မြန်မာပြည်က လူသတ်ပွဲတွေကို ထိုင်ကြည့်နေတဲ့ အာဆီယံ
myanmar||13 MIN READ

မြန်မာပြည်က လူသတ်ပွဲတွေကို ထိုင်ကြည့်နေတဲ့ အာဆီယံ

AI Summary

မကြာမီကျင်းပမည့် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးသည် မြန်မာစစ်ခေါင်းဆောင်များကို ဒေသတွင်း အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ကြဉ်ထားသည့် အာဆီယံ၏ ရပ်တည်ချက်ကို စမ်းသပ်မည့်ပွဲ ဖြစ်လာနိုင်သည်။ ရုရှားက အာဆီယံနှင့် ဆက်ဆံရေး ၃၅ နှစ်ပြည့်အဖြစ် ဇွန်လတွင် ထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားသံအမတ်နှင့် ပြင်ဆင်မှုများ ဆွေးနွေးခဲ့သည်။ မြန်မာသည် လက်ရှိတွင် ရုရှားနှင့် ဆွေးနွေးဖက်ဆက်ဆံရေးအတွက် အာဆီယံ၏ ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်နေ၍ စစ်ခေါင်းဆောင်များ တက်ရောက်လာနိုင်ခြေရှိပြီး၊ ယင်းက အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည်။ အာဏာသိမ်းပြီးနောက် အရပ်သား ၇,၇၀၀ ကျော် သတ်ဖြတ်ခံရပြီး လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာကာ ကလေးငယ်များစွာ သေဆုံးခဲ့ရသဖြင့် မြန်မာပြည်သူများက အာဆီယံ၏ နှေးကွေးသော တုံ့ပြန်မှုကြောင့် လျစ်လျူရှုခံရသည်ဟု ခံစားနေရသည်။ တရုတ်နှင့် ရုရှားတို့က စစ်ကောင်စီကို စစ်ရေး၊ သံတမန်ရေးအရ ဆက်လက်ပံ့ပိုးနေချိန်တွင် အာဆီယံအနေဖြင့် စစ်ကောင်စီထံမှ တိကျသော လုပ်ဆောင်ချက်များ မပြသနိုင်မချင်း ထိပ်သီးအဆင့် ဆွေးနွေးပွဲများတွင် စစ်ခေါင်းဆောင်များ ပါဝင်ခွင့်ကို လက်ခံမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသရန် လိုအပ်သည်။

မကြာခင် ကျင်းပမယ့် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးဟာ မြန်မာစစ်ခေါင်းဆောင်တွေကို ဒေသတွင်း အဆင့်မြင့် အစည်းအဝေးတွေကနေ အခုအချိန်အထိ ဖယ်ကြဉ်ထားနိုင်ခဲ့တဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို စမ်းသပ်မယ့်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

ရုရှားဟာ ဆက်ဆံရေး ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက်ကနေ ၁၉ ရက်အထိ ကာဇန် (Kazan) မြို့မှာ လက်ခံကျင်းပဖို့ ပြင်ဆင်နေပြီး အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေကို ဖိတ်ကြားမယ်လို့ ရုရှားသမ္မတရုံး ကရင်မလင်က ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာလည်း ထိပ်သီးအစည်းအဝေး ပြင်ဆင်မှုတွေအကြောင်း နေပြည်တော်မှာ ရုရှားသံအမတ်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ သူ့ဌာနက မကြာသေးခင်ကပဲ အတည်ပြုခဲ့ပါတယ်။

အရေးကြီးတဲ့ အချက်တစ်ခုကတော့ မြန်မာနိုင်ငံဟာ လက်ရှိမှာ ရုရှားနဲ့ ဆွေးနွေးဖက်ဆက်ဆံရေးအတွက် အာဆီယံရဲ့ ညှိနှိုင်းရေးမှူးနိုင်ငံအဖြစ် တာဝန်ယူထားတာပါပဲ။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားဝင် ဖိတ်ကြားထားတယ်ဆိုတဲ့ အတည်ပြုချက်မျိုး မရှိသေးပေမယ့်၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကတော့ သိသာထင်ရှားနေပါတယ်။

