ယာဉ်အိုယာဉ်ဟောင်းများအပ်ပြီး EV ဖြင့် လဲနိုင်ဟု စစ်အာဏာရှင်အစိုးရ ထုတ်ပြန်

ယာဉ်အိုယာဉ်ဟောင်းများအပ်ပြီး EV ဖြင့် လဲနိုင်ဟု စစ်အာဏာရှင်အစိုးရ ထုတ်ပြန်

DVB
SourceDVB

AI Summary

စစ်အစိုးရ ယာဉ်အိုယာဉ်ဟောင်း EV လဲလှယ်ခွင့်ပြု။ သက်တမ်း ၂၀ နှစ်ကျော်ယာဉ်၊ မပြင်နိုင်ယာဉ်၊ ဆန္ဒအလျောက်ယာဉ် အပ်နှံ EV လဲ။ အပ်နှံယာဉ်တန်ဖိုးအလိုက် EV ပြန်သွင်း၊ နိုင်ငံခြားငွေလည်း ပေး။

Photo : DVB

သက်တမ်းရင့် ယာဉ်အို၊ ယာဉ်ဟောင်းတွေနဲ့ ဟောင်းနွမ်းနေတဲ့ ယာဉ်တွေကို အပ်နှံနိုင်ပြီး အဲဒီယာဉ်အစား သင့်လျော်တဲ့ လျှပ်စစ်ကား (EV) ပြန်သွင်းခွင့်ပေးမယ်လို့ စစ်အာဏာရှင်အစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၈ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနက သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်တွေ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ဖို့၊ ပြင်ဆင်လို့မရနိုင်တဲ့ ယာဉ်တွေနဲ့ ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်းနှစ် ၂၀ မကျော်ပေမဲ့ မိမိဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေကို အပ်နှံယာဉ်ရဲ့ တန်ဖိုးနဲ့အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်တွေကို အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၀၆ ခုနှစ် ရှေ့ပိုင်းထုတ်မော်ဒယ်ယာဉ်တွေကစပြီး နောက်ပိုင်းထုတ် မော်ဒယ်ယာဉ်တွေအထိ ပိုင်ရှင်က ဆန္ဒရှိရင် လဲလှယ်ခွင့် ပေးလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။ လာအပ်တဲ့ယာဉ်ရဲ့ တန်းဖိုးသင့်ပြီး သင့်လျော်တဲ့ လျှပ်စစ်ကားကို ပြန်လည်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ယာဉ်ပိုင်ရှင်တယောက်က “ကိုယ့်ယာဉ်ကို ရာဖြတ်တန်ဖိုးဖြတ်ခံပြီး အဲဒီတန်ဖိုးအလိုက် EV တမျိုးမျိုး ပြန်သွင်းခွင့်ပေးမယ့် သဘောပဲ။ အပ်ချင်ရင်လည်း အပ်၊ မအပ်ချင်ရင်လည်းနေပေါ့။ အဓိက က သူ့တို့သားသမီးတွေ (စစ်ခေါင်းဆောင် မိသားစု) ချုပ်ကိုင်ထားတဲ့ EV ဈေးကွက်ကို တွန်းတင်နေတာပါ” လို့ မှတ်ချက်ပြုတယ်။

အပ်နှံလာတဲ့ ကားရဲ့ တန်ဖိုးအပေါ်မူတည်ပြီး ပြန်သွင်းမယ့် EV ယာဉ်ရဲ့ နိုင်ငံခြားငွေလိုအပ်ချက်ကိုလည်း လဲလှယ်ပေးမယ်လို့ စစ်အာဏာရှင်အစိုးရက ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်အစိုးရ၊ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ မော်တော်ကား အစီးရေ ၅ သန်းကျော် ရှိပြီး အဲဒီအထဲကမှ လေးဘီးတပ်မော်တော်ယာဉ်အရေအတွက်က ၇ သိန်းနီးပါးရှိပါတယ်။

မြန်မာနိုင်ငံကို အဓိက EV တင်သွင်းနေတဲ့ ကုမ္ပဏီတွေဟာ စစ်အုပ်စုနဲ့ ပတ်သက်နီးစပ်တဲ့ ကုမ္ပဏီတွေဖြစ်ပြီး အဲဒီအထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်ပြီး အခု သမ္မတလုပ်နေတဲ့ ဦးမင်းအောင်လှိုင်ရဲ့ မိသားစုပိုင်ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

Leap Motor EV ကားကို စစ်ခေါင်းဆောင်မိသားစုက ဦးဆောင်နေတာဖြစ်ပြီး ပြည်တွင်းမှာလည်း တပ်ဆင်၊ ထုတ်လုပ်နေပါတယ်။

အခြား ကမ္ဘာ့ EV ဈေးကွက်မှာ နာမည်ရပြီးသား BYD လို တံဆိပ်တွေကိုလည်း လက်ရှိပြည်တွင်းကို တင်သွင်းနေပြီး ပြည်တွင်းသုံးနေတဲ့ EV ယာဉ်တွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်ပြည်ကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ယာဉ်အိုယာဉ်ဟောင်းများအပ်ပြီး EV ဖြင့် လဲနိုင်ဟု စစ်အာဏာရှင်အစိုးရ ထုတ်ပြန် | YGN Daily