အမေရိကန်တွင် ခိုလှုံခွင့် လိမ်လည်လျှောက်ထားသူများနှင့် ရှေ့နေများကို အရေးယူမည်

အမေရိကန်တွင် ခိုလှုံခွင့် လိမ်လည်လျှောက်ထားသူများနှင့် ရှေ့နေများကို အရေးယူမည်

DVB
SourceDVB

AI Summary

အမေရိကန်အစိုးရ ခိုလှုံခွင့်လိမ်လျှောက်သူ၊ ကူညီရှေ့နေ အရေးယူမည်။ ယာယီဗီဇာဖြင့် အမေရိကန်ရောက်သူများ ပြည်တွင်းမှ Green Card လျှောက်ခွင့် ပိတ်ပင်။ ဤမူဝါဒများ မြန်မာနိုင်ငံသား နေထိုင်ခွင့်ရရန် ပိုခက်ခဲစေသည်။

Photo: Department of Homeland Security

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်ရဖို့ ခိုလှုံခွင့် (Asylum) လိမ်လည်လျှောက်ထားသူတွေနဲ့ အကူအညီပေးတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတွေကို အရေးယူဖို့ အမေရိကန်အစိုးရ၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS)၊ ဥပဒေအရာရှိချုပ် ဂျိမ်းစ်ပါစီဗလ်က အမေရိကန် လူဝင်မှုနဲ့ အကောက်ခွန်ကြီးကြပ်ရေး (ICE) တပ်ဖွဲ့ကို ဒေသစံတော်ချိန် မေ ၂၆ ရက်မှာ ဌာနတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး တရားရုံးတွေမှာ ခိုလှုံခွင့်လျှောက်လွှာတွေ မဟုတ်မမှန်တင်သွင်းတဲ့ ရှေ့နေတွေကို စုံစမ်းတွေ့ရှိခဲ့ရင် အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေတွေနဲ့အညီ အမြင့်ဆုံးငွေဒဏ် ဒေါ်လာသောင်းချီပြီး ဒဏ်ကြေးဆောင်ခိုင်းတာကနေ ရှေ့နေလိုင်စင် ပိတ်သိမ်းတာ၊ ထောင်ဒဏ်ချတာတွေအထိ အရေးယူဖို့ ညွှန်ကြားချက်မှာ ပါရှိတယ်လို့ CBS သတင်းဌာနက ဖော်ပြပါတယ်။

မေ ၂၂ ရက်ကလည်း အမေရိကန် လူဝင်မှုကြီးကြပ်ရေး USCIS က အမေရိကန်ပြည်ထောင်စုကို ယာယီဗီဇာနဲ့ ရောက်နေသူတွေ ပြည်တွင်းကနေ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားတဲ့စနစ်ကို ခြွင်းချက်တချို့ကလွဲပြီး လုံးဝပိတ်ပင်ကန့်သတ်ကြောင်း မူဝါဒလမ်းညွှန်ချက်အသစ် ထုတ်ပြန်ခဲ့ပါတယ်။

တပတ်အတွင်း ထွက်ပေါ်လာတဲ့ အမေရိကန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒဆိုင်ရာ ထုတ်ပြန်ချက် အသစ်တွေဟာ အမေရိကန်ရောက် မြန်မာတွေကို တိုက်ရိုက်ရည်ရွယ်တာ မဟုတ်ပေမဲ့ နေထိုင်ခွင့်ဆိုင်ရာ ခိုင်လုံမှုတခု မရသေးတဲ့ မြန်မာတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။

