အမေရိကန် စုံစမ်းနေသော တရုတ်ကျားဖြန့်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဆက်နွှယ်မှု ဖြစ်နိုင်ခြေ
myanmar||24 MIN READ

အမေရိကန် စုံစမ်းနေသော တရုတ်ကျားဖြန့်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဆက်နွှယ်မှု ဖြစ်နိုင်ခြေ

AI Summary

အမေရိကန်ကွန်ဂရက်အထူးကော်မတီက တရုတ်ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် တရုတ်ကွန်မြူနစ်ပါတီအကြား ဆက်နွယ်မှုများကို စုံစမ်းလေ့လာသည့် "ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အာဏာ" အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံတွင်း နှိမ်နင်းမှုများကြောင့် ကျားဖြန့်ဂိုဏ်းများသည် အရှေ့တောင်အာရှနိုင်ငံများသို့ ပြောင်းရွှေ့လာပြီး၊ အားနည်းသော အစိုးရယန္တရားများနှင့် အကျင့်ပျက်ခြစားမှုများကို အခွင့်ကောင်းယူကာ အခြေစိုက်ခဲ့ကြသည်။ အမေရိကန်နိုင်ငံသားများ အပါအဝင် အွန်လိုင်းလိမ်လည်မှုခံရသူများနှင့် မြန်မာ၊ ကမ္ဘောဒီးယားကဲ့သို့ နိုင်ငံများ ထိခိုက်နစ်နာခဲ့ရသည်။ ဤပြဿနာသည် အမေရိကန်-တရုတ် အားပြိုင်မှုနယ်ပယ်သစ်ဖြစ်လာပြီး၊ တရုတ်အစိုးရပိုင်ကုမ္ပဏီများက ကျားဖြန့်အဆောက်အအုံများ ဆောက်လုပ်ပေးခဲ့သည့် အထောက်အထားများ ပေါ်ထွက်လာသည်။ လက်ရှိတွင် အမေရိကန် FBI က မြန်မာရှိ ကျားဖြန့်ခေါင်းဆောင်များကို ဖော်ထုတ်ဖမ်းဆီးရန် ကြိုးပမ်းနေသော်လည်း၊ အဓိကခေါင်းဆောင်များ ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင်ပင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် ၎င်းကို သာမန်ရာဇဝတ်မှုမဟုတ်ဘဲ အမျိုးသားလုံခြုံရေးပြဿနာအဖြစ် သတ်မှတ်ကိုင်တွယ်ရန် တိုက်တွန်းထားသည်။

မေလ ၁၅ ရက်နေ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အပြီးတွင် အမေရိကန် ကွန်ဂရက်၏ အထူးကော်မတီတစ်ခုက နိုင်ငံဖြတ်ကျော် တရုတ်ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် တရုတ်ကွန်မြူနစ် ပါတီအကြား ဆက်နွယ်မှုများကို လေ့လာထားသည် “ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အာဏာ” ဟု အမည် ပေးထားသော အစီရင်ခံစာတစ်စောင်ကို အချိန်ကိုက် ထုတ်ပြန်လိုက်သည်။

ထိုအစီရင်ခံစာကို အမေရိကန်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီအကြား မဟာဗျူဟာပြိုင်ဆိုင်မှုဆိုင်ရာ အောက်လွှတ်တော် အထူးကော်မတီက ထုတ်ပြန်ခဲ့ပြီး၊ မေလ ၁၉ ရက်နေ့တွင် ကော်မတီ၏ ကြားနာပွဲကိုလည်း အာဏာရ ရီပတ်ဘလီကန်ပါတီ လွှတ်တော်အမတ်နှင့် ကော်မတီဥက္ကဋ္ဌ John Moolenaar က ဦးဆောင် ကျင်းပခဲ့သည်။ အစီရင်ခံစာတွင် တရုတ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းများနှင့် တရုတ်ကွန်မြူနစ်ပါတီ အာဏာရှိသူတို့၏ အကျင့်ပျက်ခြစားမှုများအကြား ဆက်နွယ်မှုရှိမရှိ စုံစမ်းလေ့လာထားမှုများလည်း ပါဝင်သည်။

လွှတ်တော်ကြားနာပွဲကို သမ္မတထရမ့် ဖျက်သိမ်းခဲ့သော အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (United States Institute of Peace) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူနှင့်        တရုတ်- မြန်မာဆက်ဆံရေးကျွမ်းကျင်သူ ဂျေဆင်တာဝါ (Jason Tower)၊ အမေရိကန်၏ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်သော ဟားဗတ်တက္ကသိုလ် အာရှရေးရာစင်တာမှ ဧည့်သုတေသီ Jacob Sims၊ ကျားဖြန့်ဂိုဏ်းများကို မြေပြင်အထိ ကွင်းဆင်းစုံစမ်းထောက်လှမ်းခဲ့သော Operation Shamrock ဆိုသည့်အဖွဲ့ကို တည်ထောင်သူနှင့် ဥက္ကဋ္ဌ Erin West တို့က ၎င်းတို့ စုဆောင်းရရှိထားသော အထောက်အထားများအပေါ် အခြေပြုပြီး သက်သေထွက်ဆိုခဲ့သည်။ ဂျေဆင်တာဝါသည် လက်ရှိတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်အဖွဲ့ (Global Initiative against Transitional Organized Crimes) ၏ အကြီးတန်း ပညာရှင်တစ်ဦး ဖြစ်သည်။

