
ချင်းတောင်ပိုင်းတွင် သမရိုးကျစစ်အသွင်ပြောင်းသွားပြီး စစ်အုပ်စုထိုးစစ်ကို ဗျူဟာကျကျတုံ့ပြန်နေကြောင်း ဆလိုင်းယောမန်ပြောကြား - BUR.MIZZIMA.COM
AI Summary
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ပြောက်ကျားစနစ်မဟုတ်တော့ဘဲ ဗျူဟာကျကျ သမရိုးကျစစ်ပုံစံဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်နေကြောင်း CPU/A အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က ပြောကြားခဲ့သည်။ မေလလယ်မှစ၍ အင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်အုပ်စုတပ်သည် လေကြောင်းမှပါ တိုက်ခိုက်လျက်ရှိပြီး မင်းတပ်မြို့ကို စက်ဝန်းပုံသဏ္ဍန်နီးပါး ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ တော်လှန်ရေးတပ်များအနေဖြင့် အချို့နေရာများတွင် နောက်ဆုတ်ပေးရမှုများရှိသော်လည်း စစ်အုပ်စုတပ်ကို ပြန်တွန်းထုတ်နိုင်ခဲ့သည့် နေရာများလည်းရှိကြောင်း ဆလိုင်းယောမန်က ဆိုသည်။ လက်ရှိအခြေအနေသည် နှစ်ဘက်လုံးအတွက် အပြီးသတ်အောင်ပွဲမဟုတ်သေးဘဲ နောက်ထပ် နှစ်လ သုံးလအကြာမှ အဖြေထွက်လိမ့်မည်ဟု ခန့်မှန်းထားသည်။ တိုက်ပွဲများကြောင့် မင်းတပ်မြို့နယ်တွင်း ဒေသခံ ၁၇,၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနှင့် အရေးပေါ်ဆေးဝါးများ အရေးတကြီးလိုအပ်လျက်ရှိသည်။ ဆလိုင်းယောမန်က ဤတော်လှန်ရေးသည် မျိုးဆက်သစ်များအတွက် နောက်ဆုံးတိုက်ပွဲဖြစ်သဖြင့် စည်းလုံးညီညွတ်စွာဖြင့် မဖြစ်မနေ အောင်နိုင်ရမည်ဟု နှိုးဆော်ခဲ့သည်။
ဓါတ်ပုံ – CDF – Mindat ရဲဘော်များစစ်ရေးလေ့ကျင့်စဥ် ။ ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်များကို ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်ကို ပြောက်ကျားစနစ်နှင့် တိုက်ရသည့် သမရိုးကျစစ်ပွဲမျိုး မဟုတ်ဘဲ ဗျူဟာကျကျက တုံ့ပြန်တိုက်ခိုက်နေကြောင်း ချင်းညီနောင်(CB) နှင့် CPU/A ရဲဘော်များအတွက် Chin Liberation Fund က ဇွန်လ ၆ရက်နေ့တွင် ပြုလုပ်သည့် အရေးပေါ်ရန်ပုံငွေရှာ ဖွေပွဲတွင် CPU/A အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က ပြောသည်။
ပါခွီး (ဇွန် ၇ရက်) – မဇ္ဈိမ
ချင်းပြည်နယ်တွင်း စစ်ပုံစံသည် ပြောက်ကျားစနစ်မဟုတ်တော့ဘဲ သမရိုးကျစစ်အသွင်ပြောင်းသွားခဲ့ပြီး တောင်ပိုင်းကို ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်ကို ဗျူဟာကျကျပြန်လည်တုံ့ပြန် တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/တပ်မတော် (CPU/A) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန် ကပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များကို စစ်အုပ်စုတပ်က ထိုးစစ်ဆင်လာနေချိန် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ချင်းညီနောင် (CB) နှင့် CPU/A ရဲဘော်များအတွက် Chin Liberation Fund က ဇွန်လ ၆ ရက်နေ့၌ ကျင်းပခဲ့သည့် အရေးပေါ်ရန်ပုံငွေ ရှာဖွေပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီတိုက်ပွဲက အရင်တုန်းက စစ်ကြောင်းချီတာတွေနဲ့ မတူတော့ပါဘူး။ ဒီတခါကျတော့ ပြောက်ကျားစနစ်နဲ့ တိုက်ရတာ မဟုတ်ဘဲ တကယ့် သမရိုးကျစစ်ပွဲလိုမျိုး လုံးဝရှေ့မတိုးနိုင်အောင် ကာကွယ်ရတာ ဖြစ်ပါတယ်။ သူတို့ကလည်း ပတ်ချာလည်ပြီး တိုက်ခိုက်ဖို့ ဗျူဟာကျကျ ရှောင်ကွင်းသွားလာတာတွေ၊ တိုက်ခိုက်တာတွေ လုပ်လာတဲ့အတွက် ကျွန်တော်တို့ကလည်း ဗျူဟာကျကျ ပြန်လည်တုံ့ပြန်ရပါတယ်” ဟု ဆလိုင်းယောမန် က ပြောသည်။