အစိုးရဆီက ခိုလှုံခွင့်ရပြီးမှ နောက်တဆင့်အနေနဲ့ အမြဲတမ်းနေထိုင်ခွင့် (Green Card) ကို လျှောက်ခွင့်ရှိတာ ဖြစ်တဲ့အတွက် နေထိုင်ရေး ခိုင်လုံမှုတခုရဖို့ တင်းကျပ်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ရှေ့နေတွေကို ပစ်မှတ်ထားတယ်၊ ဥပဒေကြောင်းအရ ကူညီမှုတွေကိုလည်း ခြိမ်းခြောက်လာရာ ကျတယ်၊ Big Law pro bono ဆိုတာ။ အဲဒါနဲ့ အထွေထွေလူဝင်မှုကြီးကြပ်ရေး ရှေ့နေတွေကို ပစ်မှတ်ထားဖို့ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ မတ်လ သမ္မတအမိန့်အပေါ်မှာ ထပ်ဆင့်ပြီးတော့မှ အရှိန်မြှင့်တင်လိုက်တဲ့သဘော ဖြစ်တယ်။ မြန်မာခိုလှုံခွင့်ရှာဖွေတဲ့သူတွေ ဥပဒေရေးရာ အကူအညီတွေ ရရှိဖို့ ပိုပြီးတော့ ခက်ခဲသွားနိုင်တယ်။ နောက်တခါ ရှေ့နေတွေရဲ့ လိုင်စင်တွေကိုလည်း ပိတ်သိမ်းမယ် ဆိုတာမျိုးတွေ ပါတယ်ပေါ့နော်။ မြန်မာနိုင်ငံသားတွေရဲ့ အမှုတွေကို လက်ခံဖို့ တချို့ရှေ့နေတွေက ငြင်းဆန်လာတာမျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်။ ကျန်ရှိနေတဲ့ နောက်ဆုံး ဥပဒေကြောင်းအရ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကို ပိတ်ဆို့လိုက်သလိုမျိုး ဖြစ်စေတယ်။ ပြည်ဝင်ခွင့်ပိတ်ပင်ထားတယ်၊ Travel Ban တွေ၊ ယာယီကာကွယ်ခွင့်ပေးထားတဲ့ TPS သက်တမ်းကုန်ဆုံးတဲ့ အခြေအနေတွေနဲ့ တိုက်ရိုက် ထပ်တူကျနေတဲ့ အတွက်ကြောင့် ဂရင်းကတ်ရရှိဖို့ လမ်းကြောင်းကလည်း အင်မတန်မှ ခက်ခဲ ကျဉ်းမြောင်းသွားစေတယ်ပေါ့နော်” လို့ ပြောပါတယ်။

မေ ၂၂ ရက် အမေရိကန် လူဝင်မှုကြီးကြပ်ရေး USCIS ရဲ့ မူဝါဒအသစ်အရ ယာယီဗီဇာနဲ့ ရောက်နေတဲ့ ဂရင်းကတ် လျှောက်ထားလိုသူတွေဟာ မိခင်နိုင်ငံကို ပြန်သွားပြီး သက်ဆိုင်ရာ သံရုံးကနေ သတ်မှတ်ချက်တွေအတိုင်း စနစ်တကျ ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။

မေ ၂၅ ရက်မှာ ခြွင်းချက် ၂ ခုကို USCIS က ထပ်မံအသိပေးခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ပေးနိုင်သူနဲ့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကို အထောက်အကူ ပြုနိုင်သူတွေကိုတော့ စိစစ်ပြီး Green Card လျှောက်ထားခွင့် ပေးမယ်လို့ ဆိုပါတယ်။

ဒီမူဝါဒတွေ ထွက်ပေါ်လာတာဟာ နိုင်ငံတကာက သိန်းနဲ့ချီတဲ့လူတွေဟာ အမေရိကန်ပြည်ထောင်စုကို ယာယီ ဒါမှမဟုတ် အလည်အပတ်ဗီဇာနဲ့ လာရောက်ပြီး မိခင်နိုင်ငံကို မပြန်ဘဲ လိမ်လည်ပြီး ခိုလှုံခွင့် လျှောက်ထားတဲ့ စျေးကွက်ဟာ အဆမတန် ကြီးမားလာတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

