
လွတ်ရက်စေ့ ကျောက်ဖြူဒေသခံ ၂ ဦး ကို ပြန်မလွှတ်ဘဲ အမှုထပ်ဖွင့်ပြီး ထောင်ချ
AI Summary
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် ဒေသခံနှစ်ဦးမှာ လွတ်ရက်စေ့သော်လည်း ပြန်လည်လွတ်မြောက်ခြင်းမရှိဘဲ ထပ်မံတရားစွဲဆိုခံနေရသည်။ အဆိုပါသူတို့နှစ်ဦးကို အာရက္ခတပ်တော်နှင့် ဆက်သွယ်ထောက်ပံ့သည်ဟု စွပ်စွဲကာ မတရားအသင်းပုဒ်မဖြင့် အရင်ဆုံး ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးချရန်နှင့် ဖိနှိပ်ရန်အတွက် ပုဒ်မအမျိုးမျိုးတပ်ကာ ထပ်မံဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် တရားမျှတမှုမရှိသည့်အပြင် လူ့အခွင့်အရေးကို ပြောင်ကျင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။ လက်ရှိတွင် ဦးမောင်မဲနှင့် ဦးကျော်လှအောင်တို့မှာ လွတ်ရက်စေ့သော်လည်း ပုဒ်မ ၅၀(ည) အပါအဝင် အခြားအမှုများဖြင့် ဆက်လက်တရားစွဲဆိုခံထားရပြီး ထောင်တွင်း၌သာ ဆက်လက်ချုပ်နှောင်ခံထားရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က အာဏာရှင်စစ်တပ်က မတရားဖမ်းဆီးပြီး ထောင်ချထားသူ နှစ်ယောက်ကို လွတ်ရက်စေ့ပေမဲ့ ပြန်မလွှတ်ဘဲ တရားထပ်စွဲထောင်ချခဲ့တယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
ကျောက်ဖြူမြို၊ အလယ်ပိုင်းရပ်ကွက်က အသက် ၆၈ နှစ်အရွယ် ဦးမောင်မဲ နဲ့ စေတီတောင် ရပ်ကွက်က ဦးကျော်လှအောင်တို့ကို မတရားအသင်းပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ ပြီး လွတ်ရက်စေ့ချိန်မှာ နောက်ထပ်အမှုဖွင့်တရားစွဲဆို ထောင်ချခဲ့တာပါ။
ကျောက်ဖြူဒေသခံ အမျိုးသမီးတယောက်က “သူတို့နှစ်ယောက်လုံးကို AA နဲ့ ဆက်သွယ်တယ် ထောက်ပံ့တယ်ဆိုပြီး တရားစွဲဆို ထောင်ချခဲ့တာပါ။ တကျော့ပြန်တိုက်ပွဲစတဲ့ ၂၀၂၃ ခုနှစ်က တည်းက အခုဆို လွတ်ရက်စေ့ကြပြီ။ ဒါပေမဲ့ ပြန်မလွတ်တဲ့အပြင် နောက်ထပ်အမှုတွေဖွင့်ပြီး ဆက်လက် ထိန်းသိမ်းထားတယ်” လို့ ပြောပါတယ်။
ဦးမောင်မဲဟာ မေ ၂၉ ရက် မနေ့က လွတ်ရက်စေ့ပေမဲ့ စစ်အာဏာရှင်တွေက ပြန်မလွှတ်ဘဲ ပုဒ်မ ၅၀ (ည)နဲ့ ဆက်လက်တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
ဦးကျော်လှအောင်ဟာလည်း ဧပြီ ၇ ရက်နေ့ကတည်းက လွတ်ရက်စေ့ပေမဲ့ ပြန်မလွှတ်ဘဲ ပုဒ်မ(၅၀)အပြင် နောက်ထပ်အမှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
အခုလို ဒေသခံတွေကို မတရားဖမ်းဆီးထောင်ချရုံသာမက မတရား ပုဒ်မအမျိုးမျိုးတပ်ပြီး ထပ်ဖမ်းဆီးတာဟာ အာရက္ခတပ်တော်(AA)ကို စစ်ရေးအရရှုးနိမ့်နေတာကြောင့် ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် အသုံးချနေတာဖြစ်တယ်လို့ ရခိုင်ဒေသခံတယောက်က ပြောပါတယ်။
“သူတို့လက်ခုပ်ထဲက ရေလိုပဲပေါ့။ သူတို့ကြိုက်တဲ့အမှုကို ကြိုက်သလိုဖွင့် တရားစွဲလို့ရတယ်။ ထောင်ချလို့ရတယ်။ တရားမျှတမှုဆိုတာလည်း မရှိဘူး။ မတရားဖမ်းပြီး ထောင်ချတယ်။ လွတ်ရက်စေ့ပြီး ပြန်မလွှတ်တာလည်း လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး ကျန်တဲ့ ၃ မြို့ထဲက ကျောက်ဖြူနဲ့ စစ်တွေတို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။