၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထူးခြားကွဲပြားမှုများ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထူးခြားကွဲပြားမှုများ

DVB
SourceDVB

AI Summary

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ရက်သတ္တပတ်တစ်ပတ်ကျော်အလိုတွင် စတင်တော့မည်ဖြစ်ပြီး ယခင်ပြိုင်ပွဲများနှင့်မတူဘဲ ထူးခြားချက်များစွာဖြင့် ပြည့်နှက်နေသည်။ အဓိကအားဖြင့် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်လိုက်ခြင်းကြောင့် စုစုပေါင်းပွဲစဉ် ၁၀၄ ပွဲအထိ ကစားရမည်ဖြစ်သည်။ ဤတိုးမြှင့်မှုကြောင့် အာဖရိက၊ အာရှနှင့် မြောက်အမေရိကတို့မှ အသင်းငယ်များ ကမ္ဘာ့ဖလားဝင်ခွင့်ရရန် အခွင့်အလမ်းပိုများလာသော်လည်း ဖီဖာ၏ နိုင်ငံရေးနှင့် စီးပွားရေးလှည့်ကွက်အဖြစ် ဝေဖန်မှုများလည်း ရှိသည်။ ပြိုင်ပွဲသည် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို သုံးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ (၃၉ ရက်) လည်း ဖြစ်လာမည်။ ကစားသမားများနှင့် ပရိသတ်များအတွက်မူ နိုင်ငံများအကြား အကွာအဝေး၊ အချိန်ဇုန်နှင့် ရာသီဥတု ကွာခြားမှုများကြောင့် သွားလာရေးနှင့် ကြံ့ခိုင်မှုဆိုင်ရာ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့အပြင် လက်ပစ်ဘော၊ ဂိုးလွန်ဘော အချိန်ဆွဲခြင်း၊ လူစားလဲခြင်းနှင့် ဒဏ်ရာရဟန်ဆောင်ခြင်းတို့ကို တားဆီးရန် စည်းမျဉ်းအသစ်များ၊ VAR အသုံးပြုမှု တိုးချဲ့ခြင်းနှင့် ဗိုလ်လုပွဲတွင် Super Bowl ပုံစံ ဖျော်ဖြေပွဲ ထည့်သွင်းခြင်းစသည့် နည်းပညာနှင့် စည်းမျဉ်းအသစ်များလည်း ပါဝင်လာမည်ဖြစ်သည်။

ဘောလုံးပရိသတ်တွေအားလုံး စောင့်စားနေကြရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ကတော့ ရက်သတ္တပတ် တပတ်ကျော်လောက်သာ လိုပါတော့တယ်။ ပြိုင်ပွဲကို ဇွန် ၁၂ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အိမ်ရှင် မက္ကဆီကိုအသင်းနဲ့ တောင်အာဖရိက အသင်းတို့က အဖွင့်ပွဲ စတင်ကစားမှာ ဖြစ်ပြီး ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေနဲ့ မတူဘဲ တမူထူးခြားပြီး ကွဲပြားခြားနားချက်တွေနဲ့ ပြည့်နှက်လျက်ရှိပါတယ်။

အသင်းအရေအတွက် အများဆုံး ကမ္ဘာ့ဖလား

ပထမဆုံး အထူးခြားဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ ပြိုင်ပွဲဝင်အသင်း အရေအတွက် ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဖီဖာသမိုင်းတလျှောက် ပထမဆုံး အကြိမ် ၄၈ သင်း ယှဥ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားဖြစ်ပြီး အုပ်စု ၁၂ စုထိ ခွဲကာ ပြိုင်ပွဲကို ကျင်းပမှာလည်း ဖြစ်ပါတယ်။ ဒီလို တိုးမြှင့်လိုက်တာကြောင့် စုစုပေါင်း ပွဲစဥ်ဟာ ၆၄ ပွဲကနေ ၁၀၄ ပွဲအထိ ဖြစ်လာခဲ့ပါတယ်။

အာရှအသင်းတွေအတွက် ကမ္ဘာ့ဖလားအိပ်မက်

ဒါအပြင့် အသင်းအရေအတွက် တိုးမြှင့်လိုက်တာကြောင့် အရင်က ဥရောပအသင်းတွေနဲ့ တောင်အမေရိက အသင်းတွေသာ ကြီးစိုးခဲ့တဲ့ ကမ္ဘာ့ဖလားကနေ၊ ကမ္ဘာ့ဖလားနဲ့ အလှမ်းကွာနေတဲ့ အာဖရိက၊ အာရှနဲ့ မြောက်အမေရိကတို့လို အသင်းငယ်တွေပါ ကမ္ဘာ့ဖလားဝင်ခွင့် အိပ်မက်ဟာ လက်တွေ့ နီးစပ်လာခဲ့ကြပါတယ်။ ဒီနှစ်မှာ ဆိုရင် ဥဇဘက်ကစ္စတန်၊ ဂျော်ဒန်၊ ကိတ်ဗာဒီနဲ့ ကူရက်ဆာအို စတဲ့ အသင်းငယ်တွေအတွက် ပွဲဦးထွက် ကမ္ဘာ့ဖလား ဖြစ်လာပါတယ်။

