
AI Summary
ကချင်ပြည်နယ် ဖားကန့်နှင့် မိုးကောင်းမြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေလျှံကာ လူနေအိမ်များနှင့် လမ်းမများပေါ်သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသည်။ အဆိုပါရေကြီးမှုနှင့်အတူ မြေပြိုမှုများပါ ဖြစ်ပွားနေသဖြင့် ဒေသခံများမှာ အမြင့်ပိုင်းနေရာများသို့ မိမိတို့ဘာသာ ရွှေ့ပြောင်းနေကြရသည်။ လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ အားနည်းနေပြီး စစ်ဘေးရှောင်များပါ ရေဘေးဒုက္ခကို ခံစားနေရသည်။ မိုးကောင်းမြို့နယ်၌ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရသော်လည်း ဖားကန့်တွင်မူ ကူညီသူရှားပါးနေသည်။ မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ လာမည့်ရက်များတွင်လည်း မိုးဆက်လက်ရွာသွန်းနိုင်သေးသဖြင့် ရေဘေးအန္တရာယ် ဆက်လက်ရှိနေသည်။
ထင်ရှားသော ပြောကြားချက်များ
"မိန်းကလေးဆိုရင် လည်ပင်းလောက်ထိ မြုပ်တယ်။ ဒီနေ့အခြေအနေ တော်တော်ဆိုးတယ်။ ကြိုးတံတားတောင် မြုပ်ပြီး ကျော်တောင်ကျော်နေပြီ"
"အရင်နှစ်တွေဆို စစ်ပြေးဒုက္ခသည်တွေမရှိဘူး။ ရေကြီးတယ်ဆိုရင် ကယ်ဆယ်ရေးတွေလည်း အများကြီးပဲ။ လောပန်းတွေကလည်း လှူကြတယ်။ ဒီနှစ်ကျ ကိုယ့်အိမ်ကိုယ် မနေရဘူး စစ်ပြေးတွေကလည်း များ။ လှူမယ့်သူလည်းမရှိဘူး၊ ဒီနှစ်က ကယ်ဆယ်ရေးလည်း မရှိဘူး။ ဦးစီးဦးဆောင်လုပ်မယ့်သူလည်း မရှိဘူး"
YT (ဇွန် ၂၁)
မဇ္ဈိမ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မိုးများပြီး ဥရုချောင်းရေများတိုးကာ မြို့ထဲရပ်ကွက်များအထိ ရေလျှံနေကြောင်း သိရသည်။
“ မိန်းကလေးဆိုရင် လည်ပင်းလောက်ထိ မြုပ်တယ်။ ဒီနေ့အခြေအနေ တော်တော်ဆိုးတယ်။ ကြိုးတံတားတောင် မြုပ်ပြီး ကျော်တောင်ကျော်နေပြီ” ဟု မရှီကထောင်ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောသည်။
ဖားကန့်မြို့က ငှက်ပျောတော၊ မရှီကထောင်၊ ကျောက်ဝိုင်း၊ မှော်ဝမ်း၊ လုံးခင်း စသည့် ဒေသများ၌ လမ်းများပေါ်တွင်သာမက လူနေအိမ်များပေါ်အထိ ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေပြီး ရေစီးသန်ကြောင်း ဒေသခံထံက သိရသည်။ မိုးရွာသွန်းမှုများ၍ ရေကြီးခြင်းနှင့်အတူ မြေပြိုမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
လက်ရှိတွင်လည်း မိုးဆက်လက်ရွာသွန်းနေပြီး ကယ်ဆယ်ရေးများလည်း ရှားပါးနေကာ ဒေသခံများမှာ အမြင့်ပိုင်းများသို့ မိမိဘာသာ ပြောင်းရွှေ့မှုများ ရှိနေဆဲဖြစ်သည်။
ဖားကန့်အပြင် မိုးကောင်းမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရပ်ကွက်လေးခုထက်မနည်း၌ ရေဝင်ရောက်နေကာ ယာယီကယ်ဆယ်ရေးစခန်း ခြောက်ခုထက်မနည်းဖွင့်လှစ်ထားရကြောင်း သိရသည်။
“ အရင်နှစ်တွေဆို စစ်ပြေးဒုက္ခသည်တွေမရှိဘူး။ ရေကြီးတယ်ဆိုရင် ကယ်ဆယ်ရေးတွေလည်း အများကြီးပဲ။ လောပန်းတွေကလည်း လှူကြတယ်။ ဒီနှစ်ကျ ကိုယ့်အိမ်ကိုယ် မနေရဘူး စစ်ပြေးတွေကလည်း များ။ လှူမယ့်သူလည်းမရှိဘူး၊ ဒီနှစ်က ကယ်ဆယ်ရေးလည်း မရှိဘူး။ ဦးစီးဦးဆောင်လုပ်မယ့်သူလည်း မရှိဘူး” ဟု ဖားကန့်မြို့ခံတဦးက ပြောသည်။
မိုးဇလ၏ ယနေ့ (ဇွန်လ ၂၁ ရက်) ညနေ ၄ နာရီတိုင်းတာချက်အရ ကချင်၊ ရခိုင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် လာမည့် ဇွန်လ ၂၃ ရက်အထိ မိုးပိုနိုင်သေးကြောင်း သိရသည်။
စာတည်း – သန့်ဇော်(သန်လျင်)