ပွဲစားလုပ်ငန်းအပါအဝင် ထိုင်းတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်များကို စစ်ဆေးအရေးယူ
general||4 MIN READ

ပွဲစားလုပ်ငန်းအပါအဝင် ထိုင်းတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်များကို စစ်ဆေးအရေးယူ

Back to News

AI Summary

ထိုင်းအစိုးရသည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်သတ်မှတ်ထားသည့် အလုပ်အကိုင် ၁၀ မျိုးကို ထုတ်ပြန်လိုက်ပြီး အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာအပါအဝင် နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူလျက်ရှိသည်။ အဆိုပါလုပ်ရပ်သည် နိုင်ငံခြားသားများအား တားမြစ်ထားသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ကျောင်းသားဗီဇာဖြင့် အလုပ်လုပ်ကိုင်သူများ အဓိကထိခိုက်ခံစားနေရသည်။ ဖမ်းဆီးခံရသူများသည် ဒဏ်ငွေပေးဆောင်ရခြင်း၊ ပြည်နှင်ဒဏ်ပေးခံရခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် နှစ်နှစ်ပိတ်ပင်ခံရခြင်းတို့အပြင် အလုပ်ရှင်များလည်း ဒဏ်ငွေနှင့် ထောင်ဒဏ်များ ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ၏ စီးပွားရေးလှုပ်ရှားမှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ စစ်ဆေးမှုများ ပြင်းထန်လာခြင်းဖြစ်ပြီး လက်ရှိတွင်လည်း သက်ဆိုင်ရာအာဏာပိုင်များက တရားမဝင်လုပ်ကိုင်နေသူများကို ဆက်လက်ဖမ်းဆီးအရေးယူလျက်ရှိသည်။

ဓာတ်ပုံ – ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရှိ ထိုင်း-မြန်မာနယ်စပ် ဈေးတခုတွင် ကောင်လေးတဦး မော်တော်ဆိုင်ကယ်နောက်တွင် ထိုင်နေစဉ် ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ မြင်ကွင်း ။ (Lillian SUWANRUMPHA / AFP)

MizzimaEAE

လမ်းဘေးဈေးရောင်းခြင်း၊ ပွဲစားလုပ်ငန်း၊ အလှပြင်လုပ်ငန်း အပါအဝင် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်သတ်မှတ်ထားသည့် အလုပ်အကိုင် ၁၀ မျိုးကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ပြီး၊ အဆိုပါတားမြစ်အလုပ်များကို လုပ်ကိုင်နေသည့် မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးအရေးယူလျက် ရှိနေသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တားမြစ်အလုပ်အကိုင်များ လုပ်ကိုင်သည်ကို စစ်ဆေးတွေ့ရှိပါက နိုင်ငံခြားသားအလုပ်သမားများကို ဒဏ်ငွေဘတ် ၅၀,၀၀၀ အထိ ချမှတ်မည့်အပြင် ပြည်နှင်ဒဏ်ပေးမည်ဖြစ်ပြီး၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) အသစ်လျှောက်ထားမှုကိုလည်း နှစ်နှစ်အထိ ပိတ်ပင်သွားမည် ဖြစ်သည်။

ထို့ပြင် တားမြစ်အလုပ်များ၌ ခန့်အပ်ထားသည့် အလုပ်ရှင်များကိုလည်း အလုပ်သမားတဦးလျှင် ဒဏ်ငွေဘတ် ၁၀၀,၀၀၀ အထိ ပေးဆောင်စေမည်ဖြစ်ပြီး ပြစ်မှုထပ်မံကျူးလွန်ပါက ထောင်ဒဏ်အထိ ကျခံရနိုင်သည်။

မကြာသေးမီကလည်း ကျောင်းသားဗီဇာ (Student Visa) ဖြင့် လာရောက်ပြီး စာသင်ကြားခြင်းမရှိဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ ဗီဇာပယ်ဖျက်၍ ပြည်နှင်ဒဏ်ပေးရန် ဆောင်ရွက်နေသလို၊ ချင်းမိုင်မြို့ရှိ ဘားနှင့် ကာရာအိုကေဆိုင်တဆိုင်တွင်လည်း အလုပ်ရှင်နှင့် လက်တွေ့လုပ်ကိုင်နေသည့် အလုပ်ခွင် တိုက်ဆိုင်မှုမရှိသော မြန်မာနိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးခဲ့သေးသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိဘဲ တားမြစ်ထားသည့် အလုပ်အကိုင်များမှာ လမ်းဘေးဈေးရောင်းခြင်း၊ ပွဲစားလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ ခြေသည်းလက်သည်းပြင်ခြင်း၊ ဆံပင်ညှပ်ခြင်း၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ စီးပွားရေးသုံးယာဉ်မောင်းနှင်ခြင်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဥပဒေရေးရာဝန်ဆောင်မှု၊ လက်ယက်ကန်းလုပ်ငန်း၊ လက်မှုအနုပညာလုပ်ငန်းများနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတို့ ပါဝင်သည်။

ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ ပြင်းထန်နေချိန်တွင် ထွက်ပေါ်လာသည့် Happio ၏ ဈေးကွက်သုတေသနအစီရင်ခံစာအရ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း သိသာထင်ရှားသော စီးပွားရေးအင်အားစုတရပ် ဖြစ်လာကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်အထောက်အထားရှိသူ ၂ ဒသမ ၈ သန်းနှင့် အထောက်အထားမဲ့ ၁ ဒသမ ၃ သန်းအပါအဝင် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း နှစ်စဉ် ဘတ် ၂၂၁ ဘီလီယံခန့် သုံးစွဲနေကြပြီး မိသားစုထံ ပြန်ပို့ငွေ ဘတ် ၁၁၉ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်းထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများသည် သာမန်အလုပ်သမားများအပြင် လူလတ်တန်းစားနှင့် လူကုံထံအလွှာများအထိ ပါဝင်လာသဖြင့် ထိုင်းနိုင်ငံရှိ ကွန်ဒိုမီနီယံများကို အများဆုံးဝယ်ယူသည့် နိုင်ငံခြားသားများအနက် ထိပ်ဆုံးအဆင့် (၃) အတွင်း ဝင်ရောက်လာသကဲ့သို့၊ ထိုင်းတွင် အဆင့်မြင့်ပညာသင်ကြားနေသည့် မြန်မာကျောင်းသားဦးရေလည်း ၁၅,၀၀၀ ကျော်အထိ ရှိလာကြောင်း Business Times သတင်းဌာနက ဖော်ပြထားသည်။

စာတည်း။ ။ နောင်နောင်

ဆက်စပ်သတင်းများ

AI Curated