
AI Summary
ရခိုင်ပြည်နယ်တွင် မိုးဦးကျမှိုများစားသုံးမှုကြောင့် အစာအဆိပ်သင့်မှုများ ဖြစ်ပွားလျက်ရှိသည်။ ဇွန်လ ၃ ရက်နေ့က မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်မိသားစုဝင် ခြောက်ဦးသည် လယ်ကွင်းမှခူးလာသောမှိုများကို စားသုံးပြီးနောက် မူးဝေအော့အန်ကာ အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရသည်။ ၎င်းတို့အားလုံးသည် ဆေးကုသမှုခံယူပြီးနောက် ပြန်လည်သက်သာလာခဲ့ကြသည်။ အလားတူ မေလလယ်ပိုင်းတွင်လည်း ကျောက်တော်မြို့နယ်၌ မှိုစား၍ အဆိပ်သင့်သူများ ရှိခဲ့ကြောင်း သိရသည်။ မိုးဦးကျမှိုများတွင် အဆိပ်ရှိသောမှိုများ ပါဝင်တတ်သဖြင့် သတိထားစားသုံးရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။ အဆိပ်ရှိမှိုများကို မှားယွင်းစားသုံးမိပါက ပြင်းထန်စွာ အဆိပ်သင့်ခြင်း၊ သတိလစ်ခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်တွင် မှိုများစားသုံး၍ အစာအဆိပ်သင့်မှုများဖြစ်ပွားလာနေသည်ဟု သိရသည်။ ယမန်နေ့ ဇွန်လ ၃ ရက်၊ နံနက်ကလည်း မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်မိသားစုဝင်ခြောက်ဦး မှိုစား၍ အစာအဆိပ်သင့်ကာ အရေးပေါ် ဆေးကုသမှုခံယူခဲ့ရသည်ဟု သိရသည်။ မြောက်ဦးမြို့နယ်တွင် မှိုစား၍ အစာအဆိပ်သင့်ခဲ့သူများမှာ စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်မှစစ်ရှောင်နေကြသည့် ဒေါ်ခင်ခင်ဦးအပါအဝင် မိသားစုဝင်ခြောက်ဦးဖြစ်သည်။ သူတို့စစ်ရှောင်နေကြသည့်ကျေးရွာအနီးလယ်ကွင်းမှ သွားရောက်ခူးယူလာသည့် မှိုများကို ချက်ပြုတ်စားသောက်ခဲ့ကြရာမှ ၁ နာရီခန့်အကြာတွင် အားလုံး မူးဝေအော့အန်လာခဲ့ပြီး အရေးပေါ်ဆေးကုသခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ ယမန်နေ့ ညနေပိုင်းအချိန်တွင် မိသားစုဝင်အားလုံး ပြန်လည်သက်သာသွားခဲ့ကြသည်ဟု သိရသည်။ အလားတူ မေလတတိယပတ်အတွင်းကလည်း ကျောက်တော်မြို့နယ်ရှိ ကျေးရွာအချို့တွင် မှိုစားသုံး၍ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့်အတွက် ဆေးကုသမှုခံယူခဲ့ရသူအချို့လည်း ရှိခဲ့သည်ဟု ကျန်းမာရေးဌာနနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။ “လူတစ်ယောက် ညနေပိုင်း မှိုစားလို့ အရေးပေါ်ကုသခဲ့ရသေးတယ်။ မနက်ကျတော့မှ ပြန်သက်သာသွားတယ်။ နောက်တစ်ရက်နှစ်ရက်ကြာရင် နောက်ထပ်မိသားစုတစ်စုလုံး မှိုစားလို့ အဆိပ်သင့်ပြီး ဆေးကုသမှုခံယူခဲ့ရပြန်တယ်။ သူတို့အားလုံးလည်း ပြန်သက်သာသွားခဲ့ပါတယ်”ဟု ပြောသည်။ ရခိုင်တွင် ယခုလိုမိုးဦးကျထွက်ရှိသည့်မှိုများ၌ အဆိပ်သင့်စေသည့်မှိုများပါဝင်တတ်သည့်အတွက် သတိထားစားသုံးသင့်သည်ဟုလည်း ရခိုင်မှ လူငယ် ကိုမောင်နှင်းအေးက နိရဉ္စရာကို ပြောသည်။ “ဒီမိုးဦးကျတွေမှာထွက်တဲ့မှိုတွေဟာ များသောအားဖြင့်တော့ ပြောရမယ်ဆိုရင် အဆိပ်အတောက် ပိုပြီးဖြစ်စေတယ်။ အဆိပ်ပြင်းကြတယ်။ တချို့က အရမ်းစားချင်တဲ့သူတွေရှိကြတယ်လေ။ အရမ်းကြိုက်တဲ့သူတွေရှိကြတယ်။ အဲလိုကြိုက်ရင်တောင်မှ တကယ့်ကို ဒါကိုသိတဲ့သူတွေကိုပြပြီး စားသုံးသင့်ပါတယ်။ မဟုတ်ရင် မှိုကြောင့်လည်း ဒုက္ခရောက်တဲ့သူတွေရှိပါတယ်။ မိသားစုမှာ အမှန်တကယ်စီးပွားရေးမှာ စီးပွားရေးဦးစီးဦးဆောင်လုပ်နေတဲ့သူတွေ၊ ဝမ်းရေးအတွက် ရှာနေတဲ့သူတွေ အဲလိုလူတွေ ကပ်ပါသွားရင် မိသားစုတစ်စုလုံးကို ထိခိုက်ပါတယ်”ဟု ပြောသည်။ အဆိပ်ရှိသည့်မှိုများကို သတိမထားမိဘဲ စားသုံးမိပါက ပြင်းထန်သောအဆိပ်သင့်ဝေဒနာကို ခံစားရသည့်အပြင် သတိလစ်ပြီး အသက်ပါသေဆုံးစေနိုင်သည်ဟုလည်း သိရသည်။
ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၄/၂ဝ၂၆