အသင်းအရေအတွက် တိုးမြှင့်လာခဲ့တာဟာ ကမ္ဘာလုံးဆိုင်ရာ မျှတမှုနဲ့ ပါဝင်ခွင့်အတွက်လို ဖီဖာက တဖွဖွဆိုနေပေမဲ့ ဒါဟာ ဖီဖာရဲ့ ဗျူဟာမြောက် နိုင်ငံရေးနဲ့ စီးပွာရေး လှည့်ကွက်တခုအဖြစ်လို့ သုံးသပ်ချက်တွေလည်း အများအပြား ထွက်ရှိခဲ့ပါတယ်။ ဖီဖာ ဥက္ကဋ္ဌ ရာထူးတည်မြဲရေးအတွက် အာရှနဲ့ အာဖရိကတို့လို အသင်းငယ်တွေဆီက ထောက်ခံမဲ လိုအပ်နေပြီး အခုလို  အသင်းငယ်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခွင့် ဖန်တီးပေးလိုက်တာဟာ ဒီဘောလုံးအဖွဲ့ချုပ်တွေဆီက ထောက်ခံမဲ ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဝေဖန်ခံနေရတာပါ။ ဒါ့အပြင် ပွဲစဥ်တွေ များပြားလာတာကြောင့် စပွန်ဆာတွေ၊ ရုပ်သံမူပိုင်ခွင့်တွေဆီက ဝင်ငွေ ဘီလီယံချီကာ အမြတ်ထုတ်နိုင်ခဲ့တယ်လို့ ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

သမိုင်းတလျှောက် အရှည်ကြာဆုံး ကမ္ဘာ့ဖလား

နောက်ထပ်ပြီးတော့ ထူးခြားတဲ့အချက်ကတော့ ဒီနှစ် ကမ္ဘာ့ဖလားဟာ သမိုင်းတလျှောက် အကြာဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။ အုပ်စုပွဲစဥ်တွေအပြီးမှာ ပထမနဲ့ ဒုတိယရတဲ့ အသင်းတွေသာမကဘဲ အကောင်းဆုံး တတိယ ၈ သင်းပါ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဥ်တွေအပြီး  အရင်လို ၁၆ အသင်း ရှုံးထွက်အဆင့် တိုက်ရိုက်မသွားဘဲ ၃၂ သင်း ရှုံးထွက် အဆင့်ကို အရင်ယှဥ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီလို တဆင့် တိုးမြှင့်လိုက်တာကြောင့် ဗိုလ်လုပွဲ တက်ရောက်နိုင်တဲ့ ၂ သင်းဟာ အရင်လို ပြိုင်ပွဲ အစအဆုံး ၇ ပွဲသာ မဟုတ်ဘဲ ၈ ပွဲ ကန်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဟာ ၃၉ ရက် ကြာမြင့်သွားမှာဖြစ်ပြီး သမိုင်းတလျှောက် အရှည်ကြာဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲတခုအဖြစ်လည်း မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံး ၃ နိုင်ငံ ပူးတွဲ အိမ်ရှင်ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလား သမိုင်းတလျှောက် တောင်ကိုရီးယားနဲ့ ဂျပန် ပူးတွဲ အိမ်ရှင်အဖြစ် ၂၀၀၂ ခုနှစ်က ကျင်းပခဲ့ဖူးပေမဲ့ ဒီနှစ်ကတော့ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို တို့ပူးပေါင်းပြီး ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ပထမဆုံးကျင်းပတာ ဖြစ်ပါတယ်။ ပွဲစဥ်တွေကို ၃ နိုင်ငံလုံးမှာ အချိုးကျ ခွဲဝေကျင်းပမှာဖြစ်ပြီး အုပ်စုအဆင့်နဲ့ အစောပိုင်း ရှုံးထွက်အဆင့် ပွဲစဥ်တွေကို ၃ နိုင်ငံလုံးမှာ မျှကျင်းပမှာ ဖြစ်ပါတယ်။ ကွာတာဖိုင်နယ်အဆင့်က စပြီး ဗိုလ်လုပွဲအထိ အမေရိကန်မှာပဲ အပြီးသတ်ကျင်းပမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို နယူးဂျာစီ ပြည်နယ်ရှိ၊ နယူးယောက်နဲ့ ၅ မိုင်အကွာမှာ ရှိတဲ့ မက်တ်လိုင်းဖ် အားကစားကွင်းထဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဖွင့်ပွဲကိုတော့ မက္ကဆီကိုမှာ စတင်မှာဖြစ်ပြီး မက္ကဆီကိုနိုင်ငံရဲ့ နာမည်ကြီး အက်စတာဒီယို အက်စတီကာကွင်းကြီးဟာ သမိုင်းတလျှောက် ကမ္ဘာ့ဖလားဖွင့်ပွဲကို (၁၉၇၀၊ ၁၉၈၆၊ ၂၀၂၆) ၃ ကြိမ်မြောက် လက်ခံကျင်းပရတဲ့ ပထမဆုံးကွင်းကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အကွာအဝေး၊ အချိန်ဇုန်၊ ရာသီဥတု၊ ဗီဇာ