ချင်းတော်လှန်ရေးတပ်များအနေဖြင့်အချို့နေရာများတွင် နောက်ဆုတ်ပေးရမှုရှိသော်လည်း နေရာအချို့တွင် စစ်အုပ်စုတပ်ကို ပြန်တွန်းထုတ်နိုင်ကြောင်း၊ လက်ရှိအခြေအနေမှာ နှစ်ဘက်လုံးအတွက် အပြီးသတ်အောင်ပွဲမဟုတ်သေးဘဲ နောက်ထပ် နှစ်လ သုံးလအကြာမှ အဖြေထွက်လိမ့်မည်ဟု သူက ခန့်မှန်းသည်။
သမရိုးကျစစ်နှင့်ပတ်သက်၍ ဆလိုင်းယောမန်က ထည့်သွင်းပြောကြားသွားခြင်းမရှိသော်လည်း သမရိုးကျစနစ်တွင် ယေဘုယျအားဖြင့် ဗဟိုထိန်းချုပ်မှုစနစ်ရှိကာ မည်သည့်တပ်ရင်းက မည်သည့်နေရာက ခုခံမည်၊ မည်သည့်အချိန်တွင် ပစ်ကူတောင်းရမည်ဆိုခြင်းကို အထက်စစ်ဌာနချုပ်က စနစ်တကျ အမိန့်ပေးကွပ်ကဲသည့်စနစ်ရှိကာ အခိုင်အမာ ကာကွယ်ရေးစနစနစ်နှင့် လှုပ်ရှားစစ်ဖြင့်ခုခံခြင်းတို့ပါဝင်သည်။ ထို့အပြင် ခံစစ်ဆင်နေသည့်တပ်သားများအတွက် ခဲယမ်း၊ ရိက္ခာနှင့် ဆေးဝါးများ စဉ်ဆက်မပြတ် ရောက်ရှိနေစေရန် ထောက်ပံ့ရေးလမ်းကြောင်းများ တည်ဆောက်ထားလေ့ရှိသည်။
စစ်အုပ်စုတပ်သည် တိုက်ပွဲမစမှီ ထောက်ပို့နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ကြိုတင်ပိတ်ဆို့ပြီး အလျင်အမြန် ထိုးစစ်ဆင်လာခဲ့သဖြင့် တော်လှန်ရေးတပ်များ အဆင်သင့်မဖြစ်သေးသော အခြေအနေတချို့တွင် စစ်ရေးအရ နောက်ဆုတ်ပေးခဲ့ရသော်လည်း ရန်သူ့စစ်ရေးလှုပ်ရှားမှုပုံစံကို နားလည်သွားပြီး ပြန်လည်တွန်းလှန်တားဆီးနိုင်ကြောင်း ဆလိုင်းယောမန်က ပြောသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်ကို မေလလယ်မှစ၍ အင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောတပ်များနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။ စစ်အုပ်စုတပ်သည် အကြိမ်ပေါင်းများစွာ လေကြောင်းမှ တိုက်ခိုက်လျက်ရှိကြောင်းလည်း CPU/A က ဇွန်လ ၄ ရက်နေ့တွင် ကြေညာသည်။
စစ်အုပ်စုတပ်က မင်းတပ်မြို့ကို မြို့အရှေ့၊ တောင် နှင့် မြောက်ဘက်များမှ စက်ဝန်းပုံသဏ္ဍန်နီးပါး ထိန်းချုပ်ထားနိုင်ပြီး မြို့နှင့် မိုင်အနည်းငယ်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်အုပ်စုထောက်ခံသည့် မီဒီယာများတွင် ဖော်ပြကြသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုတွင် စစ်အုပ်စုတပ်ဘက်မှ ပိုမိုများပြားပြီး အလောင်းများကို စွန့်ပစ်ထားလေ့ရှိသည်ဟု ဆလိုင်းယောမန်ကပြောသည်။
တိုက်ပွဲသတင်းများ ဖြန့်ဝေမှုတွင် တော်လှန်ရေးဘက်မှအကျအဆုံးများနှင့်ပတ်သက်၍ “ကျွန်တော်တို့က တိုးတိုးတိတ်တိတ်နဲ့ စနစ်တကျလုပ်ဆောင်ဖို့လိုအပ်ပါတယ်၊ ဝမ်းနည်းထိခိုက်လို့ သတင်းတွေ အလွန်အကျွံဝေမျှမိရင်လည်း ရန်သူက စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်လာနိုင်ပါတယ်၊ ဒါကြောင့် သတင်းထုတ်ပြန်တဲ့အခါ ပြည်သူလူထုစိတ်ဓာတ်မြှင့်တင်ပေးဖို့တင်မကဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုအပ်ပြီး မဟုတ်မမှန်သတင်းတွေနဲ့ လိမ်ညာမြှင့်တင်တာမျိုးတွေက မျှော်လင့်ချက်ကို ပျက်စီးစေပြီး နောင်တွင် တော်လှန်ရေးအပေါ် ယုံကြည်မှုလျော့နည်းသွားစေနိုင်ပါတယ်” ဟု သူက ပြောသွားသည်။
ဤတော်လှန်ရေးသည် မျိုးဆက်သစ်များအတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်သဖြင့် မဖြစ်မနေ အောင်နိုင်ရမည်ဖြစ်ကာ စည်းလုံးညီညွတ်စွာဖြင့် တိုက်ပွဲဝင်ကြရန် ဆလိုင်းယောမန်က နှိုးဆော်ခဲ့သည်။
တိုက်ပွဲများကြောင့် မင်းတပ်မြို့နယ်တွင်း ဒေသခံ ၁၇,၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနှင့် အရေးပေါ်ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့များက ပြောသည်။
ချင်းညီနောင် (CB) တွင် ချင်းပြည်သူ့အစည်းအရုံး/တပ်မတော် (CPU/A) အဖွဲ့အပြင် CDF – Mindat၊ CDF – Kanpetlet၊ CDF – Matupi နှင့် CDF – Dai တပ်တို့လည်းပါဝင်သည်။