ရေတာရှည်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ - BUR.MIZZIMA.COM
politics||4 MIN READ

ရေတာရှည်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ - BUR.MIZZIMA.COM

AI Summary

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာ (အောက်) ကို စစ်အုပ်စုက ဇွန်လ ၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၇၅ နှစ်အရွယ် အရပ်သားအမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများအနက် ကိုချစ်ဖွယ်မှာ ဝမ်းဗိုက်တွင် လက်နက်ကြီးစ ထိမှန်၍ စိုးရိမ်ရသည့် အခြေအနေရှိသည်။ ဤလေကြောင်းတိုက်ခိုက်မှုသည် ဇွန်လ ၃ ရက်နေ့က စစ်အုပ်စု၏ ဆွာမကြီးစခန်းကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုဘက်မှ အထိနာခဲ့သည့်အတွက် လက်တုံ့ပြန်သည့်သဘောဖြစ်ကြောင်း ရေတာရှည် ပကဖက သုံးသပ်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့သည်။ လက်ရှိတွင် ရေတာရှည်မြို့နယ်၌ တိုက်ပွဲများ ပြင်းထန်နေပြီး ကျေးရွာများမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရကာ မိုးရာသီဖြစ်၍ အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်။

ဓါတ်ပုံ – ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ နဂျပ်ကျေးရွာ (အောက်) ကို စစ်အုပ်စုက ယမန်နေ့ (ဇွန် ၆ ရက်) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ဒေသခံသက်ကြီးပိုင်း အမျိုးသားတဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတဦးက ယနေ့ (ဇွန် ၇ ရက်)တွင် မဇ္ဈိမကို ပြောသည်။ (ရေတာရှည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့)

001 (ဇွန် – ၇)

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ နဂျပ်ကျေးရွာ (အောက်) ကို စစ်အုပ်စုက ယမန်နေ့ (ဇွန် ၆ ရက်) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအရပ်သား သက်ကြီးပိုင်း အမျိုးသားတဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတဦးက ယနေ့ (ဇွန် ၇ ရက်)တွင် မဇ္ဈိမကို ပြောသည်။

သေဆုံးသူသည် အသက် ၇၅ နှစ်အရွယ် ဦးမောင်ပုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးထဲတွင်လည်း အသက် ၄၀ ကျော်အရွယ် ကိုချစ်ဖွယ်မှာ စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

“(ကိုချစ်ဖွယ်) သူကတော့ နည်းနည်းစိုးရိမ်ရတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းဗိုက်မှာ လက်နက်ကြီးစဖောက်ဝင်သွားလို့ပါ။ နောက်ထပ်တယောက်ကတော့ ဦးအေးကြိုင်ပါ သူကတော့ လက်မောင်းမှာပဲ ထိခိုက်ဒဏ်ရာရတယ်ဆိုတော့ သိပ်ပြီးတော့မှ မစိုးရိမ်ရပါဘူး” ဟု ၎င်းက‌ ပြောသည်။

စစ်အုပ်စုသည် ယမန်နေ့က ရေတာရှည်မြို့နယ်ထဲရှိ နဂျပ်၊ ဂူကြီးနှင့် ရှမ်းစုကျေးရွာ အနားတဝိုက်သို့ လေကြောင်းတိုက်ခိုက်သွားခြင်းဖြစ်ပြီး အရပ်သားနေအိမ် နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“အရင်တလောကတော့ ကျွန်တော်တို့ သတင်း Page မှာ ထုတ်ပြန်ထားတဲ့အတိုင်း ဆွာမကြီးမှာ တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ဆွာမကြီးစခန်းကို ကျွန်တော်တို့ နေပြည်တော် PDF တွေနဲ့ တခြား ပူးပေါင်းမဟာမိတ်တပ်တွေ တိုက်ခိုက်တဲ့ဖြစ်စဉ်တော့ရှိတယ်” ဟု ရေတာရှည်မြို့နယ်၊ ပကဖ တာဝန်ရှိသူက ပြောသည်။

“အဲ့ဒီမှာသူတို့ ဗိုလ်မှူးအပါအဝင် ထိခိုက်ပျက်စီး သူတို့တော်တော်များသွားတဲ့အတွက် အထိနာသွားတယ်လို့ ပြောလို့ရတယ်။ အဲ့ဒီအတွက် သူတို့ ရည်ရွယ်ချက်ရှိရှိ ပြန်ပြီးတော့မှ လေကြောင်းနဲ့ ပြန်တုံ့ပြန်တဲ့သဘောမျိုးပါ” ဟုလည်း ၎င်းက သုံးသပ်သည်။

ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ဆွာမကြီး (ဆွာရွာမ) စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းအဖွဲ့များက ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနကလည်း ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်းလည်း ဆိုထားသည်။

ရေတာရှည်မြို့နယ်၌ လက်ရှိတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်အုပ်စုတပ်အကြား စစ်ရေးတင်းမာနေပြီး ရေတာရှည်လေး၊ ရေငံ၊ ပိတောက်ကုန်း၊ ကျွန်းကုန်း၊ ဆယ်ဝတော၊ စည်ပိုင်း၊ ရှမ်းစု စသည်ကျေးရွာများနှင့် အနီးတဝိုက်ကျေးရွာများမှ ခန့်မှန်း ဒေသခံပြည်သူ ၁,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ရေတာရှည်မြို့နယ်၊ ပကဖက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် နီးစပ်ရာဘုန်းကြီးကျောင်းများ၊ တိုက်ပွဲနှင့် ဝေးရာ ကျေးရွာများတွင် သွားရောက်ခိုလှုံနေရပြီး မိုးရာသီဖြစ်သည့်အတွက် စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
ရေတာရှည်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ - BUR.MIZZIMA.COM | YGN Daily