရာ၊ စစ်အုပ်စုကို ပြည်တွင်း၌ ကူညီနေသော်လည်း ကုလသမဂ္ဂကဲ့သို့ ကမ္ဘာ့မျက်နှာစာတွင် ၎င်းတို့အတွက်နှင့် မိမိ၏ပုံရိပ်ကို အထိအခိုက်ခံပြီး ရင်းနှီးပေးရန် တွန့်ဆုတ်နေမည်သာ ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်စုက မြေပြင်အခြေအနေကို သိသာထင်ရှားစွာ ပြန်လည် မထိန်းချုပ်နိုင်သရွေ့ ဦးကျော်မိုးထွန်းအနေဖြင့် ကုလသမဂ္ဂတွင် ဆက်လက်ရပ်တည်နိုင်မည့် အလားအလာသည် သံတမန်ရေးရာ ဆိုင်းငံ့မှုနည်းဗျူဟာအရ ပိုမိုအခွင့်အလမ်းများနေဆဲ ဖြစ်သည်ဟု ယူဆရပေသည်။
ပြဿနာ ဖြစ်နေသည်က မင်းအောင်လှိုင်ဘက်က တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေထံကနေ စစ်ရေးအကူအညီများ ရနေသော်လည်း မိမိတို့ ပြည်သူ့တော်လှန်ရေးဘက်က မည်သူ့ဆီကမှ အကူအညီမရ ဖြစ်နေခြင်းပင်။ သို့သော် ကျူးဘား တော်လှန်ရေးသည် အမေရိကန်တို့ အာဏာရှင် ဘာတစ်စတာအား မားမားမတ်မတ် ရပ်တည်ပေးနေသည့်ကြားမှ မည်သည့်အကူအညီမှ မပါဘဲ ပြည်သူများ၏ ထောက်ခံပံ့ပိုးမှုဖြင့် အောင်မြင်မှု ရခဲ့ခြင်းပင် ဖြစ်သည်။
ပြည်သူများဘက်ကလည်း လက်ရှိတွင် တော်လှန်ရေး မအောင်မြင်သေးဟုဆိုက မိမိတို့ ဝင်ပါဖို့ လိုအပ်လာပြီ ဖြစ်သည်ဟု ခံယူကြရတော့မည် ဖြစ်သည်။ မင်းအောင်လှိုင် လက်အောက် တသက်လုံး နေသွားရမည့်အရေးက မိမိတို့၏အနာဂတ်အတွက် ပို၍ပင် ရင်လေးစရာကောင်းနေသဖြင့် မိမိတို့တွင် မိမိတို့သာ ရှိသည်ဟူသော စိတ်ဖြင့် အားစိုက်ရုန်းကန်ကြရန် လိုအပ်လာပြီ ဖြစ်သည်။
လှစိုးဝေ