ရေကြည်အမြောက်တပ်(၃၄၄) အနီးဝန်းကျင်ကို AA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေ
general||4 MIN READ

ရေကြည်အမြောက်တပ်(၃၄၄) အနီးဝန်းကျင်ကို AA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေ

Narinjara
SourceNarinjara

AI Summary

ရေကြည်မြို့နယ်၊ ငသိုင်းချောင်းရှိ အမတ-၃၄၄ ကို ရက္ခိုင့်တပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက မေလ ၁၀ ရက်နေ့မှစ၍ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေသည်။ တိုက်ပွဲများကြောင့် စစ်တပ်ဘက်မှ အရာရှိ ၃ ဦးအပါအဝင် အကျအဆုံးများပြီး စစ်သားသစ်များ ထွက်ပြေးမှုများရှိနေသည်။ ပုသိမ်နှင့် ရေကြည်ကြား စစ်ကားများ အဆက်မပြတ်သွားလာကာ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေရသည်။

နိရဉ္စရာ၊ မေ ၂၉/၂၀၂၆

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်းရွာရှိအမြောက်တပ် အမတ-၃၄၄ အနီးထိ တိုက်ပွဲရောက်ရှိလာပြီး အာရက္ခတပ်တော်နှင့်တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေကြောင်း ရေကြည်မြို့ဒေသခံများထံမှ သိရသည်။

ရေကြည်အမြောက်တပ် ၃၄၄ ကို ပြီးခဲ့သည့် မေ ၁၀ ရက်နေ့မှစကာ ရက္ခိုင့်တပ်တော် (AA) နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကာကင်းစခန်းအများစုကို သိမ်းယူကာတပ်ရင်းတစ်ခုလုံးကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟုရေကြည်မြို့ဒေသခံတစ်ဦးကပြောသည်။

“ လက်ရှိပုသိမ်မြို့တပ်ရင်းတွေအပြင် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းကထုတ်နှုတ် အင်အားတွေကိုလည်း အမတ-၃၄၄  ကို စစ်အင်အားဖြည့်တင်းထားရသလို စစ်မှုထမ်းတပ်သားသစ်တွေအများအပြားကိုလည်းပို့ထားရတယ်။ သိရတာက တိုက်ပွဲက အမတ ၃၄၄ ကနေ တစ်မိုင်ကျော်လောက်ထိ ရောက်လာပြီလို့ သိရတယ်။ အေအေရဲ့ထိုးစစ်အောက်မှာအကျအဆုံးများနေတယ်လို့တော့ကြားရတယ်။ဒီသတင်းကတော့ အနီးဝန်းကျင်က လူတိုင်းကြားနေရတဲ့ သတင်းပါ” ဟု ၎င်းက ပြောသည်။

လက်ရှိ အမတ (၃၄၄) အနီးတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ပုသိမ်နှင့်ရေကြည် စစ်ကားအသွားအလာမပြတ်ရှိနေသလို သေဆုံးဒဏ်ရာရ စစ်သားများကို နေ့ရော၊ ညပါ စစ်ကားများဖြင့် ပို့ဆောင်နေသည်ဟု ရေကြည် ဒေသခံစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်းနိရဉ္စရာကို ပြောသည်။

“အခုမေလ နောက်ဆုံးအပတ် ၂၃ ရက်လောက်ကပါ။ပုသိမ်နဲ့ရေကြည် စစ်ကားအသွားအလာ တရက်မှမပြတ်ဘူး။သေတဲ့ စစ်သားတွေ စစ်သားဒဏ်ရာရသူတွေ ထုတ်တာတွေ၊ အင်အားဖြည့်တာတွေလုပ်နေကြတာ။၂၆ ရက်နေ့ အမြောက်တပ်က ပုသိမ်ကိုထွက်လာတဲ့ကားမှာ အေအေ စနိုက်ဘာထိတဲ့ အရာရှိအလောင်းတောင်ပါတယ်လို့ သိရတယ်။”

ယခုရက်ပိုင်းအတွင်း စစ်တပ်က အရာရှိ ၃ ဦးထိ သေဆုံးခဲ့ပြီး တပ်သားသစ်များ ထွက်ပြေးနှုန်းလည်း များပြားနေသည်ဟု ၎င်းက ပြောဆိုသည်။

“ အမတ-၃၄၄ ကိုကာကွယ်ရတဲ့ စစ်ပွဲမှာ ဒီလအတွင်း အရာရှိ ၃ ယောက်အထိ စစ်တပ်ကကျတယ်လို့ ကျွန်တော်တို့သိထားတယ်။အခုက စစ်မှုထမ်းသစ်တွေထွက်ပြေးနေတာကလည်း သူတို့မှာအခက်အခဲတစ်ခုဖြစ်နေတယ်။  စစ်မှုထမ်းသစ်တွေဟာ ကာကင်းတွေကနေ ယူနီဖောင်းချွတ်ပြီး ရခိုင်က ဂွဖက်အထိထွက်ပြေးပြီးအလင်းဝင်တယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

လက်ရှိပုသိမ်မြို့တပ်ရင်းများအပြင် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းမှာလည်း အမတ-၃၄၄ သို့ စစ်အင်အားဖြည့်တင်းထားသလို စစ်မှုထမ်းတပ်သားသစ်များပါရောက်ရှိခုခံနေသော်လည်း အေအေ၏ထိုးစစ်ကြောင့် အကျအဆုံများလျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် မေ ၁၉ ရက်ကလည်း ရေကြည်အမြောက်တပ်အတွင်းသို့ အပို့ခံထားရသည့် ကျုံပျော် အခြေစိုက် ခလရ ၃၆ မှ ဒုတိယတပ်ရင်းမှူးတစ်ဦး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့သည့်အပြင်နောက်ထပ်လည်းအရာရှိ အဆင့်ထိ ကျဆုံးခဲ့ကြောင်းသိရကြောင်း၎င်းက ဆိုသည်။

လက်ရှိအမတ ၃၄၄ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ၊သေဆုံး တပ်သားများ ပြားလျက်ရှိသဖြင့် မူလ အမြောက်တပ်အတွင်း တပ်သားတချို့နှင့်တပ်သားသစ်တချို့ကိုအပြောင်းအလဲလုပ်ကာအင်အားဖြည့်တင်းနေကြောင်းသိရှိရသည်။

တပ်တွင်းမိသားစုများကိုလည်းပြောင်းရွှေ့ထားသည်မှာ တစ်လကျော်ရှိပြီ ဖြစ်ကြောင်းသိရသည်။

ရခိုင်နှင့် ဧရာ၀တီတိုင်းအစပ်မြို့နယ်များဖြစ်သော လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တို့တွင်လည်းAA နှင့်တော်လှန်ရေးတပ်များကထိုးစစ်ရှိနေကာတိုက်ပွဲတွေအတွင်း စစ်တပ်အရာရှိများအပါအဝင် တပ်သားအကျအဆုံး အများအပြားနေသည်ဟုဆိုသည်။

အမတ(၃၄၄)တွင် ပုသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆၊ဟင်္သာတ ခလရ (၁၈) အပြင် အခြားအခြေစိုက်တပ်ရင်းများဆီကလည်း အင်အားဖြည့် တင်းပေးနေရကြောင်းသိရသည်။

ဆက်စပ်သတင်းများ

AI Curated
ရေကြည်အမြောက်တပ်(၃၄၄) အနီးဝန်းကျင်ကို AA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေ | YGN Daily