
AI Summary
ဇွန်လ ၁၇ ရက်နေ့တွင် စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်၊ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ကျောက်တော်မြို့ကို လေကြောင်းမှ အနည်းဆုံး ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ညနေပိုင်း တစ်နာရီနီးပါးကြာမြင့်ခဲ့သော ထိုတိုက်ခိုက်မှုများတွင် ပိုက်သည်ရပ်ကွက်နှင့် ရွှေကျောင်းအနီးတစ်ဝိုက်ကို ပစ်မှတ်ထားခဲ့ပြီး လမ်းမတော်ဘက်ခြမ်းတွင်လည်း လက်နက်ကြီးကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကျောက်တော်မြို့မှ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သော်လည်း လမ်းမတော်ဘက်ခြမ်းတွင် မီးခိုးများ မြင်တွေ့ရသည်။ ဇွန်လ ၁၅ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချခဲ့ရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သည် ရခိုင်ပြည်နယ်အတွင်း အရပ်သားများနေထိုင်ရာ မြို့ရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဈေးများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်အာဏာရှင်တပ်က ဇွန် ၁၇ ရက်မှာ လေကြောင်းကနေ ၉ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ညနေ ၂ နာရီကျော်ကနေ ၃ နာရီကျော်အထိ တနာရီနီးပါး ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲချခဲ့တာလို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်ဒေသခံတယောက်က “ဂျက်ဖိုက်တာ ၃ ၊ ၄ စီးလောက်နဲ့ ကြဲနေတာပါ။ ပိုက်သည် ရပ်ကွက် india ဈေးနားရယ်၊ ရွှေကျောင်းနားရယ်၊ ရွှေကျောင်းက အရင်ကလည်း ဗုံးကြဲချဖူးပါတယ်။ ပြီးရင် ကျောက်တော် တဖက်ကမ်း လမ်းမတော်ဘက်ခြမ်းမှာလည်း လက်နက်ကြီးကျတယ်လို့ ကြားပါတယ်။ ထိခိုက်မှုအသေးစိတ်တော့ မကြားရသေးပါဘူး။ ဒါပေမဲ့ လမ်းမတော်ဘက်ခြမ်းမှာတော့ မီးခိုးတွေကို မြင်ရပါတယ်”လို့ ပြောပါတယ်။
ကျောက်တော်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေတွေကို DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အလားတူပဲ ဇွန် ၁၅ ရက်ကလည်း ဂွမြို့နယ် ကျိန္တလီမြို့ ရမ္မာကျွန်းကျေးရွာကို ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် နေရာမှာတင်သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်မှာ စစ်အာဏာရှင်တပ်တွေဟာ အရပ်သားတွေ နေထိုင်တဲ့ မြို့ ရွာ၊ ဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဈေးတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။