စက်မှုဇုန်များ သို့မဟုတ် မြို့သစ်များအသွင်သဏ္ဌာန် ဖန်တီးထားပြီး၊ တရားဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့်ပမာ  စနစ်တကျတည်ဆောက်ထားသော အဆောက်အအုံများထဲတွင်၊ တရုတ်နိုင်ငံသား အများစုပါဝင်သော ထောင်သောင်းချီသည့် လူအင်အားဖြင့် လျှို့ဝှက်အွန်လိုင်းငွေလိမ်စင်တာများ လုပ်ကိုင်နေသည်ကို  ထိုင်း-မြန်မာနှင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသများတွင် ဖော်ထုတ်နှိမ်နင်းနိုင်ခဲ့ပြီးနောက် အမေရိကန်အစိုးရ၊ လွှတ်တော်၊ လုံခြုံရေးအေဂျင်စီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရှင်များက ထိုပြဿနာ၏ အတိမ်အနက်ကို အလွန်နောက်ကျပြီးမှ အလေးထားလာကြပြီဆိုသည်ကို ဤအစီရင်ခံစာတွင် လေ့လာတွေ့ရှိရသည်။

အမေရိကန်ကွန်ဂရက် အထူးကော်မတီ၏အမည်၊ တရုတ်ကျားဖြန့်ဂိုဏ်းများနှင့် တရုတ်ကွန်မြူနစ်ပါတီ အကြားဆက်နွယ်မှုကို အလေးထားလေ့လာခဲ့သော အစီရင်ခံစာတို့ကြောင့် ကျားဖြန့်ပြဿနာသည် အမေရိကန်- တရုတ် အားပြိုင်မှုနယ်ပယ်သစ် ဖြစ်လာနေပြီလား ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။

တရုတ်ကျားဖြန့်ဂိုဏ်းများအရေး တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရ တာဝန်ရှိမှု

အရှေ့တောင်အာရှနိုင်ငံများထဲ တရုတ်ကျားဖြန့်ဂိုဏ်းများ ဖြန့်ကြက်ဝင်ရောက်လာသည့်ဖြစ်စဉ်တွင် ကျားဖြန့် ဂိုဏ်းခေါင်းဆောင် တရုတ်နိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံတို့၏ အာဏာပိုင် အသိုင်းအဝိုင်းထဲ ဝင်ဆန့်လာနိုင်မှုက စိတ်ဝင်စားစရာကောင်းလှပါသည်။ ၎င်းတို့၏နောက်ကွယ်တွင် တရုတ်ကွန်မြူနစ်ပါတီက ထိုနိုင်ငံများအပေါ် နိုင်ငံရေးအရ ဩဇာလွှမ်းမိုးချုပ်ကိုင်နိုင်ရန် စနစ်တကျအကွက်ချ အသုံးချခဲ့သလား ဆိုသည့် သံသယဖြစ်ဖွယ်အချက် အပါအဝင် ကျားဖြန့်ဂိုဏ်းများနှင့် တရုတ်ကွန်မြူနစ်ပါတီ ဆက်နွယ်မှုရှိမရှိကို အစီရင်ခံစာက စုံစမ်းလေ့လာထားခြင်း ဖြစ်သည်။

သို့သော် တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ နောက်ကွယ်မှ တရုတ်ကွန်မြူနစ်ပါတီ တိုက်ရိုက်ပတ်သက် ဆက်နွယ်သည့် အထောက်အထားများ လက်ရှိအချိန်ထိ မတွေ့ရှိရပါ ဟု အစီရင်ခံစာက ဖော်ပြထားသည်။ သို့သော် တရုတ်အစိုးရပိုင်ကုမ္ပဏီက ကမ္ဘောဒီးယားနိုင်ငံတွင် ကျားဖြန့်အဆောက်အအုံများကို ဆောက်လုပ်ပေးခဲ့ကြောင်း အထောက်အထား အထင်အရှား ထွက်ပေါ်ခဲ့ခြင်းက အမေရိကန်အစိုးရ၊ လွှတ်တော်နှင့် လုံခြုံရေး အေဂျင်စီများကို တပ်လှန့်သကဲ့သို့ ဖြစ်သွားဟန်တူသည်။

ကွန်မြူနစ်ပါတီအတွင်းရှိ အာဏာရှိသူများ၊ အကျင့်ပျက်ခြစားသော အရာရှိကြီးများနှင့် ကျားဖြန့်ဂိုဏ်းများ သွယ်ဝိုက်စွာ ပတ်သက်ဆက်နွယ်မှု ရှိနိုင်သည့် ဖြစ်တန်ရာခြေကို ယခုအခါ အမေရိကန်က စတင်စုံစမ်း ထောက်လှမ်းနေပြီဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ထို့အပြင် တရုတ်ကျားဖြန့်ဂိုဏ်းများသည် အွန်လိုင်းမှလိမ်လည်ရရှိခဲ့သော ငွေကြေးများကို ခရစ်တိုငွေကြေး (Cryptocurrency) အဖြစ် ပြောင်းလဲခြင်း၊ တရုတ်ဘာသာဖြင့် တည်ဆောက်လည်ပတ်နေသော အွန်လိုင်း အက်ပလီ ကေးရှင်းများ သုံးကာ ခြေရာဖျောက်သိမ်းဆည်းခြင်း၊  တရုတ်မြေအောက်ဘဏ်များ (Chinese Underground Banks) လည်ပတ်လုပ်ကိုင်၍ လိမ်လည်ငွေအမြောက်အများ လွှဲပြောင်းနေခြင်းကိုလည်း အမေရိကန်က လေ့လာတွေ့ရှိထားသည်။

အဆိုပါ တရုတ်ဘာသာဖြင့် အဆင့်မြင့်တည်ဆောက်ထားသော ဒီဂျစ်တယ်အခြေခံအဆောက်အဦများကို အသုံးချနိုင်စွမ်းရှိနေသည့် တရုတ်ကျားဖြန့်ဂိုဏ်းများနောက်ကွယ်တွင် တရုတ်ကွန်မြူနစ်ပါတီ ရှိနိုင်သော ဖြစ်တန်ရာခြေကိုလည်း အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း စတင်စူးစမ်းလေ့လာနေပြီ ဖြစ်သည်။

အရှေ့တောင်အာရှဒေသတွင် တရုတ်နိုင်ငံသား ရာဇဝတ်သားများ ဦးဆောင်သော ကျားဖြန့်အွန်လိုင်း ငွေလိမ် ဂိုဏ်းများ မည်ကဲ့သို့ ရောက်ရှိပြန့်ပွားခဲ့သည်ကို လေ့လာရာတွင်၊ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း   တရုတ်အစိုးရက နိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းစဉ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များကို ထိရောက်စွာ ဖမ်းဆီးခြင်းမပြုခဲ့ကြောင်း တွေ့ရသည်။ ၎င်းတို့သည် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့ပြီး၊ ထိုနိုင်ငံများရှိ အားနည်းပြီး အကျင့်ပျက်ခြစားသော အစိုးရယန္တရားများကြောင့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် လိုအပ်သော အခြေခံအဆောက်အဦများကို အခိုင်အမာတည်ဆောက် အခြေစိုက်နိုင်ရုံမျှမက အာဏာရှိနိုင်ငံရေး အသိုင်းအဝိုင်းထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လှုပ်ရှားလာနိုင်ခဲ့သလို နိုင်ငံရေး အာဏာဖြင့် အကာအကွယ်ယူမှုများ လုပ်နိုင်ခဲ့သည်ဟု သုံးသပ်ထားသည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များသည် နိုင်ငံရပ်ခြား တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်ကြီးများအသွင် ပြောင်းလဲနိုင်ခဲ့ပြီး၊ ထိုနိုင်ငံများတွင် ကုမ္ပဏီများ တရားဝင် ထူထောင်၍ ဖွံ့ဖြိုရေးစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် တရားဝင်မှုမျက်နှာဖုံးကို ကောင်းစွာရယူခဲ့ကြ သည်။

ထိုဖွံ့ဖြိုးရေးစီမံကိန်းများတွင် အခြေခံအဆောက်အဦများကို အခိုင်အမာဆောက်လုပ်ခဲ့ပြီး၊ နောက်ပိုင်း ထိုအဆောက်အဦများကို တရုတ်ကျားဖြန့်ဂိုဏ်းတို့၏ အွန်လိုင်းငွေလိမ်စင်တာများအဖြစ် အသုံးချခဲ့သည့် အထောက်အထားများ ယခုအခါ ပေါ်ထွက်လာသည်။ ထိုအခြေခံအဆောက်အဦများကို တရုတ်အစိုးရပိုင် ကုမ္ပဏီများ တည်ဆောက်ပေးခဲ့မှုက အထူးသံသယဖြစ်စရာအချက်အဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ တရုတ်အစိုးရ နှင့် တရုတ်ကွန်မြူနစ်ပါတီတွင် တာဝန်ရှိမှုအဖြစ် တွေ့မြင်လာရသည်။

ကမ္ဘောဒီးယား****အခြေစိုက် ကျားဖြန့်ဂိုဏ်းနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီအကြား ဆက်နွှယ်ပုံ

အမေရိကန်ကွန်ဂရက် အထူးကော်မတီ၏ ကြားနာပွဲအတွင်း ကော်မတီဥက္ကဋ္ဌ John Moolenaar က တရုတ် ကျားဖြန့်ဂိုဏ်းများနှင့် တရုတ်အစိုးရအကြား အဆက်အစပ်ရှိမရှိ ရှင်းရှင်းလင်းလင်းသိလိုကြောင်း မေးမြန်းရာ၊ ဟားဗတ်တက္ကသိုလ် အာရှရေးရာစင်တာ၏ ဧည့်သုတေသီ Jacob Tower က တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ရွှေ့ပြောင်းလာပြီး၊ ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားသော ကျားဖြန့်ဂိုဏ်းခေါင်းဆောင် Chen Zhi ၏ Prince Group ပိုင်ဆိုင်သော အဆောက်အအုံများကို တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း (China State Construction Engineering Corporation – CSCEC) ၏ အမှတ် (၄) ဗျူရို (Fourth Bureau) က တည်ဆောက်ပေးခဲ့ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။ အစီရင်ခံစာတွင်လည်း နောက်ဆက်တွဲ အဖြစ် ဖော်ပြထားသည်။

Chen Zhi ၏ နောက်ကြောင်းကို စုံစမ်းခဲ့ရာ ၎င်းသည် ကမ္ဘောဒီးယားနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခြင်း မပြုမီ၊ တရုတ်နိုင်ငံတွင် အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှု (Online Gaming and Gambling Fraud) ပြစ်မှု မှတ်တမ်းများရှိထားသူ ဖြစ်ကြောင်း တွေ့ရသည်။ ထိုကဲ့သို့ ရာဇဝတ်နောက်ခံမှတ်တမ်းရှိထားသူ Chen Zhi ကို တရုတ်အစိုးရ အာဏာပိုင်များက မသိရှိဘဲ မနေပါ။ သို့သော် ကမ္ဘောဒီးယားရှိ Chen Zhi ၏ စီးပွားရေးအခြေခံအဆောက်အဦများကို တရုတ်အစိုးရပိုင် CSCEC Fourth Bureau ကုမ္ပဏီက တည်ဆောက်ပေးခဲ့ပြီး၊ ထိုအဆောက်အဦများသည် ကျားဖြန့်အွန်လိုင်း ငွေလိမ်စင်တာများအဖြစ် ပေါ်ထွက်လာခြင်းက သံသယဖြစ်စရာ ဖြစ်လာသည်။

ကမ္ဘောဒီးယားသို့ Chen Zhi   မည်သို့မည်ပုံ ရောက်ရှိလာသည်ကို အတိအကျ ခြေရာခံနိုင်ခြင်းမရှိပါ။ သို့သော် တရုတ်နိုင်ငံတွင် ရာဇဝတ်မှတ်တမ်းရှိထားသော Chen Zhi သည် အချိန်တိုအတွင်း ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်မိသားစုနှင့် နီးကပ်သောဆက်ဆံရေး တည်ဆောက်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ၎င်းကို ဖမ်းဆီးချိန်တွင် ဟွန်ဆန်၏သား လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်၏ အစိုးရတွင် ဝန်ကြီးအဆင့်နှင့်တူညီသော အကြံပေးရာထူးပင် ရယူထားနိုင်ခဲ့သူ ဖြစ်သည်။

Chen Zhi ကို အလွန်အရေးပါသော တရုတ်ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ထုတ်တွေ့ရှိချိန် အထိ တရုတ်အစိုးရက ၎င်းနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေခဲ့သည်။ သို့သော် Chen Zhi ကို ဖမ်းဆီးလိုက်ပြီးနောက်မှ တရုတ်အစိုးရသည် ၎င်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းရယူနိုင်ရန် ချက်ချင်းလုပ်ဆောင်ခဲ့သည်။ ယခုအခါ Chen Zhi နှင့်ပတ်သက်သော တရားစီရင်မှု မည်ကဲ့သို့ဆောင်ရွက်နေသည်ကို ပြင်ပကမ္ဘာကြီးက ပွင့်လင်းမြင်သာစွာ မသိရှိနိုင်တော့ပါ။

ထိုအချက်များကြောင့် အမေရိကန်ကွန်ဂရက် အထူးကော်မတီ၏ ကြားနာပွဲခန်းမအတွင်း လွှတ်တော်အမတ်များ၏ မေးမြန်းချက်များနှင့် သက်သေထွက်ဆိုကြသူတို့၏ ဖြေကြားချက်များအရ ၎င်းတို့တွင် သံသယစိတ်များ လွှမ်းမိုးလျက် ရှိနေသည်ကို အကဲခတ်နိုင်ပါသည်။

ထိုအချင်းအရာကို လေ့လာခြင်းအားဖြင့် နိုင်ငံရပ်ခြား တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကြီး အသွင်ယူထား သော ကျားဖြန့်ဂိုဏ်းခေါင်းဆောင် Chen Zhi သည် ကမ္ဘောဒီးယားနိုင်ငံ၏ အာဏာရှိ အထက်အလွှာ နိုင်ငံရေး အသိုင်းအဝိုင်းထဲ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသည်ကို တွေ့ရသည်၊ ထိုကဲ့သို့ ဝင်ရောက်နိုင်စေရန် တရုတ်ကွန်မြူနစ်ပါတီ အရာရှိများက ကူညီခဲ့သလားဟု စဉ်းစားစရာ ရှိလာပါသည်။

နိုင်ငံရေးအာဏာရှိသူတို့၏ အကာအကွယ်ရယူ၍ ၎င်းတို့၏လုပ်ငန်းများကို လည်ပတ်ခြင်း၊ လိမ်လည်ရရှိထားသော ငွေကြေးများကို တရုတ်ဘာသာဖြင့် ဖန်တီးတည်ဆောက်ထားသော အွန်လိုင်းငွေကြေးစနစ်ထဲ ခြေရာဖျောက် သိမ်းဆည်းခြင်းနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများထဲ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ စီးဝင်စေပြီး၊ ငွေဖြူ ဖြစ်စေရန် လုပ်ဆောင်ခြင်း စသည့် အလွန်ကြီးမား ရှုပ်ထွေးသော လုပ်ငန်းကွင်းဆက် (Supply Chain)အတွက် ခိုင်မာသည့်အင်စတီကျူးရှင်း အခြေခံအဆောက်အဦများ ပိုင်ဆိုင်ထားသော အဖွဲ့အစည်းများက နောက်ကွယ်မှ ကူညီပေးနေသလား ဆိုသည့် မေးခွန်းများလည်း ရှိနေပါသည်။

မြန်မာနိုင်ငံထဲ ပြန့်ပွားလာသော တရုတ်ကျားဖြန့်နှင့် တရုတ်အစိုးရမူဝါဒ အရှုပ်အထွေး

အမေရိကန်ကွန်ဂရက်လွှတ်တော်က ထုတ်ပြန်ခဲ့သည့် “ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အာဏာ” အစီရင်ခံစာတွင် တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများ မြန်မာနိုင်ငံထဲ ခြေကုပ်ယူပြန့်ပွားလာပုံနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများအကြား ဆက်နွယ်မှုကို ကမ္ဘောဒီးယားက Chen Zhi နှင့် Prince Group ကဲ့သို့ ရှင်းရှင်းလင်းလင်း မတွေ့ ရှိရပါဟု ဖော်ပြထားသည်။

သို့သော် မြန်မာတွင် တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများ အလျင်အမြန် ပျံ့နှံ့လာခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံအတွင်း အဆိုပါ ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့မှုနှင့် ခွဲခြားထား၍မရဘဲ တိုက်ရိုက် ဆက်စပ်နေကြောင်း သုံးသပ်ထားပြီး၊ တရုတ်နယ်စပ်၏ မြန်မာဘက်အခြမ်း ကိုးကန့်၊ “ဝ” နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်အောက်သို့ တရုတ်ပြည်ပြေး ရာဇဝတ်သားများ ထွက်ပြေးခဲ့ကြရာမှ တရုတ်- မြန်မာနယ်စပ်ဒေသသည် ကျားဖြန့်ဂိုဏ်းများ၏ အဓိက စားကျက်မြေဖြစ်လာသည်ဟု သုံးသပ်ထား ပါသည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုနှင့်အတူ နိုင်ငံအနှံ့ ပြည်သူများ၏ဆန့်ကျင်တော်လှန်မှု ဖြစ်ပွားသည်ကို အခွင့်ကောင်းယူပြီး၊ အာဏာသိမ်းစစ်ကောင်စီနှင့် မဟာမိတ်ပြုထားသည့် ကိုးကန့်နယ်ခြားစောင့်တပ်၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မိုင်းလား (NDAA) တို့၏နယ်မြေများတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြသည်။

တရုတ်ကျားဖြန့်ဂိုဏ်းများသည် အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကာအကွယ်နှင့် ၎င်းတို့စိုးမိုးထိန်းချုပ် ထားသော ဒေသများတွင် အခြေစိုက်ပြီး၊ တရုတ်နိုင်ငံနှင့်ချိတ်ဆက်နေသော ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးခဝါချမှု စနစ်များ (China-linked Capital and Laundering Systems) ပါဝင်ပတ်သက်နေသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် တရုတ်ကျားဖြန့်ဂိုဏ်းများ အွန်လိုင်းမှ လိမ်လည်ရရှိထားသော ငွေကြေးများကို အစဖျောက်သိမ်းဆည်းရန် မည်သည့် ငွေကြေးအခြေခံအဆောက်အဦယန္တရားများ အသုံးပြုနေခြင်းဖြစ်ကြောင်း ခြေရာခံစုံစမ်းခြင်းကို အဓိကထား လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံက တရုတ်ကျားဖြန့်များကို နှိမ်နင်းရာတွင် တရုတ်အစိုးရသည် ၂၀၂၃ ခုနှစ် “၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်ခဲ့သော ကိုးကန့်လက်နက်ကိုင် (MNDAA)၊ ၎င်း၏မဟာမိတ် တအာင်း (TNLA) နှင့် အာရက္ခတပ်တော်(AA) တို့ကို သွယ်ဝိုက်အသုံးချခဲ့ပြီး၊ ကျားဖြန့်နှိမ်နင်းရေးသည် ထိုစစ်ဆင်ရေး၏ အဓိက အစိတ်အပိုင်းတရပ် ဖြစ်ခဲ့သည်။ သို့ရာတွင် မြောက်ပိုင်းညီနောင်အဖွဲ့များအဖြစ် လူသိများသော ထိုသုံးဖွဲ့ သည် စစ်အာဏာရှင်လက်အောက်ရှိ ၎င်းတို့၏ တိုင်းရင်းသားနယ်မြေများ လွတ်မြောက်ရေး ရည်မှန်း ချက်ကိုလည်း ပူးတွဲအကောင်အထည်ဖော်ခဲ့ကြသည်။

တရုတ်အစိုးရသည် ကိုးကန့်နယ်အတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သော တရုတ်နိုင်ငံသား ပြည်ပြေးရာဇဝတ်သားများကို ဖမ်းဝရမ်း ထုတ်ခြင်းထက်၊ ကိုးကန့်မိသားစုလေးခု ဖြစ်သော “မြှီ” ၊ “ပယ်” ၊ “ဝေ” နှင့် “လျှို” မိသားစုများကို အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဦးစီးလုပ်ဆောင်နေသည့် အဓိကတရားခံများအဖြစ် ဖမ်းဝရမ်းထုတ်ခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်က ထိုမိသားစုဝင်များကို နေပြည်တော်သို့ လျှို့ဝှက်ကယ်ထုတ်ပြီး အကာအကွယ်ပေးထားရာ တရုတ်က  ဖိအားပေးပြီး ၎င်းတို့ထံ အပ်နှံစေရန်လုပ်ဆောင်နိုင်ခဲ့ခြင်းကို နှစ်နိုင်ငံပူးပေါင်းစစ်ဆင်ရေးအောင်ပွဲအဖြစ် တရုတ်မီဒီယာများက ဝါဒဖြန့်ခဲ့သည်။ မကြာသေးမီက ၎င်းတို့ထဲမှ “မြှီ” နှင့် “ပယ်” မိသားစုဝင်များကို တရုတ်အစိုးရက ကြိုးပေးကွပ်မျက်ခဲ့သည်။

သို့ရာတွင် ဝေးလံခေါင်ဖျားပြီး ပညာရေးအလွန်နိမ့်ကျကာ ခေတ်မီဒီဂျစ်တယ်နည်းပညာ ထွန်းကားခြင်း မရှိသော ကိုးကန့်ဒေသရှိ အဆိုပါ မိသားစုဝင်များသည် ခေတ်မီအွန်လိုင်းနည်းပညာများဖြင့်၊ စနစ်တကျ အွန်လိုင်းလိမ်လည်နည်းစနစ်များကို အလိုအလျောက် ကျွမ်းကျင်တတ်မြောက် ဦးဆောင်ရန်မှာ ယုတ္တိမတန်သောအချက်အဖြစ် ရှိနေပါသည်။ သို့ဆိုလျှင် ကိုးကန့်ဒေသတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ခဲ့သူ တရုတ်နိုင်ငံသား ကျားဖြန့်ခေါင်းဆောင်များကို တရုတ်အစိုးရက ဖမ်းဆီးရမိခြင်းရှိမရှိ၊ ဖမ်းမိထားပြီ ဆိုလျှင်လည်း ၎င်းတို့ကို မည်သို့ တရားစီရင်နေသည်စသည့် မည်သည့်သတင်းအစအနကိုမျှ ထုတ်ပြန်ခြင်း မရှိသည့်အချက်က သံသယဖြစ်ဖွယ်ရာ တရုတ်အစိုးရ၏ ကျားဖြန့်နှိမ်နင်းရေး မူဝါဒ ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းများသည် တရုတ်ပြည်မကြီးထဲက တိုက်ရိုက်ရွှေ့ပြောင်းအခြေချလာ ခြင်းဖြစ်သော်လည်း၊ မြန်မာနိုင်ငံ၏တောင်ပိုင်း ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မြို့က ကျားဖြန့်စင်တာများ သည် ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် တရုတ်ကျားဖြန့်ဂိုဏ်းများနှင့် နီးနီးကပ်ကပ် ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိရသည်။

မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုမြို့သစ် ဖြစ်စဉ်သည် Chen Zhi နှင့် Prince Group ဖြစ်စဉ်ကဲ့သို့ အလားသဏ္ဌာန် တူသည်ဟု ဆိုနိုင်ပါသည်။ ရွှေကုက္ကိုမြို့သစ်ကို ရင်းနှီးမြှုပ်နှံတည်ဆောက်သော Yatai International Holding Group Limited ၏ ပိုင်ရှင် တရုတ်နိုင်ငံသား She Zhijiang သည် Chen Zhi ကဲ့သို့ ကမ္ဘောဒီးယား နိုင်ငံသား ခံယူထားသူ ဖြစ်သည်။ ၎င်း၏ Yatai ကုမ္ပဏီကို တရုတ်အစိုးရလက်အောက်ခံ ဟောင်ကောင်ကျွန်း တွင် တရားဝင်မှတ်ပုံတင်ထားခြင်း ဖြစ်သည်။