အာဆီယံရဲ့ မြန်မာ့အရေး ရပ်တည်ချက်အပေါ်  ပြန်လည်စဉ်းစားသုံးသပ်ဖို့ ဖိအားတွေက အဖွဲ့တွင်းကနေလည်း ထွက်ပေါ်လာနေပါတယ်။ မေလ ၁၉ ရက်နေ့ နေပြည်တော် ခရီးစဥ် အပြီးမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မြန်မာအာဏာပိုင်တွေဟာ “သက်ဆိုင်သူအားလုံး”  ဖိတ်ခေါ် ဆွေးနွေးရေးအပေါ် ပိုမိုလမ်းဖွင့်လာပုံ ရတယ်လို့ ဆိုပါတယ်။ ဒါကို “အပြုသဘောဆောင်တဲ့ တိုးတက်မှု” အဖြစ် ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။

ဒီနေရာမှာ ထိတွေ့ဆက်ဆံရေးကို မှားနေတယ်လို့ ထောက်ပြချင်တာ မဟုတ်ပါဘူး။ ဆိုချင်တာက နေပြည်တော်ဘက်က လေသံပျော့လာတာဟာ လူသတ်ပွဲတွေ ရပ်တန့်သွားမယ်ဆိုတဲ့ သက်သေပြချက် မဟုတ်ဘူး ဆိုတာပါ။ မိုဟာမက်ဟာဆန်က ရန်လိုတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် အာဆီယံအတွက် တကယ့် စမ်းသပ်ချက်ကတော့ နေပြည်တော်က စစ်ဗိုလ်တွေဟာ သံတမန်ရေးအရ အာရုံစိုက်ခံရဖို့ သက်သက် ထိတွေ့ဆက်ဆံတာမျိုး မဟုတ်ဘဲ ဒီတောင်းဆိုချက်တွေအပေါ် တကယ် လက်တွေ့လုပ်ဆောင်မလား ဆိုတာပါပဲ။

ဒါပေမယ့် မေလဆန်းပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူး (Cebu) မြို့မှာ ကျင်းပခဲ့တဲ့ (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာတော့ အာဆီယံခေါင်းဆောင်တွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန် ချမှတ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဗိုလ်မင်းအောင်လှိုင်ကို ချန်လှပ်ထားခဲ့တာပါပဲ။ သူ စိတ်ကြိုက် စီစဉ်ဖန်တီးထားတဲ့ ရွေးကောက်ပွဲနဲ့ သမ္မတ ရာထူးအသစ်က သူ့ကို အာဆီယံ ခေါင်းဆောင်တွေရဲ့ စားပွဲဝိုင်းဆီ ပြန်မပို့ပေးနိုင်ခဲ့ဘူး။

အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး “တိုးတက်မှု အနည်းငယ်သာ ရှိတယ်” လို့ အသိအမှတ်ပြုထားသလို၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ “သတ်မှတ်ထားတဲ့ နေအိမ်”ဆီ ရွှေ့ပြောင်းပေးခဲ့တာကိုတော့ ကြိုဆိုခဲ့ပါတယ်။

ဒါပေမယ့် ချန်လှပ်ထားရုံ သက်သက်က မဟာဗျူဟာ မဟုတ်ဘူး။ ဒါဟာ အနိမ့်ဆုံး သတ်မှတ်ချက်သာဖြစ်သင့်ပြီး အမြင့်ဆုံး ရည်မှန်းချက် မဟုတ်ပါဘူး။ ၅ နှစ်ကြာ စစ်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ “အလွန်အမင်း စိုးရိမ်ပူပန်တယ်” ဆိုတဲ့ စကားလုံးဟာ မူဝါဒတစ်ခု မဟုတ်တော့ပါဘူး။ မြန်မာပြည်သူတွေအတွက်တော့ အာဆီယံရဲ့ အချိန်ဆွဲလေ့ရှိတဲ့ အကျင့်ဟာ  လျစ်လျူရှုစွန့်ပစ်ခံရတာနဲ့ ဘာမှမခြားတော့ဘူးလို့ ခံစားလာစေပါတယ်။

