
AI Summary
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဗျူဟာ ၂၂ မှ ဗျူဟာမှူး စောဂျိမ်းသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့သည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်အတွင်းရှိ ချောင်းဂွရွာကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၎င်းတွင် ခေါင်းနှင့် ရင်ဘတ်၌ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် ဗျူဟာမှူး စောဂျိမ်းအပြင် ဒေသခံပြည်သူတစ်ဦးလည်း သေဆုံးခဲ့ရသည်။ တော်လှန်ရေးရဲဘော်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းသည် တော်လှန်ရေးအင်အားစုများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ၎င်း၏နာရေးကို ဇွန်လ ၁၀ ရက်နေ့တွင် ဗျူဟာ ၂၂ နယ်မြေအတွင်း၌ ပြုလုပ်ခဲ့သည်။ စောဂျိမ်းသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှစ၍ ပဲခူးတိုင်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"ကျနော်နဲ့အတူ တိုက်ပွဲတွေဖော်ဆောင်ခဲ့ပြီး ညီအစ်ကိုလိုနေခဲ့ ရဲဘော်တယောက် ဆုံးရှုံးသွားလို့ ယူကြုံးမရဖြစ်မိတယ်။ နှမျောလည်းနှမျောမိတယ်။ ကိုစောဂျိမ်း အပါအဝင် ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် စစ်တပ်ကိုအမြတ်ပြတ်အောင် ပိုကြိုးစားပြီး တိုက်ပွဲဝင်သွားမှာပါ"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ဗျူဟာမှူး စောဂျိမ်းဟာ လေယာဥ်ဗုံးစထိမှန်ဒဏ်ရာကြောင့် ဆေးကုသနေရင်း ဇွန် ၉ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပြီးခဲ့တဲ့ မေ ၂၇ တုန်းက အုတ်ဖိုမြို့နယ်ထဲမှာရှိတဲ့ ချောင်းဂွရွာကို စစ်တပ်ဘက်က ဖိုက်တာတွေ၊ ပါရာမော်တာတွေနဲ့ အပြင်းအထန်ဗုံးကြဲတဲ့အချိန်မှာ ကိုစောဂျိမ်း အပါအဝင် ပြည်သူ အမျိုးသား ၁ ယောက်လည်း ထိတယ်။ သူကတော့ နောက်နေ့မှာဆုံးသွားတယ်။ ကိုစောဂျိမ်းကတော့ ခေါင်းနဲ့ ရင်ဘတ်တွေမှာ ဗုံးစမှန်တဲ့ဒဏ်ရာတွေအပြင်းအထန်ရခဲ့လို့ ဆေးကုနေရင်းနဲ့ အခုလ ၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဆုံးသွားတယ်။ ကျနော်နဲ့အတူ တိုက်ပွဲတွေဖော်ဆောင်ခဲ့ပြီး ညီအစ်ကိုလိုနေခဲ့ ရဲဘော်တယောက် ဆုံးရှုံးသွားလို့ ယူကြုံးမရဖြစ်မိတယ်။ နှမျောလည်းနှမျောမိတယ်။ ကိုစောဂျိမ်း အပါအဝင် ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် စစ်တပ်ကိုအမြတ်ပြတ်အောင် ပိုကြိုးစားပြီး တိုက်ပွဲဝင်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။
ကျဆုံးသွားတဲ့ ဗျူဟာမှူး စောဂျိမ်းရဲ့နာရေးကို ဗျူဟာ ၂၂ စိုးမိုးနယ်မြေအတွင်းမှာပဲ ဇွန် ၁၀ ရက်က သင်္ဂြိုဟ်လိုက်ပါတယ်။
နီးစပ်သူတယောက် “အစ်ကို (စောဂျိမ်း)က အာဏာသိမ်းပြီးနောက်ပိုင်းရှောင်နေရင်း စစ်ကိုင်းဘက်မှာ Local အနေနဲ့ တော်လှန်ရေးတွေလုပ်ခဲ့တယ်။ ၂၀၂၄ နှစ်စပိုင်းလောက်မှာမှ ဒီဘက်ကိုပြန်လာပြီး NUG-MOD အောက်ကနေ တော်လှန်ရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင်ရွက်နေခဲ့တာပါ။ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့အမျိုးသမီးကလည်း တော်လှန်ရေး ရဲဘော်တယောက်ပါပဲ” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဌာနလက်အောက်မှာရှိတဲ့ ဗျူဟာ ၂၂ ဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။