
ကလေး - တမူးလမ်းပိုင်းကို စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲ၊ အရပ်သားများ သေဆုံးပြီး ဖမ်းဆီးခံရမှုများရှိနေ ဟုဆို - BUR.MIZZIMA.COM
AI Summary
စစ်ကိုင်းတိုင်းဒေသကြီး ကလေး-တမူးမြို့နယ်လမ်းပိုင်းတွင် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဇွန်လ ၁၁ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အရှေ့ခုံသာရွာမှ ဒေသခံလေးဦးထက်မနည်း သေဆုံးခဲ့ရပြီး လူနေအိမ်များ မီးရှို့ခံရကာ ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ စစ်အုပ်စုသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံများမှာ ကလေးမြို့နယ်နှင့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လက်ရှိတွင် စစ်ကြောင်းများသည် ရာဇဂြိုလ်ရွာဘက်သို့ ဦးတည်ရွေ့လျားနေပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်လျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"သေဆုံးသူက လေးဦးနဲ့ အထက်ရှိမယ်လို့ ကနဦးသိရတယ်၊ ဗုံးကြဲလို့ သေတဲ့ ပြည်သူအလောင်းကို ပုံပြောင်းပြီး သတင်းမှားတင်ပြဖို့ညွှန်ကြားတာတွေလည်းရှိတယ်လို့သိရတယ်"
"အဲဒီရွာမှာ တိုက်ပွဲမဖော်ဆောင်ဘူး ၊ ကျွန်တော်တို့ရှိတယ်အထင်နဲ့ လေကြောင်းပစ်ကူတောင်းပြီး တက်လာတာ ၊ လေကြောင်းက ရွာထဲကြဲတဲ့ချိန် ပြည်သူတွေထိခိုက်ကုန်တော့တာပဲ"
"သူတို့သိမ်းတဲ့စခန်းက အခွံကြီး ၊လူတွေကရွှေ့သွားတာကြာပြီ ၊ သိမ်းတဲ့ပစ္စည်းတွေကလည်း အစုတ်တွေ ၊ စကစဘက်က အထိပိုနာနေတယ်"
ဓာတ်ပုံ – တမူးမြို့နယ် ၊ ခါမ်းပါတ်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်စဥ်(ပုံဟာင်း ၊ NUG/MOD) စစ်ကိုင်းတိုင်း ၊ ကလေးနှင့် တမူးမြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းထိုးလာပြီး ဇွန်လ၁၁ရက်နေ့က လေကြောင်းမှတိုက်ခိုက်ရာ အရှေ့ခုံသာမှ ဒေသခံလေးဦးထက်မနည်းသေဆုံးပြီး ဖမ်းဆီးခံရသူများကိုလည်းရှိကြောင်း ဒေသ ခံနှင့် ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။ (NUG – MOD)
ပါခွီး(ဇွန် ၁၂)
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း ၊ ကလေး – တမူးမြို့နယ်လမ်းပိုင်းတွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားများ သေဆုံးပြီးဖမ်းဆီးခံရမှုများရှိနေကြောင်း ဒေသခံနှင့် ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံကသိရသည်။
မိုင် ၈၀ကျော်အကွာဝေးရှိသော မြို့ချင်းဆက်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကလေးနှင့် တမူးမြို့မှ နှစ်ဖက်ညှပ်၍စစ်ကြောင်းထိုးလျက်ရှိရာ ကလေးမြို့နယ် အရှေ့ခုံသာရွာကို ဇွန်လ၁၁ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်မှုတွင် ဒေသခံ လေးဦးနှင့် အထက်သေဆုံးနိုင်ကြောင်း အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။
“သေဆုံးသူက လေးဦးနဲ့ အထက်ရှိမယ်လို့ ကနဦးသိရတယ်၊ ဗုံးကြဲလို့ သေတဲ့ ပြည်သူအလောင်းကို ပုံပြောင်းပြီး သတင်းမှားတင်ပြဖို့ညွှန်ကြားတာတွေလည်းရှိတယ်လို့သိရတယ်” ဟု ၎င်းကဆိုသည်။