အသက်တွေနဲ့ တိုင်းတာရတဲ့ အချိန်ဆွဲမှု

စစ်တပ်ရဲ့ ငြိမ်းချမ်းရေး၊ ဒါမှမဟုတ် တည်ငြိမ်ရေး ဆိုတဲ့ ဟစ်ကြွေးချက်တွေကို အာဆီယံအနေနဲ့ ဆုချစရာ အကြောင်းပြချက် တစ်ခုမှ မရှိပါဘူး။ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက ကိုးကားပြောဆိုခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ သုတေသနအဖွဲ့ ACLED ရဲ့ အချက်အလက်တွေအရ အရပ်သား ပစ်မှတ်တွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၁ ခုနှစ်မှာ ၉ ကြိမ်ကနေ ၂၀၂၅ ခုနှစ်မှာ ၁,၁၄၀ ကြိမ်အထိ မြင့်တက်လာခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက အရပ်သား ၇,၇၀၀ ကျော် အသတ်ခံခဲ့ရတာကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က ဖေဖော်ဝါရီလမှာ ပြောခဲ့ပါတယ်။ အဲဒီအထဲမှာ အမျိုးသမီး ၁,၆၅၀ ကျော်နဲ့ ကလေးငယ် ၁,၀၀၀ ပါဝင်ပါတယ်။ သူတို့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေအတွက် အသေအပျောက် အများဆုံးနှစ် ဖြစ်ခဲ့ပြီး၊ အဲဒီနှစ် တစ်နှစ်တည်းမှာတင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား အနည်းဆုံး ၉၈၂ ဦး သေဆုံးခဲ့ရကာ၊ ဒါဟာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅၂ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် အထိ မှတ်တမ်းတွေအရ လေကြောင်းတိုက်ခိုက်မှု အကြိမ် အနည်းဆုံး ၆၄၀ ကြိမ်အတွင်းမှာ ကလေးငယ်တွေ သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က အစီရင်ခံထားပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာပဲ ချင်းပြည်နယ်က ကလေးကစားကွင်းတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ကလေး ၅ ဦး သေဆုံးခဲ့ရပါတယ်။ စစ်တပ်က ထိန်းချုပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား အနည်းဆုံး ၁၇၀ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက အစီရင်ခံထားပါတယ်။

ဒါတွေဟာ အာဆီယံရဲ့ စိတ်ရှည်စောင့်ဆိုင်းမှုအတွက် မြန်မာပြည်သူတွေ ပေးဆပ်နေရတဲ့ တန်ဖိုးတွေပါပဲ။ အလောင်းတွေ၊ အကျဉ်းထောင်တွေ၊ အိပ်ဖို့၊ စာသင်ဖို့၊ ဆော့ကစားဖို့တောင် ကြောက်နေရတဲ့ ကလေးငယ်တွေနဲ့ တိုင်းတာရတဲ့ ပေးဆပ်မှုတွေ ဖြစ်ပါတယ်။

ဒါဟာ မြန်မာ့ပြည်တွင်းရေး သက်သက်လည်း မဟုတ်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခ၊ ကျားဖြန့် ဆိုက်ဘာငွေလိမ်လုပ်ငန်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ဒုက္ခသည် စီးဝင်မှုတွေဟာ အခုဆိုရင် အိမ်နီးချင်း နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံသားတွေကိုပါ ထိခိုက်လာနေပြီလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အစီရင်ခံထားပါတယ်။

အချိန်ဆွဲဖို့ အသုံးချခံရတဲ့ ဘုံသဘောတူညီချက်

ဘုံသဘောတူညီချက် ၅ ချက် ဆိုတာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အကူအညီတွေ ပေးအပ်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဒါဟာ စစ်ကောင်စီက ဟန်ပြလုပ်ရပ်တွေ လုပ်ပြဖို့၊ အာဆီယံက ကြေညာချက်တွေ ထုတ်ဖို့နဲ့ အရပ်သားတွေ ဆက်ပြီး သေပွဲဝင်နေဖို့အတွက် စောင့်ဆိုင်းခန်းကြီး တစ်ခုလို ဖြစ်နေခဲ့ပါပြီ။

အာဆီယံအဖွဲ့ကြီးအတွင်းက အဖွဲ့ဝင်တွေကြားမှာလည်း အကွဲအပြားက ထင်ရှားပါနေပါတယ်။ ထိုင်းနိုင်ငံက နေပြည်တော်နဲ့ ပိုပြီး ထိတွေ့ဆက်ဆံဖို့ အားပေးချင်နေတာပါ ။ မလေးရှားကတော့ စစ်ဗိုလ်ချုပ်တွေ စကားပြောမလား ဆိုတာကို အခု စစမ်းသပ်လာနေပါတယ်။ တခြား အဖွဲ့ဝင်နိုင်ငံတွေကတော့ အာဏာသိမ်းမှုနဲ့ စီစဉ်ဖန်တီးထားတဲ့ ရွေးကောက်ပွဲတစ်ခုကနေ ပေါက်ဖွားလာတဲ့ အစိုးရတစ်ရပ်ကို တရားဝင်မှု ပြန်ပေးရမယ့်အရေးအတွက် သတိထား စောင့်ကြည့်နေကြတုန်းပါပဲ။

