ချင်းမိုင်တွင် လုပ်ပိုင်ခွင့်ကျော်လွန်ပြီး ရေခဲမုန့်လှည့်လည်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းခံရ
AI Summary
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ခွင့်ပြုထားသော လမ်းဘေးလှည့်လည်ဈေးရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဒေသခံများ၏ တိုင်ကြားချက်အရ အာဏာပိုင်များက ရှောင်တခင်စစ်ဆေးရာတွင် ဆိုင်ကယ်ဘေးတွဲဖြင့် ရေခဲမုန့်ရောင်းချနေသူကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဥပဒေအရ လမ်းဘေးဈေးရောင်းခြင်းသည် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသော အလုပ်အကိုင်စာရင်းတွင် ပါဝင်နေသည်။ ဖမ်းဆီးခံရသူမှာ နှစ်လခန့် လုပ်ကိုင်ခဲ့ပြီး တစ်ရက်လျှင် ဘတ် ၄၀၀ မှ ၅၀၀ ခန့် ဝင်ငွေရရှိကြောင်း ဝန်ခံခဲ့သည်။ လက်ရှိတွင် အဆိုပါမြန်မာနိုင်ငံသားကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဖန်ခရိုင်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော လမ်းဘေးလှည့်လည်ဈေးရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ (ဇွန်လ ၁၀ ရက်) နေ့က ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ ဝိန်း (Wiang) တိုက်နယ်အတွင်းသို့ ချင်းမိုင်ပြည်နယ် အလုပ်အကိုင်ခန့်ထားရေးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုနယ်မြေအတွင်း နိုင်ငံခြားသားလုပ်သားအချို့ တရားမဝင် ဈေးရောင်းချနေကြောင်း ဒေသခံများ၏ တိုင်ကြားချက်များရရှိပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မွမ်းမံပြင်ဆင်ထားသော ဆိုင်ကယ်ဘေးတွဲ (ဆလန်း) ဖြင့် ရေခဲမုန့်များ လှည့်လည်ရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသူ မြန်မာလုပ်သားက အဆိုပါဆိုင်ကယ်ဘေးတွဲကို အသုံးပြုကာ ရေခဲမုန့်လှည့်လည်ရောင်းချခဲ့သည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်းနှင့် တစ်ရက်လျှင် ပျမ်းမျှ ထိုင်းဘတ် ၄၀၀ မှ ၅၀၀ ခန့် ဝင်ငွေရရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့စွဲပါ “နိုင်ငံခြားသားများလုပ်ကိုင်ရန် တားမြစ်ထားသော အလုပ်အကိုင်များဆိုင်ရာ ကြေညာချက်” (စာရင်း ၁ – လုံးဝလုပ်ကိုင်ခွင့်မရှိသော အလုပ်အကိုင်များ၊ အပိုဒ် ၂၃) အရ လမ်းဘေးလှည့်လည်ဈေးရောင်းခြင်း (Hawking/Street Vending) လုပ်ငန်းသည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ကိုင်ရန် တားမြစ်ထားသည်?
လက်ရှိတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားအား ဥပဒေကြောင်းအရ တရားဝင် ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ဖန်ခရိုင်ရဲစခန်းရှိ စစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။
ကိုးကား – Chiang Mai Immigration