Chin Community of U.S.A, Inc.,(D.C Area) ဥက္ကဋ္ဌ ဒေါင်ခုပ်က “ကျနော်တို့ မြန်မာလူမျိုးတွေ အတွက်ကတော့ အမှန်အကန်ပေါ့နော်။ ကိုယ့်နိုင်ငံက တကယ့်ကို စုတ်ခြာ ပျက်စီးပြီးတော့မှ တကယ့်ကို ပြဿနာဖြစ်တဲ့နိုင်ငံ ဖြစ်တယ်။ ကျနော့်နိုင်ငံကျတော့ ယုတ္တိရှိတာပေါ့နော်။ ဒါပေမဲ့ တချို့နိုင်ငံကျရင်တော့ သူ့နိုင်ငံကလည်း ဟုတ်တိပတ်တိ ဘာမှမဖြစ်ဘဲနဲ့ လိမ်တာတွေ တအားများတယ်လေ။ အခုအချိန်အထိတော့ ကျနော်ကြားသလောက်တော့ မြန်မာပြည်သား အများစု အတွက်ကတော့ အဲဒီလောက်ကြီး မထိခိုက်သေးဘူး။ ဒါပေမဲ့ Student Visa နဲ့ အလည်အပတ်နဲ့ လာတဲ့သူတွေ၊ ပြီးရင် လူဝင်မှုကြီးကြပ်ရေးကို ဒီကနေတဆင့် လျှောက်မဲ့သူတွေအတွက်ကကျရင်တော့ ပိုပြီး တဖြည်းဖြည်း ခက်ခဲလာတယ်။ လူဝင်မှုကြီးကြပ်ရေး ပြည်ဝင်ခွင့်ဗီဇာ လျှောက်တဲ့သူတွေက သူတို့ဥပဒေအသစ်အရ ကျနော်နားလည်သလောက်ဆိုရင် မြန်မာပြည်ကို သူတို့ပြန်သွားရမယ်၊ ပြန်သွားပြီးတော့မှ Imigrant Visa I 130 ကို မြန်မာပြည်ကနေ ခေါ်တဲ့ဟာမျိုးကိုပဲ သူက လက်ခံတော့မယ် ဆိုတဲ့ဟာမျိုး ကျနော် သဘောပေါက်တယ်ပေါ့နော်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့် TPS ကို ၂၀၂၆ ဇန်နဝါရီ ၂၆ ရက်မှာ ထရမ့်ပ်အစိုးရက ရပ်စဲခဲ့ပြီးနောက် ရှေ့နေတွေကို ဖိအားပေးတဲ့ အစိုးရရဲ့ ညွှန်ကြားချက်အသစ်ဟာ TPS နဲ့ နေထိုင်ခဲ့တဲ့ မြန်မာတွေအတွက် ဥပဒေရေးရာ အကာအကွယ်မဲ့တဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့တာပါ။

အရင်က ကားလိုင်စင်နဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးတာတွေမှာ ကာယကံရှင်ရဲ့ နိုင်ငံအတွင်း နေထိုင်တဲ့ အခြေအနေ သတ်မှတ်ချက် Status ကို ဌာနဆိုင်ရာတွေက စိစစ်တာမျိုး မရှိခဲ့ပေမဲ့ လတ်တလောမှာ စိစစ်တာတွေ ရှိလာသလို သက်တမ်းတိုးခတွေလည်း မြင့်တက်လာပါတယ်။

ဒီအချက်တွေဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဌာနဆိုင်ရာ အသီးသီးကနေ လေ့လာစောင့်ကြည့် မှတ်တမ်းယူတဲ့သဘောကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးရဲ့ မှတ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာ ယာယီခိုလှုံခွင့် TPS နဲ့ နေထိုင်တဲ့ မြန်မာ ၂,၃၀၀ ဝန်းကျင် ရှိနေတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ကို ရောက်နေပြီး ပြန်ဖို့ အခက်အခဲရှိတဲ့ ကျောင်းသားတွေ၊ အလုပ်ကိစ္စ ရောက်နေသူတွေနဲ့ အလည်အပတ် ရောက်နေသူတွေကို သမ္မတဟောင်း ဘိုင်ဒင်လက်ထက် အစိုးရက ၂၀၂၁ မေ ၂၅ ရက်မှာ ယာယီနေထိုင်ခွင့် TPS တွေ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အမေရိကန်တွင် ခိုလှုံခွင့် လိမ်လည်လျှောက်ထားသူများနှင့် ရှေ့နေများကို အရေးယူမည် | YGN Daily