၃ နိုင်ငံ ပူးတွဲကျင်းပတာက ပွဲကြီးပွဲကောင်း ဖြစ်ပေမဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက်တော့ သွားလာရေးနဲ့ ပြင်ဆင်မှုပိုင်းဆိုင်ရာ ခေါင်းခဲစရာ စိန်ခေါ်မှုကြီးတွေ ရှိနေပါတယ်။ ပထမဆုံးအနေနဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ကနေ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့အထိ မိုင်ပေါင်း ၃,၄၀၀ ကျော် အကွာအဝေးရှိလို အဆမတန် ဝေးလံတဲ့ လေယာဉ်ခရီးစဉ်တွေကြောင့် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် အချိန်ဇုန် ကွာခြားမှုတွေနဲ့ မက္ကဆီကိုရဲ့ ပူပြင်းတဲ့ ရာသီဥတုကနေ ကနေဒါရဲ့ အေးမြတဲ့ရာသီဥတုအထိ ကစားသမားတွေ ခန္ဓာကိုယ် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရမဲ့ လမ်းကြောင်း စိန်ခေါ်မှုတွေလည်း ရှိနေပြန်ပါတယ်။

ပရိသတ်တွေအတွက်လည်း နိုင်ငံ ၃ နိုင်ငံလုံးရဲ့ လူဝင်မှုကြီးကြပ်ရေး နယ်စပ်ဖြတ်ကျော်မှုတွေအပြင်၊ ဖုန်းလိုင်း အခက်အခဲအတွက် eSIM တွေ ကြိုတင်ပြင်ဆင်ရမဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဖီဖာ ဘက်ကတော့ ဒီခရီးဝေးပြဿနာကို ဖြေရှင်းဖို့ ပြိုင်ပွဲကို ဒေသကြီး ၃ ခု (အနောက်၊ အလယ်၊ အရှေ့) ခွဲပြီး အုပ်စုပွဲတွေကို ဒေသတခုတည်းမှာပဲ အပြီးဆော့ခိုင်းဖို့ စီစဉ်ထားပေမဲ့၊ သွားရလာရမဲ့ လမ်းကြောင်းပိုင်းကတော့ သမိုင်းမှာ အရှုပ်ထွေးဆုံး ဖြစ်လာနိုင်ပါတယ်။

နည်းပညာသစ်များနှင့် ကွင်းတွင်းစည်းမျဉ်းသစ်များ

ဒီတခေါက် ကမ္ဘာ့ဖလားမှာ အသစ်အနေနဲ့ ထပ်မံပါဝင်လာတာတွေကတော့ ကွင်းတွင်းစည်းမျဉ်းသစ်တွေပဲ ဖြစ်ပါတယ်။ လက်ပစ်ဘောနဲ့ ဂိုးလွန်ဘောတွေမှာ တမင်အချိန်ဆွဲနေတယ်လို့ ဒိုင်က ယူဆရင် (၅ စက္ကန့်ပြည့် countdown စနစ်သုံးမှာဖြစ်ပြီး) လက်ပစ်ဘော အချိန်ဆွဲပါက ပြိုင်ဘက်အသင်းက လက်ပစ်ဘော ပြန်လည်ရရှိသွားမှာ ဖြစ်သလို၊ ဂိုးလွန်ဘော အချိန်ဆွဲပါက ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘော ပေးကန်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူစားလဲခံရသူဟာ ကွင်းပြင်ကို ၁၀ စက္ကန့်အတွင်း ထွက်ရမှာဖြစ်ပြီး၊ ၁၀ စက္ကန့်ကျော်သွားခဲ့ရင် လူစားဝင်မယ့်သူဟာ ကွင်းထဲဝင်ဖို့ ပွဲပြန်စပြီးနောက် ၁ မိနစ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ ဒဏ်ရာရဟန်ဆောင်ကာ အချိန်ဆွဲတာကို တားဆီးဖို့ ကစားသမားတယောက်ဟာ ကွင်းတွင်း ဆေးကုသမှုခံယူပြီး ပွဲပြန်စပြီးနောက် ကွင်းပြင်မှာ အနည်းဆုံး ၁ မိနစ် စောင့်ဆိုင်းရမဲ့ အပြင်၊ ဂိုးသမားဒဏ်ရာရချိန်မှာ ကျန်ကစားသမားတွေ ကွင်းဘေးကို သွားရောက်ကာ နည်းပြတွေနဲ့ နည်းဗျူဟာ အကြံဉာဏ်ယူတာကိုလည်း ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။

