
AI Summary
မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အကြမ်းဖက်စစ်တပ်တို့အကြား မေလနှင့် ဇွန်လပထမပတ်အတွင်း တိုက်ပွဲပေါင်း ၄၃ ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၃၁ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဗိုလ်မှူး အောင်ဖြိုးဝေနှင့် ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် စစ်သား ၁၈ ဦးကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ မင်းတုန်းမြို့နယ်တိုက်ပွဲမှ သုံ့ပန်း ၁၅ ဦးနှင့် လက်နက်များ သိမ်းပိုက်ရရှိခဲ့ပြီး၊ နတ်မောက်ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ်တစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ ချောက်မြို့အခြေစိုက်တပ်မှ ခဲယမ်းသယ်ယာဉ်နှစ်စီးနှင့် စစ်ယာဉ်တန်းများကိုလည်း ခြုံခိုတိုက်ခိုက်ခဲ့ကာ ယာဉ်နှစ်စီး ပျက်စီးခဲ့သည်။ မကွေးခရိုင်စစ်ဌာနလက်အောက်ခံတပ်ရင်းများက မိတ္ထီလာအခြေစိုက်တပ်မ ၉၉ မှ ယာဉ်တန်းငါးစီးကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ PDF အနေဖြင့် စစ်မျက်နှာအသီးသီးတွင် တိုက်ပွဲဝင်နေပြီး ပြည်သူလူထု၏ ကူညီပံ့ပိုးမှုကို မေတ္တာရပ်ခံထားသည်။
နိရဉ္စရာ၊ ဇွန် ၄/၂၀၂၆ မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးနယ်မြေအသီးသီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဘက်မှ ၃၁ ဦး သေဆုံးပြီး ဗိုလ်မှူး အောင်ဖြိုးဝေနှင့် ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် ၁၈ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ဇွန်လ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အကြမ်းဖက်စစ်တပ်တို့အကြား ပြီးခဲ့သည့် မေလနှင့် ဇွန်လပထမပတ်အတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၄၃ ကြိမ်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၃၁ ဦးသေဆုံးပြီး ၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် သုံ့ပန်း ၁၈ ဦးကိုပါ အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇွန်လ (၃) ရက်နေ့တွင် မင်းတုန်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် ရန်သူ့စစ်ကြောင်းနှင့် သရက်ခရိုင်တပ်ရင်း (၄)တို့ တိုက်ပွဲများ ဖြစ်ပွားပြီး သုံ့ပန်း (၁၅)ဦးနှင့် သေနတ်တစ်လက်ကို တော်လှန်ရေးတပ်ဘက်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ မေလ (၂၉) ရက်နေ့တွင် နတ်မောက် ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင်အားလည်း စစ်ဆင်ရေးနယ်မြေတနေရာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မေလ (၂၆)ရက်နေ့တွင် ချောက်မြို့အခြေစိုက် ခလရ (၁၃) (က.ပ.စ-၂၁ မှ) ထွက်ခွာလာသော ရန်သူ့ ခဲယမ်းသယ်ဆောင်သည့် ယာဉ်နှစ်စီးအားလည်း ခြုံခိုတိုက်ခိုက်ခဲ့သည်။
ယင်းနေ့တွင်ပင် ဆိပ်ဖြူမြို့မှတဆင့် ရန်သူ့ က.ပ.စ-၂၁ သို့ အင်အား ဖြည့်တင်းရန် ဦးတည်ထွက်ခွာလာသည့် ရန်သူ့စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့ယာဉ်နှစ်စီး ပျက်စီးခဲ့သည်။

မေလ (၂၂) ရက်တွင် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) မှ ချောက်မြို့( က.ပ.စ-၂၁ သို့ ဆက်လက်ထွက်ခွာ)သို့ ထွက်ခွာလာသောယာဉ်တန်း ငါးစီးအား မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
မေလ စတုတ္ထပတ်အတွင်း သရက်ခရိုင်တပ်ရင်း (၃)မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ (၅၉၉) မှ ရန်သူ့စစ်ကြောင်းနှင့် ထိတွေ့မှုများဖြစ်ကာ ဗိုလ်မှူးအောင်ဖြိုးဝေ (ကြည်း-၅၃၃၇၆) နှင့် ဗိုလ်ကြီး ပြည့်စုံအောင် ( ကြည်း - ၇၄၀၇၆) အပါအဝင် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး ပစ္စတို (၁၉)လက်၊ ကျည်ဘောက် (၃၈)ခု၊ ဖုန်း (၃)လုံးကိုလည်း မိမိတို့ဘက်မှ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလစတုတ္ထပတ်အတွင်း ပုံတောင် တောင်ကြောမှတဆင့် ဂန့်ဂေါခရိုင်အတွင်း ဝင်ရောက်လာသော အင်အား ၁,၀၀၀ ခန့်ရှိ ရန်သူ့ စစ်ကြောင်းနှင့် ယာယီထိုင်စခန်းများအား ကြားဖြတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် အကြမ်းဖက်စစ်တပ်အား စစ်မျက်နှာအသီးသီးတွင် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ရန်လည်း မေတ္တာရပ်ခံထားသည်။