နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၈ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM
politics||7 MIN READ

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၈ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM

AI Summary

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများကြောင့် ပဲခူးတိုင်းတွင် အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ရှမ်းပြည်နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ စစ်အုပ်စု၏ ဖမ်းဆီးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။ တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများက နိုင်ငံတကာနှင့် ချိတ်ဆက်ကာ တရားမျှတမှုရရှိရေးနှင့် စီးပွားရေးပိတ်ဆို့မှုများအတွက် ကြိုးပမ်းလျက်ရှိသည်။ ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုအန္တရာယ်ရှိနေသဖြင့် သတိပြုကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်ကမူ နိုင်ငံတကာအစည်းအဝေးများ တက်ရောက်ခြင်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။

အမျိုးသားညီညွတ်ရေး အစိုးရ

-ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) မှ ရဲဘော်နှစ်ဦး စစ်အုပ်စုတပ်၏ ဖမ်းဆီးခံထားရ၍ ဆက်နွှယ်သူများ ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်ကြရန် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) က ယနေ့ (မေလ ၈ ရက်) တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်သည်။

-ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ မြန်မာလူမှုအသိုင်းအဝိုင်းနှင့် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ ကြောင်း သိရသည်။

-ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ နဂျပ်ကျေးရွာ (အောက်) ကို စစ်အုပ်စုက ယမန်နေ့ (ဇွန် ၆ ရက်) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအရပ်သား သက်ကြီးပိုင်း အမျိုးသားတဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတဦးက ဇွန် ၇ ရက် တွင် မဇ္ဈိမကို ပြောသည်။

-ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ဒေသအများအပြားတွင် ဇွန်လ ၁၄ ရက်နေ့မတိုင်မီအထိ နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ရေကြီးရေလျှံမှုအန္တရာယ်များကို သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သက်ဆိုင်ရာဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

-မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျောမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေဆုံး ခဲ့ကြောင်း ကျောမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

-အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ထံ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ဇွန်လ ၅ ရက်နေ့တွင် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

-မကွေးတိုင်း၊ လောင်းရှည်မြို့တွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်သည် ဇွန်လ ၈ ရက်နေ့တွင် ဒေသတွင်းကားများကို ချောဆွဲအသုံးပြုကာ ဖောကား ၄ စီး၊ ကားငယ် ၄ စီး စုစုပေါင်း ၈ စီးဖြင့် ဆောမြို့ဘက်သို့ ထွက်ခွာလာကြောင်း ယောအလင်းတန်းက ထုတ်ပြန်သည်။

-ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် နေထိုင်သည့် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ၈ ဒသမ ၁ မိုင် လမ်းလျှောက်လှုပ်ရှားမှုကို ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

-အကြမ်းဖက်စစ်အုပ်စု၏ ကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်းကြီးများအပေါ် အရေးယူပိတ်ဆို့ မှုများ ချမှတ်ဆောင်ရွက်ပေးရန် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံရှိ အလုပ်သမားသမဂ္ဂအဖွဲ့များက လှုပ်ရှားတောင်းဆိုလျက်ရှိကြောင်း Justice For Myanmar က အသိပေးထုတ်ပြန်ထားသည်။

-မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး နိုင်ငံတကာဥပဒေပညာရှင်များ- ICJ က ဆွေးနွေးပွဲ ကျင်းပကြောင်း ICJ – International Commission of Jurists-ICJ က သတင်းထုတ် ပြန်သည်။

-လောင်းလုံးမြို့၏ မြောက်ပိုင်း စခန်းကြီးကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ယနေ့ နံနက်ပိုင်းကစပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေး အင်အားစုများနှင့် ဒေသခံများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲ မှုကြောင့် သေဆုံး၊ ထိခိုက်နစ်နာခဲ့သည့် မိသားစုဝင်များထံ တအာင်းတပ်မတော် (PSLF/TNLA) ခေါင်းဆောင်များက သွားရောက်တွေ့ဆုံကာ တောင်းပန်စကားပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

-သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်း နိုင်ရေး သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိနေ ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ-IEC က ပူးတွဲစာထုတ်သည်။

စစ်ကောင်စီ

-ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပမည့် အစည်းအဝေးများတွင် အာဆီယံဒေသတွင်း မြို့ပြစီမံခန့်ခွဲ မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က အသိပေးထားသည်။

-ဧရာဝတီတိုင်းဒေသကြီးတွင် ဓာတ်မြေဩဇာခွဲတမ်း ခွဲဝေချထားပေးသည့် လုပ်ငန်းစဉ်များကို လွှတ်တော် က ထိန်းညှိကြပ်မတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း အတုယောင် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် စွမ်းအင်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကြည်ကိုကို က ပြောသည်။

-ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၆ ရက်က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် Asia Pacific Leaders Malaria Alliance (APLMA) တို့ပူးပေါင်းကျင်းပသည့် (၁၀) ကြိမ်မြောက်ငှက်ဖျားရောဂါ ပပျောက်ရေးဆိုင်ရာ အာရှ-ပစိဖိတ် ဒေသခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်သည်။

-ငါးနှစ်ကျော်ကြာ သွားလာခွင့် ကန့်သတ်ထားခဲ့သည့် ဘူတာကြီးဂုံးကျော်တံတားအပါအဝင် မန္တလေးမြို့ရှိ လမ်းမကြီးများအား အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့က ဖွင့်ပေးခဲ့ကြောင်း သိရသည်။

-မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်း တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသားနှစ်ဦး ဇွန် ၇ ရက်တွင် ထပ်မံဖမ်းဆီးရမိကြောင်း စစ်အုပ်စု ဝေခံသတင်းများတွင် ဖော်ပြထားသည်။

-ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၈ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM | YGN Daily