
AI Summary
မြန်မာစစ်တပ်သည် လက်ရှိစစ်ဆင်ရေးများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသော တပ်သားသစ်များကို အဓိကအသုံးပြုနေပြီး ၎င်းတို့မှာ စစ်ထွက်အင်အား၏ ၈၅ ရာခိုင်နှုန်းအထိ ရှိလာသည်။ စစ်တပ်အတွင်း တပ်သားသစ်စုဆောင်းရရှိမှု နည်းပါးလာခြင်းနှင့် တပ်ပြေး၊ ကျဆုံးမှုများကြောင့် အင်အားလျော့နည်းလာသည့်အတွက် စစ်မှုထမ်းဥပဒေကို အသုံးချကာ ပြည်သူအချင်းချင်း ထိပ်တိုက်ရင်ဆိုင်စေသည့် နည်းဗျူဟာကို ကျင့်သုံးလာခြင်းဖြစ်သည်။ ဤအခြေအနေကြောင့် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းရရှိသော တပ်သားအရေအတွက်မှာ ၂၀၂၀ ခုနှစ်ကထက် ခြောက်ဆအထိ မြင့်တက်လာသည်။ လက်ရှိတွင် စစ်မှုထမ်းအမှတ်စဉ် ၂၅ ခုအထိ ဖွင့်လှစ်ထားပြီး အပတ်စဉ် ၂၃ အထိ သင်တန်းဆင်းပေးထားပြီးဖြစ်သည်။ အဆိုပါလုပ်ရပ်သည် စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးများအတွက် အကျိုးဖြစ်ထွန်းစေသော်လည်း ပြည်သူလူထုအကြား ထိခိုက်နစ်နာမှုများ ပိုမိုဖြစ်ပေါ်စေလျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"လေ့လာစောင့်ကြည့်မှု မှတ်တမ်းများအရ လက်ရှိ ခြေလျင်တိုက်ခိုက်ရေးတပ်များ၏ စစ်ထွက်အင်အား ၈၅ ရာခိုင်နှုန်းသည် ပြည်သူ့စစ်မှုထမ်းတပ်သားများ ဖြစ်ပါသည်"
နိရဉ္စရာ၊ ဇွန် ၁၄ / ၂၀၂၆
အာဏာသိမ်းမြန်မာစစ်တပ်သည် လက်ရှိ စစ်ထွက်ရာတွင် ပြည်သူ့စစ်မှုထမ်းတပ်သား ၈၅ ရာခိုင်နှုန်း အသုံးပြုပြီး စစ်ထွက်နေရသည်ဟု မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ ( MDSI) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ လေ့လာစောင့်ကြည့်မှု မှတ်တမ်းများအရ လက်ရှိ ခြေလျင်တိုက်ခိုက်ရေးတပ်များ၏ စစ်ထွက်အင်အား ၈၅ ရာခိုင်နှုန်းသည် ပြည်သူ့စစ်မှုထမ်းတပ်သားများ ဖြစ်ပါသည် ” ဟု ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်သည် စစ်မှုထမ်းတပ်သားများကို အခြေပြု၍ အင်အားအများအပြားဖြင့် နိုင်ငံအဝှမ်း တန်ပြန်ထိုးစစ်များကို ဖော်ဆောင်လာခြင်းဖြစ ်ပြီး အကျိုးသက်ရောက်နေမှုကို ခြုံငုံဆန်းစစ်ကြည့်ပါက စစ်မှုထမ်းဥပဒေကို အသုံးချကာ ပြည်သူအချင်းချင်း ပြန်လည် ထိပ်တိုက်ရင်ဆိုင်စေသော စစ်နည်းဗျူဟာဖြင့် အာဏာသိမ်း ဗိုလ်ချုပ်ကြီးများ အကျိုးဖြစ်စေခဲ့သည် ဟုဆိုသည်။
