
AI Summary
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)က ရခိုင်ပြည်အတွင်း ကျင်းပခဲ့သော အထက်တန်းအဆင့် Grade-12 နှင့် ကျောင်းတွင်းစစ်စာမေးပွဲများ၏ အောင်စာရင်းများ ထွက်ရှိလာပြီဖြစ်သည်။ Grade-12 အောင်စာရင်းကို ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းမှာမူ ပြီးခဲ့သည့်အပတ်က ထွက်ရှိခဲ့ခြင်းဖြစ်သည်။ ရခိုင်တွင် ၂၀၂၃ ခုနှစ်မှစ၍ မြို့သိမ်းတိုက်ပွဲများဖြစ်ပွားပြီး စစ်အုပ်စုက စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ကျောင်းသား၊ ကျောင်းသူများသည် ပုံမှန်အတိုင်း ပညာသင်ကြားနိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် AA ထိန်းချုပ်ဒေသများတွင် အာရက္ခအမျိုးသားပညာရေးဌာနက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်ကာ ယခုကဲ့သို့ စာမေးပွဲများကို ကြီးမှူးကျင်းပပေးနေရခြင်းဖြစ်သည်။ ဤစာမေးပွဲများကြောင့် ရခိုင်ပြည်ရှိ ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးဆက်လက်သင်ယူခွင့်ရရှိပြီး အောင်မြင်သူများလည်း ရှိသော်လည်း ကျရှုံးသူများလည်း များပြားကြောင်း သိရသည်။ မြို့နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းနှင့် စုစုပေါင်းဖြေဆိုသူဦးရေ စသည့်အချက်အလက်များကိုမူ လောလောဆယ်တွင် အတိအကျမသိရသေးကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)လက်အောက်ရှိ အာရက္ခအမျိုးသားစာစစ်အဖွဲ့က ရခိုင်ပြည်အတွင်း ကြီးမှူးကျင်းပခဲ့သော အထက်တန်းအဆင့် Grade-12 နှင့် ကျောင်းတွင်းစစ်စာမေးပွဲ အောင်စာရင်းတို့သည် ထွက်ရှိလာပြီဟု သိရသည်။ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် အထက်တန်းအဆင့် Grade-12 စာမေးပွဲအောင်စာရင်းသည် ယနေ့ ဇွန်လ ၅ ရက်တွင်ထွက်ရှိလာခြင်းဖြစ်ပြီး ကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းသည် ပြီးခဲ့သည့်အပတ်က ထွက်ရှိခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမအသိုင်းအဝိုင်းမှ သိရသည်။ မြောက်ဦးမြို့နယ်မှ ကျောင်းဆရာတစ်ဦးက “ကလေးတွေကတော့ အောင်ကြတယ်။ ကျတဲ့သူတွေလည်း များတယ်။ တစ်မြို့နယ်လုံးအောင်ချက်၊ တစ်ပြည်လုံးအောင်ချက်ရာနှုန်းကိုတော့ ကျနော်လည်း မသိသေးဘူး”ဟု နိရဉ္စရာကို ပြောသည်။ ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)ထိန်းချုပ်ဒေသများတွင် အထက်တန်းအဆင့် Grade – 12 စာမေးပွဲကို အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး KG မှ Grade – 11 အထိ ကျောင်းတွင်းစစ်စာမေးပွဲကို ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နယ်မှ လင်းရောင်ခြည်ဖောင်ဒေးရှင်းဒါရိုက်တာ ကိုမောင်နှင်းအေးကလည်း ယနေ့တွင် အထက်တန်းအဆင့် Grade – 12 အောင်စာရင်းထွက်ရှိလာသည်မှာမှန်ကန်ပြီး လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့သင်ကြားပေးလိုက်သည့် Grade – 12 ကျောင်းသူငါးဦးအနက် နှစ်ဦးဂုဏ်ထူးထွက်ရှိပြီး နောက်တစ်ဦးက ရိုးရိုးအောင်မြင်ကာ ကျန်နှစ်ဦးမှာ အောင်မြင်မှုမရှိခဲ့ဟုလည်း နိရဉ္စရာကို ပြောသည်။ “ဖြေခဲ့ကြတဲ့ငါးယောက်စလုံးက မိန်းကလေးတွေပါ။ ဂုဏ်ထူးပါတာကလည်း တစ်ယောက်က ဘောဂပါ။ နောက်တစ်ယောက်ကတော့ ဘိုင်အိုပါ။ ဘောဂတစ်ယောက်နဲ့ ဘိုင်အိုတစ်ယောက်ပါ”ဟု ပြောသည်။ မြို့နယ်/ခရိုင်/ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းကိုလည်း လောလောဆယ်မသိရသေးဟု သူက ဆိုသည်။ တစ်ပြည်လုံးဖြေဆိုခဲ့သည့်ကျောင်းသူ၊ ကျောင်သားဦးရေ၊ အောင်မြင်သည့်ဦးရေ၊ ဂုဏ်ထူးရသည့်ဦးရေနှင့် အောင်ချက်ရာနှုန်းစသည်တို့ကို နိရဉ္စရာက ဆက်လက်စုံစမ်းလျက်ရှိသည်။ ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်မှစတင်ကာ မြို့သိမ်းတိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်အုပ်စုက အခြေခံပညာစာသင်ကျောင်းများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းအခြေပြုပညာသင်ကြားနိုင်ခြင်းမရှိတော့ဘဲ အဆင်ပြေသည့်ပုံစံဖြင့် သင်ကြားနေကြရသည်ဟု သိရသည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)ကလည်း AA ထိန်းချုပ်ဒေသများတွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်မှစတင်ကာ ကျောင်းတွင်းစစ်စာမေးပွဲနှင့် အထက်တန်းအဆင့်စာမေးပွဲများကို ကြီးမှူးကျင်းပပေးနေရသည်။ ဓာတ်ပုံ - ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၅/၂ဝ၂၆