
ဝါးခယ်မမြို့နယ် မြစ်အတွင်း သေဆုံးအမျိုးသား အလောင်းတွေ့
AI Summary
ဝါးခယ်မ မြစ်ထဲ အမျိုးသားအလောင်း တွေ့။ ဒေသခံ မေ ၂၈ တွေ့၊ ကယ်ဆယ်ရေး အကြောင်းကြား။ အသက် ၃၀ ခန့်၊ ဘောလုံးဘောင်းဘီ ဝတ်၊ ဆေးရုံ ပို့၊ သေဆုံး အကြောင်း မသိ။

ဧရာဝတီတိုင်း မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြစ်အတွင်း သေဆုံးအမျိုးသားရုပ်အလောင်းတခုကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၈ ရက် မနက်က ဘောလုံးအားကစားဘောင်းဘီအတို ဝတ်ဆင်ထားတဲ့ သေဆုံးအမျိုးသား ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီ သတင်းပေးပို့ ခဲ့တာလို့ ဆိုပါတယ်။
ဝါးခယ်မဒေသခံတယောက်က “ရေနစ်သေဆုံးသူလား၊ အသတ်ခံရသူလားဆိုတာ မသိရ သေးပါဘူး။ အလောင်းက နည်းနည်းပုပ်နေပြီ။ ဘောလုံး ဘောင်းဘီအတို ဝတ်ထားတာတွေ့ ရတယ်။ လက်မှာလည်း သရေကွင်းတွေပတ်ထားတယ်” လို့ ပြောပါတယ်။
တွေ့ရှိရတဲ့ အမျိုးသားအလောင်းဟာ အသက် ၃၀ ဝန်းကျင်အရွယ်လို့ ခန့်မှန်းထားပြီး ဝါးခယ်မ မြို့နယ်မှာ မိသားစုဝင်တယောက်ယောက် ပျောက်ဆုံးနေပါက အလောင်းကို လာရောက် အတည်ပြု နိုင်တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
သေဆုံးအမျိုးသားရုပ်အလောင်းအား ဝါးခယ်မမြို့နယ်အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သော်တာ ကူးတို့ဆိပ်ကတဆင့် အလောင်းဆယ်သယ်ယူပြီး ဝါးခယ်မမြို့ပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ တယ်လို့ သိရပါတယ်။