မိုးများရွာသွန်းနေပြီး ရာသီဥတုဆိုးရွားသည့်ကြားမှ လေကြောင်းမှလာရောက်ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာ တွင်တိုက်ပွားဖြစ်ပွားခြင်းမရှိကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
“အဲဒီရွာမှာ တိုက်ပွဲမဖော်ဆောင်ဘူး ၊ ကျွန်တော်တို့ရှိတယ်အထင်နဲ့ လေကြောင်းပစ်ကူတောင်းပြီး တက်လာတာ ၊ လေကြောင်းက ရွာထဲကြဲတဲ့ချိန် ပြည်သူတွေထိခိုက်ကုန်တော့တာပဲ” ဟု ၎င်းက ပြောသည်။
လေကြောင်းမှ တိုက်ခိုက်ပြီး ရွာအတွင်းသို့ဝင်ရောက်၍ လူနေအိမ်နှစ်လုံးကို မီးရှို့ကာ ဒေသခံများ ကို ဖမ်းဆီးထားကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
ကလေးမြို့မှ ထွက်လာသည့် စစ်ကြောင်းသည် အရှေ့ခုံသာနှင့် အနောက်ခုံသာသို့ ဝင်ရောက် ဖမ်းဆီးထားသည့် ဒေသခံ ၃၀ကျော်ထဲမှ အချို့ကို စစ်ကြောင်းနှင့်အတူခေါ်ဆောင်ကာ ယနေ့(ဇွန်လ၁၂ရက်) တွင် ရာဇဂြိုလ်ရွာဖက်သို့ ဦးတည် ထွက်ခွာနေကြောင်းသိရသည်။
တမူးမြို့ဖက်မှ ထွက်လာသည့်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဇွန်လ ၇ရက်နေ့မှ စတင်တိုက်တိုက်ပွဲဖြစ်ပွားရာ ငါးရက်မြောက်နေ့တွင် တမူးမြို့နယ်အတွင်းရှိ နန်မွန်တား နှင့် ရန်လင်းဖိုင်းရှိ ပြည်သူ့ကာကွယ်ရေးအခြေစိုက်နေရာများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။
စစ်အုပ်စုတပ်သည် လူအင်အားသုံး၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များထက် ပိုမိုအထိနာနေကြောင်းနှင့် သိမ်းဆည်းရသွားသည့်စခန်းများမှာ လူမရှိတော့သည့် စခန်းဟောင်းများသာဖြစ် ကြောင်း စစ်ရေးသတင်း အရင်းမြစ်က မဇ္ဈိမကိုပြောသည်။
“သူတို့သိမ်းတဲ့စခန်းက အခွံကြီး ၊လူတွေကရွှေ့သွားတာကြာပြီ ၊ သိမ်းတဲ့ပစ္စည်းတွေကလည်း အစုတ်တွေ ၊ စကစဘက်က အထိပိုနာနေတယ် ။ တမူးမြို့ဆေးရုံမှာ အပြင်လူနာတွေပြန်လွှတ်ပြီး သူတို့လူတွေကိုကုနေရတယ်လို့သိရတယ်” ဟု ၎င်းကဆိုသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးသွားခဲ့စဥ်က အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးတို့ကို လုပ် ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားပြီးနောက် တမူး – ကလေးလမ်းပိုင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထိန်းချုပ်ရာနယ်မြေများကို စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲများကြောင့် တမူးမြို့နယ်အတွင်း ခွန်မွန်းနွံ ၊နန်မွန်တား၊ ရန်လင်းဖိုင်၊ ဝိတုတ် ၊ ကနန်၊ဘုက္ကန်၊ ခါမ်းပါတ် ၊ကျွန်းတောရေရှင်နှင့် ကလေးမြို့နယ်အတွင်းရှိ ကံသာယာ၊ ကံကြီး ၊ ဖက်ယားရေရှင် ၊စော်ဘွားရေရှင် ၊ရန်မျိုးအောင် ၊ကြံစက်ကုန်း ၊ကြက်ဖနက် နန်စောင်းပု ၊ ၅၅မိုင် ၊ ၅၆မိုင် ၊ အရှေ့ခုံသာ ၊ အနောက်ခုံသာနှင့် ရာဇဂြိုလ်အပါအဝင် ဒေသတွင်းရှိပြည်သူများမှာ ကလေးမြို့ နယ်နှင့် အိန္ဒိယနိုင်ငံအတွင်း တိမ်းရှောင်ခိုလှုံနေရကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်