မင်းတပ်တွင် စစ်တပ်က တရက်တည်း ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်
politics||3 MIN READ

မင်းတပ်တွင် စစ်တပ်က တရက်တည်း ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်

DVB
SourceDVB

AI Summary

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်အာဏာရှင်တပ်ဘက်က ဇွန်လ ၈ ရက်နေ့တွင် ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့သည်။ မင်းတပ်အရှေ့ခြမ်းရှိ မြေပြင်တိုက်ပွဲများတွင် စစ်တပ်ဘက်က အထိနာနေ၍ လေကြောင်းမှ ဗုံးများ အဆမတန် ကြဲချနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၈ ရက်နေ့ တိုက်ခိုက်မှုတွင် ပြည်သူထိခိုက်မှုနှင့် ပြည်သူပိုင်အဆောက်အုံများ ပျက်စီးမှု မရှိသေးကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသော်လည်း ဇွန်လ ၇ ရက်နေ့က ပေါင် ၅၀၀ ဗုံး ၂ လုံး ချခဲ့ရာ ပြည်သူပိုင်နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ အင်အား ၂,၀၀၀ နီးပါးပါဝင်သော စစ်ကြောင်းသည် ကန်ပက်လက်၊ မင်းတပ်၊ ဆော၊ ကျောက်ထုမြို့နယ်များတွင် စစ်ကြောင်းထိုးနေပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေသည်။ နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိနေပြီး ဒေသခံများနှင့် စစ်ရှောင်ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

Photo: HKL Mindut

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စစ်အာဏာရှင်တပ်ဘက်က ဇွန် ၈ ရက် မနက်ပိုင်းမှာ ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းတပ်ဒေသခံတယောက်က “မနက် ၁၀ နာရီခွဲလောက်ကနေ ၁၁ နာရီကျော်အထိ မင်းတပ်မြို့ရဲ့ အရှေ့ခြမ်းကို စစ်တပ်ဘက်က ဂျက်ဖိုက်တာတွေ၊ Y12 တွေ အသုံးပြုပြီး ဗုံးအလုံး ၄၀ ကျော် ကြဲချသွားတာပါ” လို့ ပြောပါတယ်။

စစ်တပ်က မင်းတပ်မြို့ရဲ့ အရှေ့ခြမ်းနေရာတွေကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၆ လုံး ကြဲချခဲ့ပြီး Y12 ဗုံးကြဲလေယာဥ်နဲ့လည်း ဗုံးအလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဆလိုင်းယောမောင်က “မင်းတပ်အရှေ့ခြမ်းမှာ စစ်တပ်နဲ့ဖြစ်နေတဲ့ မြေပြင်တိုက်ပွဲမှာ သူတို့ဘက်က အထိနာလို့ လေကြောင်းကနေ ဗုံးတွေ အဆမတန် ကြဲချနေတာ ဖြစ်ပါတယ်။ ပြည်သူထိခိုက်တာနဲ့ ပြည်သူ​ပိုင်အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာ မရှိပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။

စစ်တပ်ဟာ ဇွန် ၇ ရက် မနက် ၁ နာရီ ဝန်းကျင်ကလည်း နေပြည်တော်လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ချသွားခဲ့တာကြောင့်လည်း ပြည်သူထိခိုက်မှု မရှိပေမဲ့ ပြည်သူပိုင်နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို ပြည်သူပိုင်လမ်းတွေလည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အင်အား ၂,၀၀၀ နီးပါး ပါဝင်တဲ့ စစ်တပ်စစ်ကြောင်းဟာ ကန်ပက်လက်၊ မင်းတပ်၊ ဆော၊ ကျောက်ထုမြို့နယ်တွေ အတွင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ကျဆုံး ရှိနေသလို စစ်တပ်စစ်ကြောင်းဘက်ကလည်း ထိခိုက်သေဆုံးသူ အများအပြားနဲ့ အထိနာနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်လက်အောက်ခံ မြေပြင်စစ်ကြောင်းတွေ အထိနာနေတဲ့ မင်းတပ်မြို့နယ်ထဲကို စစ်တပ်ဘက်က ဇွန် ၂ ရက်ကနေ ၈ ရက်အထိ လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ် အပြင်းအထန် ပြုလုပ်နေပါတယ်။

ဒါ့ကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ အနေနဲ့ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated