ရွှေကူတွင် ဒေသခံသောင်းနှင့်ချီ ပိတ်မိ၊ ကုန်စည်ပြတ်လပ် ဈေးတက်
society||6 MIN READ

ရွှေကူတွင် ဒေသခံသောင်းနှင့်ချီ ပိတ်မိ၊ ကုန်စည်ပြတ်လပ် ဈေးတက်

DVB
SourceDVB

AI Summary

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ပိတ်မိနေပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်း အဆမတန် မြင့်တက်နေသည်။ ရွှေကူ-ငါးအိုး-မဘိမ်း လမ်းပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့်ဖြစ်သည်။ KIA က ရွှေကူမြို့တွင်း တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် ဒေသခံများ စစ်ဘေးရှောင်ရန် ထုတ်ပြန်ခဲ့သော်လည်း စစ်အာဏာရှင်တပ်က လမ်းများပိတ်ဆို့ထား၍ မြို့ခံများ ထွက်ခွာရန် အခက်အခဲ ဖြစ်နေသည်။ မြို့ပေါ်ရှိ ဈေးဆိုင်များ ပိတ်ထားသဖြင့် အခြေခံစားသောက်ကုန် ဝယ်ယူရန် ခက်ခဲနေပြီး ဇွန်လ ၁၀ ရက်နေ့တွင် မြို့အဝင်အထွက်ဂိတ်များမှ ဖြတ်သန်းခွင့်မပေး၍ ပိတ်မိနေသူများစွာ ရှိသည်။ ဇွန်လ ၉ ရက်နေ့ညမှစ၍ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသောကြောင့် မြို့ပေါ်တွင် ကျန်ရှိနေသူများ စိုးရိမ်ပူပန်နေကြသည်။ ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့မှုကြောင့် ကုန်စည်များ ဈေးကြီးမြင့်နေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကာ ဒေသခံများ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

Photo: ရွှေကူမြို့ခံများစုဝေးရာ

စစ်ရေးတင်းမာနေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ပိတ်မိနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်နေပြီး စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်တွေ ဝယ်ယူရခက်ခဲနေကာ ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ ဒီမြို့က စစ်ဘေးရှောင်တချို့က ပြောပါတယ်။

ရွှေကူမြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ကို ဆက်သွယ်ထားတဲ့ ရွှေကူ-ငါးအိုး-မဘိမ်း လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

မဘိမ်းမြို့ဟာ အပစ်ရပ်ဖို့အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်အာဏာရှင်တပ်ထံ ပြန်ပေးထားတဲ့မြို့ဖြစ်ပါတယ်။

KIA ဘက်ကလည်း စစ်အာဏာရှင်တပ် ထိန်းချုပ်ထားတဲ့ ရွှေကူမြို့အတွင်း တိုက်ပွဲတွေ မကြာခင် ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ကြဖို့ ပြီးခဲ့တဲ့ ၂ ရက်က ထုတ်ပြန်ခဲ့ပြီး ရွှေကူ-ငါးအိုး လမ်းပိုင်းကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားကာ ဒေသခံတွေအနေနဲ့ တခြားလမ်းပိုင်းက သွားလာကြဖို့ အသိပေးထားတာပါ။

ရွှေကူမြို့ကို စွန့်ခွာဖို့ KIA က ထုတ်ပြန်ထားပေမဲ့ မြို့ပေါ်မှာ ဒေသခံအများအပြား ကျန်ရှိနေသေးပြီး စစ်အာဏာရှင်တပ်ဘက်ကလည်း ကားလမ်းတွေကို ပိတ်ထားတာကြောင့် စစ်ဘေးရှောင်တွေ သွားလာရေး အခက်တွေ့နေသလို ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ရွှေကူမြို့ပေါ်က ဈေးတွေ ဆိုင်ခန်းတွေလည်း အားလုံးနီးပါး ပိတ်ထားတာကြောင့် မြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံတွေဟာ အခြေခံစားသောက်ကုန်တွေ ဝယ်ယူဖို့ ခက်ခဲနေကြတာပါ။