ဒီအခြေအနေက အာဆီယံရဲ့ အားလုံး သဘောတူမှ ဆုံးဖြတ်တဲ့ စည်းမျဉ်းရဲ့ အန္တရာယ်ကို ဖော်ပြနေပါတယ်။ အဲဒီစည်းမျဉ်းကြောင့် စစ်တပ်ကို ပိုမိုလိုက်လျောဆက်ဆံလိုတဲ့ အစိုးရတွေက ဒေသတွင်း တုံ့ပြန်မှုရဲ့ အရှိန်ကို နှေးကွေးစေနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

ဒါကို ဗိုလ်မင်းအောင်လှိုင်က ကောင်းကောင်း သဘောပေါက်ပါတယ်။ စီဘူး ထိပ်သီးအစည်းအဝေးအပြီးမှာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက “ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေ” နဲ့ “တန်းတူညီမျှ ကိုယ်စားပြုခွင့်” ဆိုပြီး ထုတ်ဖော် ညည်းတွား ကန့်ကွက်ခဲ့ပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ခေတ်အဆက်ဆက် သုံးလာတဲ့ ယုတ္တိဗေဒပါပဲ။ အာဏာသိမ်းမယ်၊ ရွေးကောက်ခံ ခေါင်းဆောင်တွေကို ထောင်ချမယ်၊ ရွေးကောက်ပွဲကို ဖန်တီးကျင်းပမယ်၊ ပြီးရင် မတရား ဆက်ဆံခံရသူ အဖြစ် ကိုယ့်ဘာသာ ပုံဖော်ပြီး အသိအမှတ်ပြုခံရဖို့ တောင်းဆိုပါမယ်။

သူ့ရဲ့ မဟာမိတ်တွေကလည်း အာဆီယံကို စောင့်မနေကြပါဘူး။ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံစလုံးဟာ အသွင်ပြောင်း စစ်အုပ်စုကို ပကတိ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ခု အဖြစ် သဘောထား ဆက်ဆံနေကြပါပြီ။ သူတို့ဟာ စစ်တပ်ကို အဓိက အသက်ဆက်ပေးနေသူတွေ ဖြစ်ပြီး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ထောက်ပြထားသလို အဆင့်မြင့် လက်နက်တွေနဲ့ အပိုပစ္စည်းတွေ အဓိက ထောက်ပံ့ပေးနေသူတွေ သက်သက်တင် မဟုတ်ဘဲ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ စင်မြင့်တွေမှာ စစ်ကောင်စီအတွက် သံတမန်ရေးအရ အကာအကွယ်ပေးနေသူတွေလည်း ဖြစ်ပါတယ်။

မော်စကိုနဲ့ ဘေဂျင်းက စစ်ကောင်စီ ရပ်တည်ရှင်သန်နိုင်ဖို့ စစ်ရေးနဲ့ သံတမန်ရေး နေရာ အခင်းအကျင်းတွေ လမ်းခင်းပေးနေချိန်မှာ အာဆီယံကသာ သူ့ရဲ့ ရပ်တည်ချက်ကို လျှော့ပေးလိုက်မယ်ဆိုရင်၊ ဒါဟာ အာဆီယံရဲ့ ဗဟိုပြုမှုကို ကာကွယ်ရာ မရောက်တော့ပါဘူး။ အရှုံးပေး လက်နက်ချလိုက်တာပဲ ဖြစ်ပါလိမ့်မယ်။

ဖိအားမရှိဘဲ ပုံမှန်ဆက်ဆံရေး မလုပ်သင့်

ကာဇန် အစည်းအဝေး မတိုင်ခင်မှာ စစ်တပ်ဘက်က တိုင်းတာလို့ရတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ မပြသနိုင်သရွေ့ ထိပ်သီးအဆင့် ဆွေးနွေးပွဲတွေမှာ ဗိုလ်မင်းအောင်လှိုင် ပါဝင်ခွင့်ကို လက်ခံမှာ မဟုတ်ဘူးဆိုတာ အာဆီယံ ခေါင်းဆောင်တွေဘက်က ရှင်းရှင်းလင်းလင်း ပြသရပါမယ်။ အဲဒီ လက်တွေ့လုပ်ဆောင်ချက်တွေဆိုတာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေကို မခွဲခြားဘဲ ထိခိုက်စေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ ပြင်ပက လွတ်လပ်စွာ တွေ့ဆုံစစ်ဆေးခွင့် ရရှိစေဖို့၊ စစ်တပ်ရဲ့ ဝင်ရောက်စွက်ဖက် ချုပ်ကိုင်မှုမပါဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခွင့်ပြုဖို့၊ ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ပဲ ဖြစ်ပါတယ်။

နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံရာမှာ ဘယ်တော့ လက်တွေ့ လုပ်ငန်း အကောင်အထည် ဖော်ရမယ် ဆိုတဲ့ အချိန်အကန့်အသတ်ရှိရပါမယ်။ အတည်ပြုလို့ရတဲ့ ကတိကဝတ်တွေ ပါဝင်ရမယ့်အပြင်၊ ပျက်ကွက်ခဲ့ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိမယ်ဆိုတဲ့ ဖိအားမျိုးလည်း ရှိရပါမယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်နက်တွေ၊ အရပ်ဘက်ရော စစ်ဘက်ပါ သုံးနိုင်တဲ့ ပစ္စည်းတွေနဲ့ လေယာဉ်ဆီ စီးဆင်းမှုတွေကိုလည်း ပိတ်ဆို့ဖို့ လိုပါတယ်။ စစ်တပ်ရဲ့ လေယာဉ်တွေ ကောင်းကင်မှာ ဆက်ပျံသန်းနေနိုင်အောင် လုပ်ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ဘဏ္ဍာရေး လမ်းကြောင်းတွေကို စုံစမ်းစစ်ဆေးရပါမယ်။

အာဆီယံဟာ အာဏာရှင်ဆန့်ကျင်ရေး အဓိက အင်အားစုဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တရားဝင် ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။ စစ်တပ်ထိန်းချုပ်မှု ပြင်ပက နေရာအများအပြားမှာ NUG ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး အခြေခံဝန်ဆောင်မှုတွေ ပေးနေကြလို့ပါ။ နေပြည်တော် တစ်ခုတည်းကိုပဲ စကားပြောနေတာဟာ ကြားနေပြီး သမာသမတ်ကျတဲ့ သံတမန်ရေး မဟုတ်ဘူး။ အဲဒါက နိုင်ငံရေး အသိအမှတ်ပြုမှုရဖို့ အရပ်သားတွေအပေါ် လေကြောင်းအင်အား သုံးနေတဲ့ စစ်အုပ်စုကို ဆုချီးမြှင့်ရာ ရောက်ပါတယ်။

အာဆီယံဟာ စစ်ဗိုလ်ချုပ်တွေများ လမ်းကြောင်းပြောင်းလာလေမလား ဆိုပြီး စောင့်ကြည့်နေခဲ့တာ ၅ နှစ်တောင် ရှိလာခဲ့ပါပြီ။ အခု မေးရမယ့် မေးခွန်းက မြန်မာစစ်အာဏာပိုင်တွေနဲ့ အာဆီယံ စကားပြောသင့်၊ မပြောသင့် ဆိုတာ မဟုတ်တော့ပါဘူး။ အဲဒီဆွေးနွေးမှုတွေက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုမှာလား၊ ဒါမှမဟုတ် စစ်ကောင်စီ တရားဝင်မှု ရရေး ကြိုးပမ်းရာမှာ အသုံးချခံရမယ့် နောက်ထပ် စင်မြင့်တစ်ခု သက်သက်ပဲ​ ဖြစ်သွားမှာလား ဆိုတာပါပဲ။

မြန်မာပြည်သူတွေဟာ စကားလုံးလှလှ ရွေးထားတဲ့ စိုးရိမ်ကြောင်း ကြေညာချက်တွေ၊ ဟန်ပြဓာတ်ပုံရိုက်ပွဲတွေကို ထပ်မလိုချင်တော့ပါဘူး။ အာဆီယံရဲ့ အချိန်ဆွဲမှုကြောင့် ကလေးငယ်တွေရဲ့ အသက်တွေ ထပ်ပြီး မပေးဆပ်ရခင်မှာ စစ်ဗိုလ်ချုပ်တွေ တကယ် အထိနာစေမယ့် ဖိအားမျိုးကိုသာ လိုအပ်နေပါတယ်။

ငြိမ်းချမ်းအေးသည် ဝါရှင်တန်ဒီစီ အခြေစိုက် သတင်းစာဆရာနှင့် စာရေးဆရာတဦး ဖြစ်ပြီး မြန်မာ၊ အမေရိကန်၊ တရုတ် နှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူ ဖြစ်သည်။ ယခင်က BBC နှင့် VOA တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။

Asia Times တွင်  ဖော်ပြခဲ့သည့် Myanmar bleeds while ASEAN vacillates ဆောင်းပါးကို   စာရေးသူ ကိုယ်တိုင် မြန်မာလို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

AI Curated
မြန်မာပြည်က လူသတ်ပွဲတွေကို ထိုင်ကြည့်နေတဲ့ အာဆီယံ | YGN Daily