
ဖာပွန်လမ်း၌ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က ၉ ဦး ဒဏ်ရာရ
AI Summary
ဖာပွန် စစ်ကြောင်း၊ KNLA တိုက်။ မေ ၂၇ တိုက်ပွဲပြင်း၊ စစ်တပ် ၉ ဦး ဒဏ်ရာ။ စစ်တပ် ရွာ မီးရှို့၊ အိမ် ၁၀၀ ပျက်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူ ၉ ယောက်ရှိတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေပြန်လည်ရရှိရေး စစ်အာဏာရှင်တပ်က ကရင်နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေ ပါတယ်။
လက်ရှိမှာ စစ်ကြောင်းတွေ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က မိုင် ၄၀ နီးက ကျောက်ကွင်း (လယ့်ကွယ်သို)ကျေးရွာနားမှာ ရောက်ရှိနေပါတယ်။
ဒါကြောင့် မေ ၂၇ ရက် မနက် ၉ နာရီကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ညနေ့ပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင် (ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က “စကစ စစ်ကြောင်း မိုင် ၄၀ မှာပဲ တစ်နေတာ။ တနေ့ကုန် ညမိုးချုပ်တဲ့အထိ တိုက်ပွဲဖြစ်တော့ စကစဘက်က သိရသလောက်ကတော့ ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ ဒဏ်ရာရတဲ့အထဲမှာ သိရသလောက် ၉ ယောက်။ ၉ ယောက်ထဲမှာ စိုးရိမ်ရတဲ့အဆင့်က ၇ ယောက်ရှိတယ်” လို့ ပြောပါတယ်။
မေ ၂၆ ရက်ကလည်း ဝါးသိုခိုအထက်နားက မိုင် ၄၀ (တခီးလူ) မှာ စစ်တပ်ရဲ့ စစ်ကြောင်း ရှေ့ဆက်တိုးမရဘဲ တိုက်ခိုက်ခံရပြီး တပ်ခွဲမှူးအပါအဝင် ၄ ယောက်သေဆုံးပြီး တပ်ရင်းမှူး အပါအဝင် ၇ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ကားတစီး တိမ်းမှောက်ခဲ့ပါတယ်။
စစ်တပ်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် အနီးနားက ကျောက်ကွင်း (လယ့်ကွယ်သို) ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင် ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူဆီက သိရပါတယ်။