
ရခိုင်ပြည်ကြီးစိမ်းလန်းသာယာစေရေး ပြည်သူတစ်ရပ်လုံး သစ်ပင်စိုက်ပျိုးကြရန် စိမ်းလန်းသော အာရက္ခပြည်အဖွဲ့တိုက်တွန်း
AI Summary
စိမ်းလန်းသော အာရက္ခပြည်အဖွဲ့က ရခိုင်ပြည်တစ်ဝန်း စိမ်းလန်းသာယာစေရန် ယခုမိုးရာသီအတွင်း သစ်ပင်စိုက်ပျိုးကြရန် ဇွန်လ ၁ ရက်မှစတင်ကာ တိုက်တွန်းနှိုးဆော်ခဲ့သည်။ ဤလှုပ်ရှားမှုကို ရခိုင်ပြည်သူများက မိမိတို့နေအိမ်၊ ရပ်ရွာနှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာများ ပူးပေါင်း၍ အဆင့်ဆင့် လုပ်ဆောင်ကြရန်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုများကို ကိုင်တွယ်ဖြေရှင်းကာ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို လျှော့ချရန်နှင့် နောင်မျိုးဆက်များအတွက် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရန် ရည်ရွယ်သည်။ အပင်စိုက်ခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းကာ လေထုသန့်ရှင်းခြင်း၊ အပူချိန်လျော့ကျခြင်း၊ ရေကြီးမှုနှင့် မြေဆီလွှာပျက်စီးမှု ကာကွယ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။ ရခိုင်ပြည်သူတစ်ဦးချင်းစီ၏ စည်းလုံးညီညွတ်မှုဖြင့် ဂေဟစနစ်ပြန်လည်ထူထောင်ကာ စိမ်းလန်းစိုပြည်သော ရခိုင်ပြည်ဖြစ်လာစေရန် ရပ်ရွာလူငယ်များနှင့် ULA/AA ဌာနဆိုင်ရာများက ဦးဆောင်ပါဝင်ရန် တိုက်တွန်းထားသည်။ ပြီးခဲ့သည့် မေလတွင်လည်း ULA က ဒီရေပင် ၇၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
ရခိုင်ပြည်တစ်ဝန်း စိမ်းလန်းသာယာစေရေးအတွက် ယခုမိုးရာသီအတွင်း သစ်ပင်စိုက်ပျိုးကြရန် စိမ်းလန်းသော အာရက္ခပြည် (Green Arakkha)က တိုက်တွန်းနှိုးဆော်လိုက်သည်။ ရခိုင်ပြည်သူတစ်ရပ်လုံးက အဆိုပါသစ်ပင်စိုက်ပျိုးမည့်လှုပ်ရှားမှုကို ယနေ့ ဇွန်လ ၁ ရက်မှစတင်ကာ လုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားသည်။ ပထမအဆင့်အနေဖြင့် မိမိတို့၏နေအိမ်နှင့် ခြံဝင်းများတွင် စိုက်ကြရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် မိမိတို့၏ရပ်ရွာများတွင် စိုက်ကြရမည်ဟု ဆိုသည်။ တတိယအဆင့်အနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပါတီ၊ အစိုးရနှင့် ဌာနဆိုင်ရာအားလုံး ပူးပေါင်းပြီး စိုက်ပျိုးကြရမည်ဖြစ်သည်။

ရခိုင်ဒေသတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှု စွမ်းအင်လိုအပ်ချက်တို့ကို ကိုင်တွယ်ဖြေရှင်းကြရန် ရခိုင်ပြည်သူပြည်သားများ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေသကဲ့သို့ ဂေဟစနစ်ပြန်လည် ထူထောင်ရန် ဒေသအကျိုးပြု သစ်ပင်စိုက်နည်းဗျူဟာဖြင့် ရခိုင်ပြည်တွင်းရှိ လူမှုအသိုင်းအဝန်းများအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိလာစေရန်နှင့် စိမ်းလန်းစိုပြည်သာယာလှပသော ရခိုင်ပြည်ဖြစ်ထွန်းလာစေရန်အတွက် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ စည်းလုံးညီညွတ်မှုကို လိုအပ်လျက်ရှိသည်ဟုလည်း သိရသည်။ ထို့ကြောင့် ရခိုင်ပြည်သူတို့ အားလုံး အိမ်တိုင်း၊ မြို့တိုင်းတွင် မိမိတို့ အိမ်ပတ်ဝန်းကျင်များ၌ အပင်များစိုက်ပျိုးခြင်း၊ လမ်းဘေးကျောင်းများ၊ ရုံးများနှင့် လူအများအသုံးပြုရာနေရာများတွင် စုပေါင်းအပင်စိုက်ခြင်း၊ စိုက်ပျိုးပြီးအပင်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့၌ မျိုးဆက်သစ် ရပ်ရွာလူငယ်များအနေဖြင့် ဦးဆောင်လှုပ်ရှားကြရန်နှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/ AA)၏ ဌာနဆိုင်ရာများကလုပ်ဆောင်သည့် အပင်စိုက်ပျိုးရေးလှုပ်ရှားမှုများတွင် ပြည်သူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန်လည်း စိမ်းလန်းသော အာရက္ခပြည်က တိုက်တွန်းနှိုးဆော်ထားသည်။

ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁/၂ဝ၂၆