ဇွန် ၁၀ ရက် ဒီနေ့မနက်ပိုင်းကလည်း ရွှေကူမြို့ပေါ်က စွန့်ခွာဖို့ ကြိုးစားလာတဲ့ ဒေသခံတွေကို စစ်အာဏာရှင်တပ် အာဏာပိုင်တွေက မြို့အဝင်အထွက်ဂိတ်တွေကနေ ဖြတ်သန်းခွင့် မပေးတာကြောင့် မြို့ပေါ်မှာ ပိတ်မိနေသူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ရွှေကူမြို့ပေါ်က စစ်ဘေးရှောင်တွေကို ကူညီနေသူတယောက်က “ကားတွေ၊ ဆိုင်ကယ်တွေ အလုံအလောက် ရှိတဲ့သူတွေကတော့ အေးဆေးပဲ၊ ရှောင်ထွက်သွားကြပြီ။ အခုက လမ်းတွေပိတ်လိုက်ပြီလို့လည်း ကြားတယ်။ မနက်ကလည်း ဆိုင်ကယ်တအုပ်ကို မြို့အထွက်က အဖွဲ့စုံစစ်ဆေးရေးဂိတ်က ပေးမဖြတ်ဘူး။ သူတို့ထိန်းချုပ်ထားတယ်။ ဘယ်မှမသွားကြနဲ့ဆိုပြီး ပြန်လွှတ်တယ်။ အခုက သွားလို့လာလို့လည်း မရတော့တဲ့အပြင် စားဝတ်နေရေး၊ အခက်အခဲတွေလည်း ရှိတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့ ဒေသခံတွေ ပိုပြီးခက်ခဲတာပေါ့။ ဈေးတွေပိတ်၊ အလုပ်တွေပိတ်နဲ့ ဈေးလာရောင်းတဲ့သူတွေလည်း မရှိတော့ဘူး။ ပိုက်ဆံ ဘယ်လောက်ပေးပေး ဝယ်မရတော့ဘူး” လို့ ပြောပါတယ်။

မနေ့ ဇွန် ၉ ရက် ညပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ရွှေကူမြို့ပေါ်ကနေ ကြားနေရတာကြောင့် မြို့မှာ ဆက်လက်ခိုလှုံနေရတဲ့ ဒေသခံတွေ စိုးရိမ်နေပါတယ်။

ရွှေကူဒေသခံတယောက်က “လောလောဆယ်တော့ အခြေအနေ စောင့်ကြည့်နေတာပေါ့။ ဖြစ်လာရင်တော့ အကုန်ထွက်ရမှာပဲလေ။ အရေးပေါ် တန်ဖိုးကြီးပစ္စည်းတွေ တခါတည်း သိမ်းထားပြီး ရွှေ့ပြောင်းလို့ရအောင် ကြိုတင်တော့ ပြင်ဆင်ထားတယ်။ မြို့ပေါ်ထိ တိုက်ပွဲတွေ ဖြစ်လာရင်တော့ အကုန်ပြေးရမှာပဲပေါ့” လို့ ပြောပါတယ်။

ရွှေကူမြို့ဟာ ကချင်ပြည်နယ်တောင်ပိုင်း ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပြီး ကုန်းလမ်း၊ ရေလမ်း ဆုံရာမြို့ဖြစ်ကာ မြစ်ကြီးနား၊ ဗန်းမော်မြို့တွေအပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ကို ဆက်သွယ်ပေးထားတဲ့ ဆိပ်ကမ်းမြို့လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း တိုက်ပွဲတွေကြောင့် ရွှေကူမြို့နယ်တောင်ပိုင်းနဲ့ မြစ်ကမ်းဘေး ကျေးရွာတွေက ဒေသခံ သောင်းနဲ့ချီပြီး မြို့ပေါ် စစ်ဘေးရှောင်လာကာ ရွှေကူမြို့ပေါ်နဲ့ အနီးတဝိုက် ဒေသတွေ၊ တောတောင်တွေမှာ စစ်ဘေးရှောင်စခန်းအများအပြား ဖွင့်လှစ်ထားရပါတယ်။

နောက်ထပ် ရွှေကူဒေသခံတယောက်က “မြစ်ကြောင်းလည်း သွားလာလို့ မရဘူး။ ကုန်းလမ်းကလည်း တိုက်ပွဲဖြစ်လိုက် ပိတ်လိုက်၊ ခဏ ပြန်ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ဆိုတော့ ကုန်စည်တွေက ဈေးမတရားကြီးတယ်။ စက်သုံးဆီကတော့ မနည်းလိုက်ရှာ ဝယ်ရတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းကလည်း မရဆိုတော့ မြို့ပေါ်က တော်တော်ခက်ခဲနေတာ၊ အခုလည်း ဘယ်လိုလာဦးမလဲ မသိဘူး” လို့  ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ မြစ်ကြီးနား၊ ဗန်းမော်မြို့တွေကို ရိက္ခာနဲ့ စစ်ကူပို့ဖို့အတွက် ဧရာဝတီမြစ်ကြောင်းကို အဓိက အားကိုးနေရပြီး ရွှေကူမြို့အနီး မြစ်ကြောင်းတလျှောက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်ရေယာဉ်အုပ်စုတွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

ဒါ့အပြင် KIA နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေဟာ ရွှေကူမြို့နယ်ထဲမှာ အင်အားကောင်းကောင်းနဲ့ လှုပ်ရှားနေပြီး စစ်အာဏာရှင်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ထားတာပါ။

စစ်အာဏာရှင်တပ်ကတော့ ရွှေကူမြို့ပေါ်နဲ့ ဗျူဟာကုန်းတချို့ကို အခြေစိုက်ထားကာ ကျေးလက်ဒေသက လမ်းပိုင်းကိုတော့ တော်လှန်ရေးတပ်တွေ စိုးမိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရွှေကူတွင် ဒေသခံသောင်းနှင့်ချီ ပိတ်မိ၊ ကုန်စည်ပြတ်လပ် ဈေးတက် | YGN Daily