She Zhijiang သည် ရွှေကုက္ကိုမြို့သစ် နယ်မြေကို ထိန်းချုပ်ထားသော စောချစ်သူ ဦးဆောင်သည့် ကရင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် အဆက်အသွယ်ရရှိပြီး၊ ရွှေကုက္ကိုမြို့သစ်တည်ဆောက်ရန် မြန်မာနိုင်ငံတွင် Myanmar Yatai International Holding Group ကို တရားဝင်မှတ်ပုံတင်ခဲ့သည်။ She Zhijiang သည် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီးနောက်၊ ထိုင်းအစိုးရက ဖမ်းဆီးနိုင်ခဲ့ပြီး၊ ထိုင်း အကျဉ်းထောင်ထဲ နှစ်အနည်းငယ် ထိန်းသိမ်းထားရာမှ ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် တရုတ်အစိုးရလက်ထဲ လွှဲပြောင်းပေးခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ She Zhijiang နှင့် Chen Zhi တို့နှစ်ဦးလုံး တရုတ်အစိုးရလက်ထဲ ရောက်ရှိသွားသော်လည်း၊ ကမ္ဘောဒီးယားနှင့်မြန်မာရှိ ၎င်းတို့ အခိုင်အမာမျိုးစေ့ချထားခဲ့သော တရုတ်ကျားဖြန့် ဂိုဏ်းများ၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ခြင်း မရှိဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်လည်ပတ်နေခြင်းပင် ဖြစ်သည်။ ယခုအခါ BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စိုးမိုးထိန်းချုပ်ထားသော ထိုင်း- မြန်မာ နယ်စပ်မျဉ်းတစ်လျှောက် မြန်မာဘက်အခြမ်းတွင် ကျားဖြန့်ဝင်းများ အများအပြား ပြန့်ပွားလျက်ရှိသည်။

မကြာသေးမီက အမေရိကန်အစိုးရသည် မြဝတီမြို့ တောင်ပိုင်း “ကျောက်ခက်” ဒေသရှိ Tai Chang ကျားဖြန့် ဂိုဏ်း၏ အွန်လိုင်းငွေလိမ်လုပ်ငန်းအကြောင်းနှင့် လိမ်လည်ရယူထားသောငွေကြေးများကို ခဝါချသည့် သတင်း အချက်အလက်များ ပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မည် ဟု ထုတ်ပြန်ကြေညာထားသည်။

အမေရိကန် FBI က မင်းလက်ပံ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် နှစ်ဦးကို စစ်ဆေးဖော်ထုတ်ခဲ့ခြင်း

၂၀၂၅ ခုနှစ်နှောင်းပိုင်း DKBA ထိန်းချုပ်ထားသည့် မြဝတီမြို့တောင်ပိုင်း မင်းလက်ပံဒေသကို ကရင်အမျိုးသား အစည်းအရုံး/လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) က စီးနင်းသိမ်းပိုက်ခဲ့ရာမှ Shunda Park တရုတ် ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းကို တွေ့ရှိခဲ့ပြီး၊ သိမ်းဆည်းရရှိခဲ့သော လက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများနှင့် အထောက်အထားများကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထိုစဉ်က KNU တာဝန်ရှိသူများ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော အမေရိကန် Scam Center Strike Force အဖွဲ့ဝင်များ ဖြစ်ကြသော ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗြူရို (FBI) အေးဂျင့်များသည် ထောင်နှင့်ချီသော အဆိုပါ အထောက်အထားများကို လက်ခံရရှိ စုံစမ်းစစ်ဆေးခဲ့ပြီး၊ Shunda Park ကျားဖြန့်ဂိုဏ်းတွင် လုပ်ကိုင်ခဲ့သူများကို မေးမြန်း စစ်ဆေးမှုများမှတဆင့် တရုတ်နိုင်ငံသားများဖြစ်သော Huang Xing Shan (ခ) Ah Zhe နှင့် Jiang Wen Jie (ခ) Jiang Nan တို့နှစ်ဦးသည် မင်းလက်ပံကျားဖြန့်ဂိုဏ်းကို ဦးဆောင်သော မန်နေဂျာများဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ထိုတရုတ်နိုင်ငံသားနှစ်ဦးသည် မင်းလက်ပံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားသော်လည်း၊ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်း ထိုင်းနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်ချိန်တွင် တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ရာမှ ၎င်းတို့သည် Shunda Park ကျားဖြန့်ဂိုဏ်းကို ဦးဆောင်ခဲ့သော ခေါင်းဆောင်များ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့သည့် ထိုတရုတ်နိုင်ငံသား နှစ်ဦးကို အမေရိကန်သို့ လွှဲပြောင်းပေးရန် ထိုင်းအစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်နေကြောင်း ဝါရှင်တန်ပြည်နယ်၊ ကိုလမ်ဘီယာခရိုင်တရားရုံး ရှေ့နေချုပ် ဂျနင်းပီရို (Jeanine F. Pirro)သည် မကြာသေးမီက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။