ပြည့်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လစဥ်ပျမ်းမျှ စစ်မှုထမ်းတပ်သား (၄၇၀၀)၊ အခြေခံတပ်သားသစ် ခန့်မှန်း (၄၀၀) ဝန်းကျင်ဖြင့် ၂၀၂၅ တနှစ်တာအတွင်း စစ်မှုထမ်းတပ်သား (၆၀၀၀၀) ကျော်ကို စုဆောင်းရရှိခဲ့ ပြီး အဆိုပါ တပ်သားသစ်အရေအတွက်သည် စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ခုနှစ် စုရအင်အားထက် ၆ ဆအထိ ဖြစ်ကြောင်း တွေ့ရှိ ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင်အသက်သွင်းပြီးနောက် ၂ နှစ်ကျော်အတွင်း စစ်မှုထမ်းအမှတ်စဥ် (၂၅) ခု ဖွင့်လှစ်ထားပြီး ဖြစ်သလို၊ အပတ်စဥ်(၂၃) ထိ သင်တန်းဆင်း ထားပြီဖြစ်သည်ဟု ဖော်ပြသည်။
အာဏာသိမ်းမှု မတိုင်ခင် စစ်တပ်၏ နှစ်စဥ် လူသစ်စုဆောင်းရရှိမှုကို လေ့လာကြည့်ပါက ၁၉၉၅-၂၀၀၀ ခုနှစ်ကာလ နှစ်စဥ် (၃၀၀၀၀)၊ ၂၀၀၅-၂၀၁၀ ကာလ နှစ်စဥ် ပျမ်းမျှ (၂၅၀၀၀) ဝန်းကျင် ရှိခဲ ့ကြောင်း ၂၀၁၀ နောက်ပိုင်းတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲလာမှုနှင့်အတူ နိုင်ငံစီးပွားရေး တည်ငြိမ်တိုးတက်လာတာကြောင့် စစ်တပ်အတွင်း ဝင်ရောက်သူ တဖြည်းဖြည်း နည်းပါးသွားပြီး တနှစ်တာစုရအင်အား (၁၅၀၀၀) အောက်ထိ လျော့ကျသွားခဲ့သည် ဟု ဆိုသည်။
တဘက်တွင်လည်း နှစ်စဥ် ပြုန်းတီးအင်အား (၅)မျိုး (တပ်ပြေး၊ ထုတ်ပယ်၊ ထွက်ခွင့်၊ ကျဆုံး၊ သေဆုံး) အရေအတွက်သည် ပျမ်းမျှ (၁၂၀၀၀) ကျော်ရှိသဖြင့် ၂၀၁၅ နောက်ပိုင်းတွင် ပြုန်းတီးအင်အားက စုရအင်အားထက် ပိုများလာသည့် အနေအထားထိ ရောက်ရှိလာခဲ့သည်။

၂၀၁၁ နောက်ပိုင်း စစ်တပ်အတွင်းသို့ ဝင်ရောက်လိုသူ အလွန်နည်းပါးလာသဖြင့် အောက်ခြေတပ်ရင်း/တပ်ဖွဲ့များတွင် လူအရောင်းအဝယ်များ၊ ငွေကြေးဖြင့် စည်းရုံးစုဆောင်းရမှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ထိုသို့ နည်းလမ်းမျိုးစုံဖြင့် အောက်ခြေတပ်များကို ဖိအားပေးစုဆောင်းစေသော်လည်း ၂၀၁၇ နောက်ပိုင်းမှစ၍ တနှစ်တာစုရအင်အားသည် (၁၀၀၀၀) ဝန်းကျင်ခန့်ထိ လျော့ကျသွားခဲ့ သည်ဟု ဆိုသည်။
မြန်မာစစ်တပ်တွင် နှစ်စဥ် ပြုန်းတီးအင်အား (၅)မျိုး (တပ်ပြေး၊ ထုတ်ပယ်၊ ထွက်ခွင့်၊ ကျဆုံး၊ သေဆုံး) အရေအတွက်သည် ပျမ်းမျှ (၁၂၀၀၀) ကျော်ရှိသဖြင့် ၂၀၁၅ နောက်ပိုင်းတွင် ပြုန်းတီးအင်အားက စုရအင်အားထက် ပိုများလာသည့် အနေအထားထိ ရောက်ရှိလာခဲ့သည် ဟု ဖော်ပြထားသည်။