
တပ်တွင်းသတင်းပေါက်ကြားမှုဖြင့် ပြင်ဦးလွင် စစ်တက္ကသိုလ် တပ်မိသားစုဝင်အချို့ဖမ်းခံရ
AI Summary
ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်အတွင်း တပ်တွင်းသတင်းပေါက်ကြားမှုဖြစ်စဉ်ကြောင့် တပ်မိသားစုဝင် ၄ ဦးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ အဆိုပါဖမ်းဆီးမှုသည် ဗိုလ်လောင်းတစ်ဦးသေဆုံးမှု၊ ငွေကြေးအလွဲသုံးစားမှုနှင့် မူးယစ်ဆေးဝါးပြဿနာများကဲ့သို့သော တပ်တွင်းဖြစ်စဉ်များ အပြင်ဘက်သို့ ပေါက်ကြားမှုကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ ဤဖြစ်စဉ်ကြောင့် အရာခံဗိုလ်နှင့် တပ်ကြပ်ကြီးအဆင့်ရှိ မိသားစုဝင်များ ထိခိုက်နစ်နာမှုရှိခဲ့သည်။ လက်ရှိတွင် မည်သည့်သတင်းပေါက်ကြားမှုကြောင့် ဖမ်းဆီးသည်ကို တိကျစွာမသိရှိရသေးဘဲ စစ်တက္ကသိုလ်အတွင်း တင်းကျပ်မှုများရှိနေသည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်သစ်ဖြစ်လာပြီးနောက်ပိုင်း တပ်တွင်းသတင်းပေါက်ကြားမှုဖြင့် မိသားစုဝင်များ ပထမဆုံးအကြိမ် အဖမ်းခံရခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ် (DSA)မှာ တပ်တွင်းသတင်းပေါက်ကြားမှုနဲ့ တပ်မိသားစုဝင် တချို့ ဖမ်းဆီးခံထားရတယ်လို့ စစ်တက္ကသိုလ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အရာခံဗိုလ်အဆင့်မိသားစုတွေထဲက ၂ ယောက်၊ တပ်ကြပ်ကြီးအဆင့် မိသားစုဝင်တွေထဲက ၂ ယောက်၊ အားလုံး ၄ ယောက်ကို မေ ၂၅ ရက်က စစ်အာဏာရှင်တပ်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ)က စစ်ဆေးဖို့ဆိုပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ပြင်ဦးလွင် စစ်တက္ကသိုလ်နဲ့ နီးစပ်သူတယောက်က “ဗိုလ်လောင်းငယ်တယောက် ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ကိစ္စ တပ်ဘက်က သတင်းဖုံးတယ်။ သင်တန်းကျောင်းမှာ ပြဿနာပေါင်းစုံ ဖြစ်နေတယ်။ ဘယ်ကိစ္စ အပြင်ဘက်ပေါက်ကြားမှုနဲ့ ပြန်ဖမ်းခဲ့တာလဲ မသိဘူး။ နောက်ထပ်လည်း တခြားကိစ္စတွေ ရှိနေနိုင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းငယ်တယောက် ရိုက်နှက်ခံရပြီး သေဆုံးသွားတာ၊ ဗိုလ်လောင်းတွေအတွက် သင်တန်းထောက်ပံ့ ကြေးငွေတွေ အလွဲသုံးစားလုပ်တာ၊ သင်တန်းကျောင်းထဲ မူးယစ်ဆေးဝါးတွေ တွေ့ရှိဖမ်းဆီးမိတာစတဲ့ ဖြစ်စဉ် တွေရှိ ခဲ့ပေမဲ့ ဘယ်ဖြစ်စဉ်သတင်းပေါက်ကြားမှုနဲ့ တပ်မိသားစုဝင်တွေ အဖမ်းခံရတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်သစ် ဖြစ်လာပြီးနောက် တပ်တွင်း သတင်းပေါက်ကြားမှုနဲ့ တပ်သားမိသားစုဝင်တွေ အဖမ်းခံရတာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။