
AI Summary
ရန်ကုန် ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေခဲ့သော တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးသည် ၎င်း၏ချစ်သူ မရှုလင်ကို သတ်ဖြတ်ပြီးနောက် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ အသက် ၃၀ အရွယ် မရှုလင်၏ ဓားဖြင့်ထိုးသတ်ခံထားရသော အလောင်းကို ဇွန်လ ၁၀ ရက်နေ့ညတွင် လှိုင်သာယာရှိ နဝဒေးဥယျာဥ်အိမ်ရာ၌ တွေ့ရှိခဲ့ပြီး၊ သတ်ဖြတ်မှုမှာ ဇွန်လ ၉ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ချစ်သူကောင်မလေးက လမ်းခွဲစကားပြောဆိုခဲ့ခြင်းကြောင့် ဦးတင်စိုးက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် ဆီဒိုးနားဟိုတယ် ၂၉ လွှာမှ ခုန်ချမသေဆုံးမီ သေတမ်းစာတစ်စောင် ရေးသားထားခဲ့သည်။ သေတမ်းစာတွင် လမ်းခွဲမည်ပြောသော ချစ်သူကောင်မလေးကို သတ်ပြီး အဆုံးစီရင်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး၊ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှ ၎င်း၏ဖုန်းများ၊ ယာဉ်မောင်းလိုင်စင်နှင့် သေတမ်းစာတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဤဖြစ်ရပ်သည် ချစ်သူနှစ်ဦးကြား ပြဿနာမှ လူသတ်မှုနှင့် မိမိကိုယ်ကို သတ်သေမှုအဖြစ် အဆုံးသတ်ခဲ့သော ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်သည်။

ရန်ကုန် ဆီဒိုးနားဟိုတယ်ပေါ်ကနေ ခုန်ချသတ်သေသွားတဲ့ တရုတ်နိုင်ငံသားဟာ သူ့ရဲ့ချစ်သူကို သတ်ပြီးနောက် အဆုံးစီရင်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ကောင်မလေးအလောင်းကိုလည်း ဇွန် ၁၀ ရက် ညပိုင်းက လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၆ ရပ်ကွက်၊ နဝဒေးဥယျာဥ်အိမ်ရာမှာ တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တရုတ်နိုင်ငံသား ရေးထားတဲ့ သေတမ်းစာအရ သူသတ်လိုက်တဲ့ ကောင်မလေးကို နဝဒေးဥယျာဥ်အိမ်ရာထဲ Block ၂၀ ပုဂံလမ်း ခြံအမှတ် (၃-က) ကို သွားရှာတာ တွေ့တယ်။ ဓားနဲ့ထိုးသတ်ထားတာ၊ သတ်တာက ၉ ရက်နေ့ကတည်းက ဖြစ်မယ်” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၀ အရွယ် လှိုင်သာယာစက်မှုဇုန် မိန်ကျယ် အထည်ချုပ်စက်ရုံက မန်နေဂျာ မရှုလင် ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ချစ်သူကောင်မလေးက လမ်းခွဲစကားပြောတာကြောင့် ဇွန် ၉ ရက် မနက်မှာ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးဟာ ကောင်မလေးကို သတ်ခဲ့ပြီး ဆီဒိုးနားဟိုတယ်မှာ လာရောက် တည်းခိုခဲ့တာပါ။
ဇွန် ၁၀ ရက် မနက် ၉ နာရီမှာ ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်မှာ တည်ရှိတဲ့ ဆီဒိုးနားဟိုတယ် ၂၉ လွှာကနေ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးဟာ လမ်းခွဲမယ်ပြောတဲ့ ချစ်သူကောင်မလေးကို သတ်ပြီး အဆုံးစီရင်ရတာပါဆိုတဲ့ သေတမ်းစာတစောင်ရေးပြီး မိမိကိုယ်ကိုယ် ခုန်ချသတ်သေခဲ့ပါတယ်။
အခင်းဖြစ်ရာနေရာ ဆီဒိုးနားဟိုတယ် ၂၉ လွှာ Emergency Exit ဝင်ပေါက် ပြတင်းတံခါး ဘောင်ပေါ်မှာ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးရဲ့ ဖုန်း ၂ လုံး၊ ယာဥ်မောင်းလိုင်စင် နဲ့ သေတမ်းစာတစောင်ကို သိမ်းဆည်းရမိပြီးနောက် အသတ်ခံရတဲ့ ကောင်မလေးအလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။