
AI Summary
ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၁၀၇ ဦးကို လွတ်ရက်စေ့ရောက်သဖြင့် မေလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အဆိုပါသူများသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်မှုများကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ပြန်လည်ရောက်ရှိလာသူများအနက် အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် မှီခိုသူ ၃ ဦးတို့ ပါဝင်သည်။ ပြန်လည်ရောက်ရှိလာသည့် လူငယ်အချို့ကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမည်ကို စိုးရိမ်မှုများရှိနေသည်။ ယခုအကြိမ်သည် ၂၀၂၆ ခုနှစ်အတွင်း ကိုးကြိမ်မြောက် ပြန်လည်လွှဲပြောင်းမှုဖြစ်ပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံသား ၇၆၅ ဦးအထိ ပြန်လည်လွှဲပြောင်းခံထားရပြီးဖြစ်သည်။
နိရဉ္စရာ၊မေ၃၀ / ၂၀၂၆
ထိုင်းနိုင်ငံရနောင်းထိန်းသိမ်းရေးစခန်းမှ လွတ်ရက်စေ့၍ ပြန်လွတ်လာသောမြန်မာနိုင်ငံသား၁၀၇ဦးကို မေလ၂၉ရက်တွင်မြန်မာဘက်ကော့သောင်းမြို့သို့ပြန်ပို့လိုက်ကြောင်းရနောင်းလူဝင်မှု ကြီးကြပ်ရေးဌာနမှညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ပြန်ပို့ခြင်းခံရသူ၁၀၇ဦးတွင်အမျိုးသား၉၀ဦး၊အမျိုးသမီး၁၇ဦးနှင့်မှီခိုသူ၃ဦးတို့ပါဝင်သည်ဟု သိရသည်။
မနေ့က မေလ၂၉ရက်နံနက်၁၁ နာရီ၃၀မိနစ်ခန့်တွင်ရနောင်းပြည်နယ်၊လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဒုတိယရဲမှူးကြီးYutitham Phansadနှင့် ရနောင်းရှိမြန်မာနိုင်ငံဆိုင်ရာလက်ထောက်အလုပ်သမားသံမှူးဦးအောင်စိုးသန်းတို့မှ၎င်းတို့အား ကြည့်ရှုစစ်ဆေးပြီးနောက် ပြန်ပို့ခြင်း ဖြစ်ကြောင်းသိရသည်။
ထို့အပြင်အေဂျင်စီ၉ခုမှနိုင်ငံခြားသားအလုပ်သမားများပြန်လည်လက်ခံရေးကော်မတီတို့သည်ရနောင်းအကောက်ခွန်ဆိပ်ခံတံတားမြန်မာနိုင်ငံသားများပြန်ပို့ခြင်းကို လာရောက် မှတ်တမ်းတင်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်ပို့ခံရသူများအထဲမှ လူငယ်များကို အာဏာသိမ်းစစ်တပ်မှ အတင်းအဓမ္မ လူသစ်စုဆောင်းကာ ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်မှုများရှိနေကြောင်း သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
ယခုပြန်ပို့မှုသည်၂၀၂၆ခုနှစ်အတွင်းကိုးကြိမ်မြောက်ဖြစ်ပြီးစစ်အစိုးရထံသို့ပြန်လည် လွှဲပြောင်းခံရသူမြန်မာနိုင်ငံသား၇၆၅ဦးအထိရှိလာပြီဖြစ်ကြောင်းလည်းသိရသည်။
ဇန်နဝါရီလတွင် နှစ်ကြိမ်မြန်မာနိုင်ငံသား၁၆၈ဦးနှင့်ဖေဖော်ဝါရီလတွင်နှစ်ကြိမ်၁၂၈ဦး၊မတ်လတွင်နှစ်ကြိမ်၁၉၃ဦး၊ဧပြီလတွင်၇၈ဦး၊မေလတွင်နှစ်ကြိမ်၁၉၈ဦးနေရပ်ပြန်ပို့ပြီးဖြစ်သည်။
ပြီးခဲ့သော၂၀၂၅ခုနှစ်အတွင်းရနောင်းမှကော့သောင်းသို့ပြန်ပို့ခံရ၁၆ကြိမ်ရှိခဲ့ပြီးစုစုပေါင်း၂၀၇၂ဦးအထိရှိခဲ့သည်။
၂၀၂၄ခုနှစ်တွင်မူရနောင်းထိန်းသိမ်းရေးစခန်းမှကော့သောင်းသို့ပြန်လွှဲပြောင်းမှုအကြိမ်ရေစုစုပေါင်း၁၄ကြိမ်ရှိပြီးမြန်မာနိုင်ငံသား၂၀၀၅ဦးကို လွှဲပြောင်းခဲ့ကြောင်းရနောင်းလူဝင်မှုကြီးကြပ်ရေးဌာန မှတ်တမ်းများအရသိရသည်။