
AI Summary
ဇွန်လ ၂ ရက်နေ့က မြန်မာဘက်မှ ဒရုန်းတစ်စင်း ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုဝင် ၃ ဦး သေဆုံးခဲ့သည်။ ၎င်းဖြစ်ရပ်သည် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင် ဝေါလေဒေသရှိ မြန်မာစစ်တပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေမှုကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် တိုက်ပွဲများတွင် ကာမီကာဇေဒရုန်းများကို အများအပြား အသုံးပြုနေကြောင်း သိရသည်။ သေဆုံးသူများမှာ အသက် ၂၅ နှစ်အရွယ် မခိုင်၊ သူမ၏ခင်ပွန်း ဦးသူရနှင့် အသက် ၁၁ နှစ်အရွယ် သားဖြစ်သူတို့ဖြစ်ပြီး အခြား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်ရပ်ကြောင့် လူ့အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ တိုက်ပွဲများကြောင့် ဒေသခံ ၃,၀၀၀ ကျော် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယနေ့မနက်တွင် ထိုင်းစစ်တပ်နှင့် လက်နက်ကျွမ်းကျင်မိုင်းအဖွဲ့များက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး တဲ့ သတင်းအပါဝင် ဇွန်လ ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး
တိုက်ရိုက် ထုတ်လွှင့်ချက်
လွန်ခဲ့သော ၉ မိနစ် က မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ဘက်ခြမ်း မြဝတီခရိုင်ထဲက ဝေါလေဒေသထဲက မြန်မာစစ်တပ်ရဲ့ စစ်စခန်း ကို ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တိုက်ပွဲအတွင်း ထိုင်းဘက်ခြမ်းကို မနေ့ ဇွန်လ ၂ ရက်၊ ညနေ ၄ နာရီလောက်က ဒရုန်းကျရောက်ပေါက်ကွဲခဲ့လို့ တာ့ခ်ခရိုင် ၊ ဖုတ်ဖရာမြို့နယ်၊ မော့ကဲထိုင်း ကျေးရွာအနီးက ငရုတ်စိုက်ခင်းထဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦး သေဆုံးခဲ့ပါတယ်။
ထိုင်းသတင်းတွေမှာဖော်ပြချက်အရ ကာမီကာဇေဒရုန်းတစ်စင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့ချိန်မှာ အဲဒီအလုပ်သမား မိသားစုက သွားရောက်ကြည့်ရှုခဲ့တာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တာလို့ဆိုသလို နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
သေဆုံးသူတွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် မခိုင်၊ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဦးသူရ နဲ့ အသက် ၁၁ နှစ်အရွယ်သားဖြစ်သူတို့ သေဆုံးခဲ့တာပါ။
ဒီကနေ့မနက်မှာတော့ ထိုင်းစစ်တပ်နဲ့ လက်နက်ကျွမ်းကျင်မိုင်းအဖွဲ့ တွေ က အဲဒီနေရာကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ ထိုင်းဘက်ခြမ်းကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဖုတ်ဖရာမြို့နယ်ထဲက ဘန်ဝါလေရွာနဲ့ တဖက်ခြမ်း မြန်မာဘက်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်စခန်း ကို KNU လက်အောက်ခံ KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ မြေပြင်ရင်းမြစ်ဆီက သိရှိရပါတယ်။
အဲဒီဝေါလေဘက်က တိုက်ပွဲကို စစ်ကူပေးဖို့အတွက် မြန်မာစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၆ ဖလူးဒေသထဲကနေ ဝင်ရောက်ဖို့ ကြိုးစားနေလို့ အဲဒီဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်က ကာမီကာဇေဒရုန်းတွေကို အမြောက်အများအသုံးပြုခဲ့တယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်ကပြောပါတယ်။
“ အခုက မဲဆောက်ဘက်နားကိုရောက်လာပြီး လူသေတာဆိုတာတော့ လူပြောများတဲ့ ကိစ္စဖြစ်နေတယ်” လို့ နယ်စပ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
“အခုနောက်ပိုင်း ထူးခြားတာက ကာမီကာဇေတွေ အရမ်းသုံးတယ်။ တပ်မမှူး၊ တိုင်းမှူးက သူတို့ကို ဆူထားတယ်။ လေယာဉ် သုံးပြီး ဘာမှ မဖြစ်လာတော့ လေယာဉ်ကို လျှော့သုံးတယ်။ ပိုက်ဆံဖြုန်းတယ်ဆိုပြီး ဖြစ်တော့ အဲဒီဘက်က ကာမီကာဇေက ဒီဘက်ကိုကျလာတာ။ ၂၇၅ က ထုတ်တဲ့ ဒရုန်းတွေလေ” လို့ ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မြန်မာဘက်ခြမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃,၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်ဘက်ကို တိမ်းရှောင်ခဲ့ပြီး၊ ဒေသခံ ၂၀၀ ဝန်းကျင်လောက်ဟာ တာ့ခ်ခရိုင်ထဲကို တိမ်းရှောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြပါတယ်။
လွန်ခဲ့သော ၉ မိနစ် က
မင်္ဂလာပါ။ ဇွန်လ ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။