
AI Summary
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တလိုင်းတောင်နှင့် မင်းတုန်းမြို့နယ် သဖန်ရောင်ကို ဆက်သွယ်ထားသော ရိုးတောင်ကျော်လမ်းတွင် အာဏာသိမ်းစစ်တပ် စစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့အကြား ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ မင်းတုန်းဘက်မှ ထိုးစစ်ဆင်လာသည့် စစ်တပ်ကို အာရက္ခတပ်တော်နှင့် မဟာမိတ်များက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တိုက်ပွဲများအတွင်း ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ် စစ်ကြောင်းသည် နောက်ဆုတ်သွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာ သဖန်ရောင်၊ ပြောင်းရွာနှင့် ဝက်ကော်ဖက်ရှိ ကျေးရွာသားများမှာ အကုန်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယခင်ကလည်း မေလ ၁၁ ရက်နေ့မှစ၍ သဖန်ရောင်နှင့် ပြောင်းရွာတို့တွင် စစ်တပ်က အခိုင်အမာစခန်းချကာ ကင်းလှည့်ဂိတ်များ တိုးမြှင့်ထားခဲ့ပြီး၊ မတ်လ ၁ ရက်နေ့က ဗုံးကြဲမှုကြောင့် ကုန်သည် ၂၀ ကျော် သေဆုံးကာ ဇန်နဝါရီလကလည်း ရွာများမီးရှို့ခံရ၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးခဲ့ရဖူးသည်။
နိရဉ္စရာဇွန် ၄/၂၀၂၆
ရခိုင်ပြည် အမ်းမြို့နယ် တလိုင်းတောင်နှင့် မင်းတုန်းမြို့နယ် သဖန်ရောင်ကို ဆက်သွယ်ထားသော ရိုးတောင်ကျော်လမ်းကို ထိုးစစ်ဆင်လာသည့် အာဏာသိမ်း စစ်တပ် စစ်ကြောင်း ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး နောက်ဆုတ်သွားခဲ့သည်ဟု သတင်းရရှိသည်။
“ ဇွန် ၁ ရက်နေ့ကစပြီး ၃ ရက်နေ့ထိတိုက်ပွဲဖြစ်ခဲ့တယ်။ အာရက္ခတပ်တော်နဲ့မဟာမိတ်တို့က အသင့်စောင့်ပြီးတိုက်ခိုက်တာကြောင့် မနေ့က နောက်ဆုတ်သွားတယ်” ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
မင်းတုန်းကနေ တက်လာသော အာဏာသိမ်းစစ်တပ်သည် ဇွန်လ ၂ ရက်နေ့က လေကြောင်း ပစ်ကူများယူပြီး တက်လာသဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
"တိုက်ပွဲကတော့ သဖန်ရောင်၊ပြောင်းရွာ၊ဝက်ကော်ဖက်တွေမှာ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ အဲဒီစစ်ကြောင်းက မင်းတုန်းကနေလာတာပါ။ ဇွန် ၂ ရက်နေ့ကဆို ဂျက်ဖိုက်တာ၊Y- 12 လေယာဉ်တွေနဲ့လာပစ်တယ်။ကျေးရွာသားတွေကတော့ အကုန်ထွက်ပြေးသွားပြီ"ဟု ၎င်းကဆက်လက်ပြောဆိုသည်။
အာဏာသိမ်းစစ်တပ်သည်ရခိုင်ရိုးမနှင့် ထိစပ်နေသည့် မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းဒေသ ပြောင်းရွာ၊ သဖန်ရောင်ကျေးရွာတို့တွင်အထိုင်ချပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
မေလ ၁၁ ရက်မှစတင်ကာ သဖန်ရောင်နှင့် ပြောင်းရွာတို့တွင် အခိုင်အမာ စခန်းချထားပြီး ကင်းလှည့်ဂိတ်များ တိုးမြှင့်ထားသည်ဟု သိရသည်။
၂၀၂၆ခုနှစ် မတ်လ ၁ ရက်နေ့ကလည်း ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြောင်းရွာဂိတ်တွင်ပစွည်းလာသယ်ယူနေကြသည့်ကုန်သည်၂၀ ကျော်သေဆုံးခဲ့ကာကုန်တင်ကားများ၊ လူစီးကားများ မီးလောင်ခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်း သဖန်ရောင်၊ ပြောင်းရွာနှင့် ရွာပေါင်း ၆ ရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံထောင်နှင့်ချီထွက်ပြေးခဲ့ရသည်ဟုသိရသည်။