ပြစ်ဒဏ်ဘော ကန်တင်ချိန် ဒါမှမဟုတ် ထောင့်ကန်ဘောမကန်မီ အချင်းချင်း ပြစ်ဒဏ်ကျူးလွန်ပါက VAR မှ ဝင်ရောက်စွက်ဖက်ခွင့် ရှိလာပြီး၊ အဝါကတ်အမှားတွေ၊ လူမှားပြစ်ဒဏ်ပေးမှုတွေနဲ့ ထောင့်ကန်ဘော ဆုံးဖြတ်ချက် မှားယွင်းမှုတွေကိုပါ VAR က ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့် ရှိလာပါတယ်။ ဒါ့အပြင် ဒိုင်လူကြီးနဲ့ စကားပြောချိန် ဒါမှမဟုတ် ကစားသမားအချင်းချင်း အငြင်းပွားချိန်တွေမှာ ပါးစပ်အုပ်ပါက အနီကတ်ပြခံရမှာပါ။ အသင်းလိုက် ကွင်းပြင်ပထွက်ပြီး ဆန္ဒပြတာကိုလည်း ပိတ်ပင်ထားပြီး၊ ပွဲဖျက်ကာ ကွင်းပြင်ပထွက်တဲ့ အသင်းက အလိုအလျောက် ရှုံးနိမ့်မှုအဖြစ် သတ်မှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ရာသီဥတုပူပြင်းတာကြောင့် ပထမပိုင်းနဲ့ ဒုတိယပိုင်း တဝက်စီလောက်မှာ မဖြစ်မနေ ရေသောက်နားချိန် (Hydration break) ၃ မိနစ်လောက် ပေးသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား သမိုင်းတလျှောက် ပထမဆုံး ကျင်းပမဲ့  Halftime Show

ဗိုလ်လုပွဲမှာလည်း ထူးထူးခြားခြား အစီအစဉ်အနေနဲ့ မက်တ်လိုင်းဖ် အားကစားကွင်းထဲမှာ ၁၁ မိနစ်ကနေ ၁၅ မိနစ်အထိ ကြာမဲ့ စူပါဘိုး (Super Bowl) စတိုင် အနုပညာဖျော်ဖြေပွဲကြီးကို သမိုင်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကြီးကို ကမ္ဘာကျော်စူပါစတားတွေဖြစ်တဲ့ ရှာကီရာ၊ မက်ဒေါနားနဲ့ BTS တိုက Coldplay အဖွဲ့က ခရစ်စ်မာတင်နဲ့အတူ ပူးပေါင်းဖျော်ဖြေသွားမှာဖြစ်ပြီး၊ စင်ပြင်တာတွေပါ လုပ်ရမှာဖြစ်လို ပုံမှန် ၁၅ မိနစ် ရေသောက်နားချိန်ထက် ပိုကြာသွားမှာဖြစ်လို့ ဘောလုံးပွဲတွေရဲ့ ရိုးရာကို အတော်လေး ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။ အခုလို ဆန်းသစ်လိုက်တာဟာ ကမ္ဘာတဝန်းက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ဘောလုံးအခွင့်အလမ်းတွေအတွက် ရန်ပုံငွေရှာဖွေပေးမဲ့ “FIFA Global Citizen Education Fund” ကို ကူညီပံ့ပိုးဖိုအတွက် ဖြစ်ပါတယ်။

အခုလို အသစ် အသစ်တွေ အများအပြားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဟာ အရင်နှစ်တွေကလို ပြိုင်ဆိုင်မှု ပြင်းထန်မလား၊ ရှေ့နှစ်တွေထက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပုံစံနဲ့ ဖျော်ဖြေနိုင်မလား ဆိုတာကတော့ မကြာမီ ရက်ပိုင်းအတွင်းမှာပဲ ဘောလုံးပရိသတ်တွေ ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။

Ref: DailyMail/ BBC/ Skysport/ BeinSports

ဆက်စပ်သတင်းများ

AI Curated