အမေရိကန်ကွန်ဂရက်အစီရင်ခံစာက မင်းလက်ပံကျားဖြန့်ဂိုဏ်းကို နှိမ်နင်းခဲ့သည့်ဖြစ်စဉ်မှ သင်ခန်းစာယူသင့် သော အချက်တစ်ခုကိုလည်း သုံးသပ်ဖော်ပြထားသည်။ မြန်မာနိုင်ငံက ကျားဖြန့်နှိမ်နင်းရေး မဟာဗျူဟာတွင် ကျားဖြန့်ဂိုဏ်းများထံမှ သိမ်းဆည်းရရှိသော အထောက်အထားများနှင့် ၎င်းတို့အသုံးပြုခဲ့သော            အဆောက်အအုံများကို သက်သေခံပစ္စည်းများအဖြစ် ထိန်းသိမ်းထားနိုင်ရေးနှင့် နယ်စပ်ဖြတ်ကျော် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး၊ ကျားဖြန့်ဂိုဏ်းများ၏ အဓမ္မခိုင်းစေခံရသူများကို အကာအကွယ်ပေးခြင်းနှင့် သက်ဆိုင်ရာနိုင်ငံများသို့ လုံခြုစွာလွှဲပြောင်းပေးအပ်ခြင်းတို့အတွက် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများ (Non-state Armed Organizations) ကို ကူညီပံ့ပိုးပေးနိုင်မည့် လမ်းကြောင်းများ လိုအပ်လျက်ရှိသည် ဆိုသည့် အချက် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မင်းလက်ပံဒေသကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပ်များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မည်ဆိုလျှင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးမိရန် မဆိုထားနှင့် ၎င်းတို့၏ အထောက်အထားအချက်အလက်များကိုပါ မီးရှို့ဖျက်ဆီးခြင်းဖြင့် သက်သေအစဖျောက်ကြပါလိမ့်မည်။ မင်းလက်ပံနှင့် မနီးမဝေးတွင် တည်ရှိသော KK Park ကို မင်းအောင်လှိုင်တပ်များ သိမ်းပိုက်ထိန်းချုပ်ခဲ့စဉ်က သက်သေအစဖျောက်မှုများ အလျင်အမြန်လုပ်ဆောင်ခဲ့သည် မဟုတ်ပါလား။ KK Park ကျားဖြန့်ဂိုဏ်းတွင် ထောင်နှင့်ချီသော နိုင်ငံစုံမှ နိုင်ငံသားများကို ဖမ်းဆီးရမိသော်လည်း၊ ယနေ့အချိန်ထိ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များ မည်သူမည်ဝါ ဆိုသည်ကို ဖော်ထုတ်ဖမ်းဆီးမှုများ မလုပ်ခဲ့ခြင်းက သက်သေပင် မဟုတ်ပါလား။

အချုပ်အားဖြင့် လွှတ်တော်ကြားနာပွဲအတွင်း တရုတ်ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ ရသော အမေရိကန်နိုင်ငံသားများ၏ ဆုံးရှုံးသွားသည့် ငွေကြေးများကို ပြန်လည်ရရှိရေးနှင့် ကမ္ဘောဒီးယားနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသများအထိ ကွင်းဆင်းလေ့လာခဲ့သော Operation Shamrock ၏ ဥက္ကဋ္ဌဖြစ်သူ Erin West ၏ ဆွေးနွေးချက်များက အမေရိကန်အစိုးရ၏ အားနည်းချက်များကို ထိထိရောက်ရောက် ထောက်ပြနိုင်ခဲ့သည်။

တရုတ်ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အန္တရာယ်မှ အမေရိကန်နိုင်ငံသားများကို ထိထိရောက်ရောက် အကာအကွယ်ပေးရန် အမေရိကန် လုံခြုံရေးအေဂျင်စီများ အဆင်သင့်ဖြစ်မနေဘဲ၊ ပျက်ကွက်မှုများနှင့် နိုင်ငံ အတွင်းရှိ ရဲဌာနများသည် အွန်လိုင်းငွေလိမ်ခံရသဖြင့် တိုင်ကြားမှုများကို လက်ခံရရှိသည့်အခါ ထိရောက်စွာ ကိုင်တွယ်အရေးယူနိုင်သည့် စွမ်းအားနှင့် စွမ်းရည်မရှိ ဖြစ်နေပုံကို မီးမောင်းထိုးပြခဲ့သည်။ ထိုပြဿနာသည် သာမန်ရာဇဝတ်မှုအမျိုးအစားမဟုတ်ဘဲ၊ အမျိုးသားလုံခြုံရေး ပြဿနာကြီးအဖြစ် အမေရိကန်အစိုးရက ထိထိရောက်ရောက် သတ်မှတ်ကိုင်တွယ်သင့်ကြောင်း Erin West ၏ အကြံပြုချက်ဖြင့် သုံးသပ်ဖော်ပြလိုက်ပါသည်။

ဆက်စပ်သတင်းများ

AI Curated
အမေရိကန် စုံစမ်းနေသော တရုတ်ကျားဖြန့်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဆက်နွှယ်မှု ဖြစ်နိုင်ခြေ | YGN Daily